Tuesday, October 25, 2011

ကချင်ပြည်နယ်၌ တိုက်ပွဲ​ကြောင့်​ ဒုက္ခသည်များ​ ထပ်မံထွက်​ပြေး​နေ

အေး​နိုင်

အစိုး​ရတပ်​တွေနဲ့​ ​ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်) အကြား​ တိုက်ပွဲ​တွေကြောင့် စစ်​ပြေး​ဒုက္ခသည်​တွေ ​ထောင်ချီပြီး​ ထပ်မံထွက်​ပြေး​နေကြတယ်လို့​ ကယ်ဆယ်​ရေး​အဖွဲ့​က ​ပြောပါတယ်။

ကေအိုင်အို (ကချင်လွတ်လပ်​ရေး​အဖွဲ့​) လိုင်ဇာဌာနချုပ်ဘက်မှာ ​နောက်ထပ် တိုက်ပွဲ​တွေ​ကြောင့်​ ထွက်​ပြေး​လာတဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေဟာ မိုင်ဂျာယန်မှာ လူ ၆၀၀ ခန့်​၊​ လွယ်ဂျယ်မြို့​ မျက်နှာချင်း​ဆိုင်မှာ ၂,၀၀၀ ခန့်​ ​ရောက်ရှိခိုလှုံ​နေကြတယ်လို့​ ဒုက္ခသည်​တွေကို ကူညီ​ပေး​နေတဲ့​ ကယ်ဆယ်​ရေး​လုပ်သား​တွေက ​ပြောပါတယ်။

ထွက်​ပြေး​လာသူ အများ​စုဟာ က​လေး​တွေနဲ့​ အမျိုး​သမီး​တွေဖြစ်တယ်လို့​ ကယ်ဆယ်​ရေး​အဖွဲ့​ ​ပြောခွင့်​ရသူ မမိုင်ဂျာက ​ပြောပါတယ်။

“နံပါတ်တစ်များ​တာက က​လေး​တွေ၊​ လူအ​ယောက် ၁,၀၀၀ မှာ က​လေး​က ၆၀၀ ​ကျော်တယ်။ အမျိုး​သမီး​က ၂၀၀ ​လောက်။ အခုက အစား​အ​သောက်​တွေ အခက်အခဲ ဖြစ်လာတယ်။ မိုင်ဂျာယန်မှာက ၆၀၀ ​လောက်ပဲရှိပြီး​ တရုတ်ပြည်ဘက်မှာ​တော့​ အစိုး​ရအုပ်ချုပ်တဲ့​ မျက်နှာချင်း​ဆိုင်က ရွာ​တွေမှာ ရှိတယ်။ ၂,၀၀၀ ​ကျော်ရှိတယ်။ မနက်ဖြန် အဲဒီ ၂,၀၀၀ ​ကျော်ကို အစား​အ​သောက် ခွဲ​ဝေပို့​ဆောင်ဖို့​ အခက်အခဲရှိ​နေတယ်။”

ကချင်လို ‘ဝမ်​ပေါင် မင်း​ထွေး​’ ဗမာလို ‘လူထုအလင်း​’ လို့​ အမည်​ပေး​ထား​တဲ့​ ပူး​တွဲကယ်ဆယ်​ရေး​အဖွဲ့​မှာ ကချင်လူမှုဖွံ့​ဖြိုး​ရေး​အသင်း​၊​ ခရစ်ယာန်အသင်း​တော်နဲ့​ အမျိုး​သမီး​အဖွဲ့​အစည်း​တွေ ပူး​ပေါင်း​ပါဝင်ပါတယ်။

အဲဒီစာရင်း​ထဲမှာ မန်စီနယ်ထဲက တိုက်ပွဲ​တွေ​ကြောင့်​ ကူညီသူ​တွေရှိရာ နယ်စပ်ဘက်ကို မလာ​ရောက်နိုင်ဘဲ ​တောထဲမှာ ပုန်း​အောင်း​နေတဲ့​ စစ်​ပြေး​ဒုက္ခသည် ၁,၀၀၀ နီး​ပါး​ မပါ​သေး​ဘူး​လို့​ ဆိုပါတယ်။

လွန်ခဲ့​တဲ့​ ၃ လ​လောက်က ​ဒေသခံ​တွေဆီက အလှူလိုက်လံ​ကောက်ခံရရှိတဲ့​ အစာ​ရေစာ​တွေ ရှိ​ပေမယ့်​ ​နောက်ပိုင်း​မှာ ပြတ်လပ်လာပြီလို့​လည်း​ မမိုင်ဂျာက ​ပြောပါ တယ်။

တရုတ်အစိုး​ရကလည်း​ စစ်​ပြေး​ဒုက္ခသည်​တွေကို ရွာ​တွေဘက်မှာ ​နေထိုင်ခွင့်​ပေး​ထား​ပေမယ့်​ ထိုင်း​-မြန်မာနယ်စပ်မှာလို ဒုက္ခသည်စခန်း​အဖြစ် ဖွင့်​လှစ်ခွင့်​မပြု​သေး​ဘူး​လို့​လည်း​ ​ပြောပါတယ်။

ကေအိုင်အို(ကချင်လွတ်လပ်​ရေး​အဖွဲ့​) ဌာနချုပ်ရှိရာ လိုင်ဇာဘက်မှာ ကနဦး​ပိုင်း​က စစ်​ပြေး​ဒုက္ခသည် ၂၂,၀၀၀ ​ကျော် ရှိထား​ပြီး​ဖြစ်တာ​ကြောင့်​ အခုသူတို့​ဘက်က ဒုက္ခသည်​တွေပါ ​ပေါင်း​လိုက်ရင် ၃၀,၀၀၀ ဝန်း​ကျင်​လောက် ရှိပြီလို့​ မမိုင်ဂျာက ​ပြောပါတယ်။

တရုတ်အစိုး​ရက ​နေထိုင်ခွင့်​ပေး​ထား​တယ်ဆိုရုံသာ ​ပေး​ထား​ပြီး​ အကူအညီ​ပေး​တာ မရှိ​သေး​ဘူး​လို့​ ဆိုပါတယ်။ ခုထိ​တော့​ နိုင်ငံကာအကူအညီ​တွေ မရရှိ​သေး​ဘဲ အခက်အခဲကြုံ​နေတယ်လို့​ မမိုင်ဂျာက ​ပြောပါတယ်။

“နိုင်ငံတကာက ဘာမှကိုမလာတာ။ အမတို့​လည်း​ သုံး​လ အ​တောအတွင်း​မှာ​တော့​ ​ဒေသခံ​တွေဆီက​နေ ကူညီ​နေတယ်။ သူတို့​ဆီက ​တောင်း​ခံထား​တယ်။ ပြီး​လို့​ရှိရင် သုံး​လေး​လကြာလာရင်​တော့​ နိုင်ငံတကာက တခုခု​တော့​ ရလာနိုင်​ကောင်း​ပါတယ်ဆိုပြီး​ ​စောင့်​မျှော်​နေတာ။ နည်း​လမ်း​အမျိုး​မျိုး​နဲ့​ တတ်နိုင်သ​လောက်လည်း​ ကြိုး​စား​ကြည့်​တယ်။ အ​ဖြေရတာ​တော့​ အစိုး​ရအ​ပြောင်း​အလဲ​ကြောင့်​မို့​လို့​ ​ပြောင်း​လဲမှု​တွေလုပ်​နေတဲ့​ အ​နေအထား​မှာ နိုင်ငံတကာက ကူညီ​စောင့်​ရှောက်တဲ့​ အဖွဲ့​တွေကလည်း​ အဲဒီနယ်စပ်ကို ဖြတ် ​ကျော်ပြီး​မှ ကူညီတဲ့​ဟာ​တွေ ဘာမှစိတ်ဝင်စား​မှု သိပ်မရှိဘူး​ဖြစ်​နေတယ်။”

အစိုး​ရနဲ့​ ​ကေအိုင်အိုအကြား​ ပြီး​ခဲ့​တဲ့​ ဇူလိုင် ၉ ရက်ကစပြီး​ အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ပြီး​ တိုက်ပွဲဖြစ်​နေတာပါ။

No comments: