အေးနိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ကိုယ်စားလှယ် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ အောက်တိုဘာ ၃၀ ရက် နေ့ခင်းကျရင် အစိုးရ ဧည့်ဂေဟာမှာ ထပ်မံ တွေ့ဆုံမယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။
အရင်တွေ့နေကျ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာမှာ နေ့ခင်းတနာရီ တွေ့ဖို့ သတ်မှတ်ချိန်းဆိုထားပြီး တပ်မတော်အစိုးရလက်ထက် တွေ့ဆုံပွဲတွေထက် ပိုမိုမျှော်လင့်နိုင်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။
“ထူးခြားတာကတော့ အရင်တုန်းက ၉ ခါ တွေ့ဆုံတုန်းက ကြေညာချက် မထုတ်ဘူး။ အခု လေးကြိမ် တွေ့ဆုံရာမှာ တခါတွေ့တိုင်း တခါ တိုးတက်မှုတွေ ရှိတော့ ဒါက မျှော်လင့်ရမှာပေါ့။”
ဆွေးနွေးရာမှာ နိုင်ငံရေးအကျဉ်းသားကိစ္စနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရေးကိစ္စ ပါဝင်နိုင်ဖွယ် ရှိမရှိ မေးမြန်းရာမှာ ပြည်သူလူထု အကျိုးရှိတဲ့ကိစ္စတွေ ဆွေးနွေးကြလိမ့်မယ်လို့သာ ပြောဆိုနိုင်ပြီး အသေးစိတ် မပြောနိုင်ပါဘူးလို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်အစိုးရလက်ထက် ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ် ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကစလို့ ၉ ကြိမ်တွေ့ခဲ့ပါတယ်။
အစိုးရသစ်လက်ထက်မှာ ၃ ခါ တွေ့ဆုံခဲ့ရာမှာ နောက်ဆုံးအကြိမ်က ဒီနှစ်စက်တင်ဘာ ၃၀ ရက်က ဖြစ်ပါတယ်။ နောက်ဆုံး တွေ့ဆုံရာမှာ နှစ်ဖက် ပူးတွဲကြေညာချက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတက စဉ်းစားနေတဲ့ကိစ္စ၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ရေး၊ ဥပဒေပြင်ပ လက်နက်စွဲကိုင်ဆန့်ကျင်သူများ ဥပဒေဘောင်တွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ပေးဖို့ အစိုးရက ကြိုးပမ်းနေတဲ့ကိစ္စနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးမှာ ပူးတွဲဆောင်ရွက်ဖို့ ကိစ္စနဲ့ ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။
ဝန်ကြီးဦးအောင်ကြည်နဲ့ နှစ်ကြိမ်တွေ့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ဩဂုတ်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနောက် မကြာသေးခင်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ပြန်လွတ်ခဲ့ပါတယ်။
No comments:
Post a Comment