Wednesday, October 26, 2011

ထိုင်း​ရေကြီး​မှု​ကြောင့်​ ​နေရပ်ပြန်မြန်မာအလုပ်သမား​များ​ ဒဏ်​ငွေတပ် ဖမ်း​ဆီး​ခံရ

မန်းစိုင်းမွန်

ထိုင်း​နိုင်ငံ​ရေလွှမ်း​လို့​ပိတ်ထား​ရတဲ့​အလုပ်ရုံ​တွေက မြန်မာအလုပ်သမား​တွေ ​နေရပ်အပြန် လမ်း​မှာ ဒဏ်​ငွေရိုက်၊​ ဖမ်း​ဆီး​ခံ​နေရပါတယ်။

ရေကြီး​မှု​ကြောင့်​ မြန်မာအလုပ်သမား​တွေ ​ထောင်နဲ့​ချီ ​နေရပ်ပြန်ကြရာ လမ်း​တ​လျှောက် စစ်​ဆေး​ရေး​ဂိတ်​တွေမှာ ထိုင်း​ပုလိပ်​တွေက အလုပ်သမား​လက်မှတ်ရှိသူ​တွေကို နယ်​ကျော်သွား​လာမှု​တွေနဲ့​ဒဏ်​ငွေရိုက်ပြီး​ လက်မှတ်မရှိသူ​တွေကို ဖမ်း​ဆီး​ထား​တယ်လို့​ မြန်မာအလုပ်သမား​တဦး​က ​ပြောပါတယ်။

“မဲ​ဆောက်​ရောက်တဲ့​အခါကျ​တော့​ မဲ​ဆောက်ရဲ​တွေက ဖမ်း​ပြီး​တော့​ ပိုက်ဆံ​တောင်း​တာရှိတယ်။ စာရွက်စာတမ်း​စစ်​ဆေး​တယ်။ ဟိုဟာမပြည့်​စုံဘူး​။ ဒီဟာမပြည့်​စုံဘူး​ဆိုပြီး​ ပိုက်ဆံ​တောင်း​တာ​ပေါ့​။ အဲဒါက မဲ​ဆောက်မှာ။”

နယ်ခံပုလိပ်​တွေနဲ့​သိတဲ့​ တချို့​အလုပ်သမား​တွေက​တော့​ ထိုင်း​ကား​သမား​ ​တွေကို ဘတ် ၄,၀၀၀ – ၅,၀၀၀ နဲ့​ ငှား​ပြီး​ မဲ​ဆောက်အ​ရောက် လိုက်ပို့​ခိုင်း​တယ်လို့​ ဆိုပါတယ်။

မဲ​ဆောက်ကို နည်း​အမျိုး​မျိုး​နဲ့​ ဖြတ်သန်း​လွတ်​မြောက်လာတဲ့​ မြန်မာအလုပ်သမား​တွေဟာ မြဝတီနား​က ၉ သုံး​လုံး​ဂိတ်မှာ နယ်ခြား​စောင့်​တပ်ဖွဲ့​ရဲ့​ ပြည်ဝင်ခ​ကောက်တာ ခံရတယ်လို့​ ဆိုပါတယ်။

“ဟိုဘက်​ရောက်သွား​လို့​ရှိရင် ၉၉၉ ဂိတ်မှာ အကြီး​အကျယ် အ​တောင်း​ခံရတယ်။ လူတ​ယောက်ကို ဘတ် ၂၅၀၀ ​ပေး​ရတယ်။”

ထိုင်း​ပုလိပ်နဲ့​ မြန်မာနယ်စပ် နယ်ခြား​စောင့်​တပ်ဖွဲ့​တွေက ဒုက္ခ​ရောက်​နေတဲ့​ မြန်မာအလုပ်သမား​တွေကို ဖမ်း​ဆီး​ဒဏ်ရိုက် ​ငွေ​ကောက်ခံ​နေတာ​တွေကို ထိုင်း​၊​ မြန်မာ နှစ်ဖက်လုံး​က သက်ဆိုင်ရာအာဏာပိုင်​တွေကို တင်ပြမယ်လို့​မြန်မာအလုပ်သမား​တွေကို အကူအညီ​ပေး​နေတဲ့​ HRDF ​ခေါ် လူ့​အခွင့်​အ​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ဖောင်​ဒေး​ရှင်း​ အကြံ​ပေး​အရာရှိ မစ္စတာ အန်ဒီ​ဟောလ်က ​ပြောပါတယ်။

နေရပ်ပြန်ကြတဲ့​ အလုပ်သမား​လက်မှတ်ရှိသူ မြန်မာအလုပ်သမား​တွေဟာ ရီအန်ထရီ (Re-entry Visa) ​ခေါ် ထိုင်း​နိုင်ငံထဲ ပြန်ဝင်ခွင့်​ဗီဇာကို တပါတည်း​ ​လျှောက်ယူကြရတယ်လို့​ ​ပြောပါတယ်။

ဘန်​ကောက်မြို့​ မြဘုရား​တခွင်နဲ့​ ဒွန်​မောင်း​လေဆိပ်​တွေကို ​ရေလုံး​ဝ လွှမ်း​သွား​ပြီလို့​ ဘန်​ကောက်ကပြန်လာတဲ့​ မြန်မာအလုပ်သမား​တွေက ​ပြောပါတယ်။

ထိုင်း​အစိုး​ရက ​ရေလွှမ်း​မိုး​မှု​ကြောင့်​ လူ ၃၆၆ ဦး​ ​သေဆုံး​ပြီး​ ဒုက္ခ​ရောက်​နေသူ ၁၀ သန်း​ခန့်​ ရှိ​နေပြီလို့​ ဒီက​နေ့​ သတင်း​ထုတ်ပြန်ထား​ပါတယ်။

No comments: