Tuesday, October 25, 2011

မြစ်ကြီးနား ကက်သလစ် ကျောင်းဝင်း မီးလောင်၊ လူ ၃ ဦး ဆေးရုံပို့ထား

KNG


ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် အောက်တိုဘာ ၂၅၊ ယနေ့ ရိုမန်ကက်သလစ်ဘုရားကျောင်း တစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ လူ ၃ ဦး အား မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ထားကြောင်း မျက်မြင်သက်သေများ ပြောသည်။

အောင်နန်းရပ်ကွက် အထက (၃) ကျောင်းအနီးရှိ စိန့်ဂလိုဘန် ဘုရားကျောင်းဝင်းရှိ နှစ်ထပ် ပျဉ်ထောင်အိမ်တွင် နံနက် မိုးမလင်းခင် ၃ နာရီတွင် မီးစလောင်ခြင်းဖြစ်သည်ဟု မြို့ခံများပြောသည်။

အစိုးရမီးတပ်ကား အကူအညီဖြင့် ၅ နာရီတွင် မီးငြိမ်းသတ်နိုင်သော်လည်း နှစ်ထပ်ပျဉ်ထောင်အိမ်အဆောင်မှာ ပျက်စီးသွားကြောင်း သိရသည်။

မီး ဘယ်လို စတင်လောင်ကျွမ်းလာခြင်း အကြောင်းရင်းကို ယခုချိန်ထိ မသိရသေး ဟု ဒေသခံများ ဆက်ဆိုသည်။

ပြီးခဲ့သည့် ဇွန်လမှ ကချင်ပြည်နယ်တွင် မြန်မာအစိုးရနှင့် KIO ကြား ပြည်တွင်းစစ်စတင်လာချိန်မှ မြစ်ကြီးနားမြို့တွင်း မီးလောင်မှုဖြစ် ပွားလျှင် “ယခင်ကလို သံချောင်းခေါက် အသိပေးခြင်း မပြုလုပ်ဘဲ ဖုန်းဖြင့်သာ အကြောင်းကြားရန်” အာဏာပိုင်များ ညွှန်ကြားထားသည်။

No comments: