Sunday, October 30, 2011

ဦးရုက္ခစိုး လွှတ်တော်၌ အိပ်ပျော်ခြင်း

ရန်ကုန်သားတာတေ


ဦးရုက္ခစိုး ဘုံပျောက်ပြီ။

ထိုင်းနိုင်ငံအနှံ့ ရေကြီးသည့်အထဲ ကံအားလျော်စွာ ချင်းမိုင်က လွတ်နေသည်။ သို့သော် ကံမကောင်းချင်တော့ ရေဘေး ဒုက္ခသည် ထိုင်းနတ်အပေါင်းမှာ ချင်းမိုင်သို့ ရွှေ့လာကြသည်။

ဈေးစောင့်နတ်၊ ကျောင်းစောင့်နတ်၊ စက်ရုံစောင့်နတ်၊ ဆေးရုံစောင့်နတ်၊ ဘဏ်စောင့်နတ်၊ ထောင်စောင့်နတ်၊ ဆဲဗင်းအလဲဗင်း စောင့်နတ် များမှသည် လေယာဉ်ကွင်းစောင့်နတ်၊ လေယာဉ်ပျံစောင့်နတ်၊ စူပါမားကတ်စောင့်နတ်များအဆုံး နတ်ကြီး၊ နတ်လတ်၊ နတ်ငယ်၊ နတ်ပိစိကွေးပါမကျန် ဦးရုက္ခစိုး တပါးတည်း စိတ်ကြိုက်ပျော်စံခဲ့ရာ ဒွိုင်ဆူထက် တောင်ကြီး၌ နတ်ဟောလီးဒေး သဘင် ဆင်ရင် ကျင်းပနေကြသည်။

ဦးရုက္ခစိုးမှာ “မြန်မာပြည်ဆိုလည်း ကောင်းသား … တောင်ပြုန်းမှာ နတ်ဒုက္ခသည်စခန်း ဖွင့်လို့ရသေးတယ်” ဟု တပါးတည်း ညည်းမိသည်။ ဖိုးရှုပ်နှင့် ကြွက်စုတ်မှာ အစပင်ရှာမရ။

ထိုင်းစကားကို ထမင်းငွေ့ရှူ၊ ရေငွေ့ရှူရုံမျှသာ တတ်သော ဦးရုက္ခစိုး ဒုက္ခရောက်ရပြီ။ သူကိုယ်တိုင် ရွှေ့ပြောင်းနတ်ဖြစ်နေ သောကြောင့် ရွှေ့ပြောင်းအလုပ်သမားများနည်းတူ မြန်မာပြည်တွင် ကျောတခင်းစာနေရာရရေး ပြေးဖို့ ဆုံးဖြတ်လိုက်တော့၏။ ကံအားလျော်စွာ နတ်ဖြစ်နေသောကြောင့် ကိုးသုံးလုံးဂိတ်ကို ဖြတ်စရာမလို၊ နယ်ခြားစောင့်တပ်ကို လာဘ်ထိုးစရာမလို၊ ဂိတ်ကြေးများ ပေးစရာမလိုဘဲ ရန်ကုန်သို့ ရောက်သွားသည်။

မြန်မာပြည်မပြန်ခင် ဖိုးရှုပ်၊ ကြွက်စုတ်တို့နှင့် မတွေ့သည်က ခပ်ကောင်းကောင်း ဖြစ်သည်။ မဟုတ်လျှင် နတ်ဟောလီးဒေး ရစရာမရှိ။ ကြုံတုန်း ဓာတ်ပုံလေးရိုက်ခဲ့ပါဦး ဆိုတာကအစ အားမနားပါးမနာ ခိုင်းလိမ့်မည်။

ရန်ကုန်တွင် ဟိုတယ်အားလုံး နိုင်ငံခြားသားများနှင့် အပြည့် ဖြစ်နေ၏။ ထူးဆန်းလေစွ။ ခရီးသွားဧည့်သည်များမှာ ရေကြီးသော ထိုင်းကို စိတ်မဝင်စားတော့ပြီ။ နဂိုကတည်းက တမင် မသစ်သစ်အောင် မွမ်းမံထားသော ထိုင်းသည် ရေကြီးချိန်၌ အဘယ်မှာ စိတ်ဝင်စားစရာ ကောင်းတော့အံ့နည်း။ ရေပြန်ကျသွားလျှင်လည်း သစ်ထားခဲ့သမျှ ပျက်စီးမှုများကို မူလအတိုင်းဖြစ်အောင် ပြန်ပြင်ကြရဦးမည်။ ကုန်ကျစရိတ်က များလွန်းသည်။ အချိန်များလည်း ယူရဦးမည်။

မြန်မာပြည်ဆိုလျှင် အစကတည်းက ဘာမှတိုးတက်မှုရှိအောင် လုပ်မထားသောကြောင့် ရေပဲကြီးကြီး၊ မီးပဲလောင်လောင်၊ လေကြီးမိုးကြီးပဲ ကျကျ ဆုံးရှုံးစရာ သိပ်မရှိ။ အပျက်ကို အပျက်အတိုင်း ပြန်မပြင်ဘဲ ထားနိုင်သည်။ မြန်မာလူကြီးမင်းများ အမျှော် အမြင်ကြီးလေစွ။ မသကာ လူအသေအပျောက် ရှိလျှင် ဒစ်ဂျစ်လျှော့လို့ ရသည်၊ နောက်က သုညတွေ ဖြုတ်ပစ်နိုင်သည်။ အေးချမ်းသော မြန်မာ လုပ်လို့ရသည်။

နယ်စပ်တိုက်ပွဲများကို စာရင်းထဲ ထည့်စရာမလို … နယ်စပ်တွင်ဖြစ်သောကြောင့် သတင်းကန့်လန့်ကာ ချထားလိုက်လျှင် ဘယ်သူမှ မသိနိုင်။ ငြိမ်းချမ်းသော မြန်မာ … ဗျူးတီးဖူးလ် မြန်မာ ဖြစ်သည်။

မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသား မရှိဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏဖောင်ပြင်က သူ့ ဗိုက်ရွှဲရွှဲကြီးကို ပွတ်၍ ပြောပြီးပြီ။ တည်ဆဲဥပဒေ ဖောက်ဖျက်သူတို့ကိုသာ မလွှဲသာသောကြောင့် ထောင်ချထားရခြင်း ဖြစ်၏။ ဒါနဲ့တောင် မရှိသော နိုင်ငံရေး အကျဉ်းသား များအား လွှတ်ခိုင်းနေသေးသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု ဘာတခုမှ မရှိသော မြန်မာနိုင်ငံကို လူ့ အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲကြသဖြင့် စွပ်စွဲသူများ စိတ်ချမ်းသာအောင် လူ့အခွင့်အရေး ကော်မရှင် ဆိုပြီး ဖွဲ့ပေးထားရသည်။ ထိုသူများမှာ ကော်မရှင်နာမည်ခံပြီး ဘာအလုပ်မှ လုပ်စရာမရှိ။

သနားစရာကောင်းလှသည့် အစိုးရပါတကား။ ထိုမျှ သနားစရာ ကောင်းသော မြန်မာအစိုးရကို အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့ သေးသည်။ ပိတ်ထားသမျှ အခုထိ ပြန်မဖွင့်ပေးသေး။ လုပ်ရက်ကြသည်။

မြန်မာပြည်၏ ခေါင်းဆောင် သမ္မတကြီးမှာလည်း အမျှော်အမြင်နှင့် ပြည့်စုံပြီး ဘာမဆိုသိသူ ဖြစ်သည်။ စပါးတောင် စိုက်တတ်သည်။ ထိုသို့ တော်သော တတ်သော သိသော သမ္မတတွင် အကြံပေးမလိုအပ်။ သို့သော်လည်း လူရှိန်အောင် သမ္မတအကြံပေးများ ခန့်ထားရသည်။ သမ္မတ အကြံပေများက သမ္မတကို ဘာအကြံမှ ပေးစရာမလို သမ္မတကသာ သူတို့ကို အကြံပြန်ပေးနေရသည်။

ဤမျှ အေးချမ်းသာယာ စည်ပင်ဝပြောပြီး အမျှော်အမြင် ကြီးမားလွန်းသော သမ္မတ အုပ်ချုပ်သည့် မြန်မာပြည်ကို အာဆီယံဥက္ကဋ္ဌ ထိုင်ခုံမပေးလျှင် မည်သည့် အရှေ့တောင်အာရှ နိုင်ငံကိုမျှ မပေးသင့်တော့ …။ ထိုထိုင်ခုံကြီးကို ဘင်္ဂလား ပင်လယ်အော်အတွင်းသို့ ဂျာမန်ဂြိုဟ်တုကြီးနှင့်အတူ ရော၍ ပစ်ချဖို့သာ ရှိတော့သည်။

ဦးရုက္ခစိုးမှာ တောင်စဉ်းစား မြောက်စဉ်းစားနှင့် အိပ်စရာနေရာ လိုက်ရှာရင်း အကြံတခု ရသွားသည်။

ရန်ကုန်သည် ခြင်ပေါခြင်း၊ မီးခဏခဏပျက်သဖြင့် မီးစက်များ နှိုးရသောကြောင့် မီးစက်သံဆူခြင်း၊ မီးမလာလျှင် ရေပါမလာခြင်း၊ ဘတ်စ်စကားကျပ်ခြင်း၊ မိုးရွာလျှင်ရေလျှံခြင်း၊ နေပူလျှင် ဖုန်ထခြင်း၊ နေစရိတ် စားစရိတ်ကြီးခြင်း၊ လမ်းဘေးတွင် အမှိုက်ပုံများ ပေါများခြင်း၊ အများသုံး အိမ်သာများ အလွန်ညစ်ပတ်ခြင်း စသည့် အသေးအဖွဲကိစ္စကလေးများမှ လွဲ၍ အေးချမ်းသာယာလှသည်မှာ မှန်ပေသည် … သို့သော် … ထိုထက် အေးချမ်းသာယာပြီး အိပ်၍ကောင်းမည့် နေရာတခု ရှိသေးသည်။

ထိုနေရာကား နေပြည်တော်ရှိ လွှတ်တော်ဖြစ်၏။ ပြင်ပကမ္ဘာ၌ မည်သို့ပင် ဆူညံပွက်လောရိုက်၊ ရေကြီး၊ တံတားကျိုး၊ တိုက်ပွဲဖြစ်နေသော်ငြားလည်း လွှတ်တော်က အမှန်တကယ် ငြိမ်းချမ်းလှသည်။

နေပြည်တော် လွှတ်တော်တွင်း၌ အမတ်မင်းများမှာ ကျောက်ရုပ်များကဲ့သို့ မလှုပ်မရှက် ထိုင်တတ်ကြသောကြောင့် တရားစခန်းနှင့်မခြားပေ။ စကားပြောလျှင်လည်း လေးလေးတွဲ့တွဲ့ လိုရင်း မရောက်အောင် ပြောတတ်သဖြင့် ချော့သိပ်သလို ဖြစ်ဦးမည်။ အငြင်းအခုံလည်း မလုပ်သဖြင့် နားပူစရာမရှိ။ ကွန်ပျူတာ တယောက်တလုံး ပေးထားသော်လည်း မသုံးတတ်သဖြင့် တတောက်တောက် စာရိုက်သံ ကြားရမည်မဟုတ်။ ကွန်ပျူတာများ ရှေ့မှာထားကာ စာရေးမှတ်ချင်ယောင် ဆောင်နေခြင်းက ဘာပြဿနာမှမရှိ။

လေအေးစက်တပ် လွှတ်တော်တွင်း၌ ကြယ်ငါးပွင့် ဟိုတယ်ကြီးထက်ပင် ငြိမ်းအေးစွာ အိပ်နိုင်မည်။

ဦးရုက္ခစိုး လွှတ်တော်တွင်း ရောက်ရောက်ခြင်း ကြားလိုက်ရသော ဆွေးနွေးမှု အကြောင်းအရာမှာ မြန်မာပြည်သားများ လျှပ်စစ်မီးလုံလုံလောက်လောက် ရရေး ကိစ္စ ဖြစ်သည်။ ထိုကိစ္စမှာ လုံးဝ အရေးမကြီးသော ကိစ္စဖြစ်သည်၊ ဆွေးနွေးစရာပင် မလို၊ အဖြရှာစရာ မလိုသော မိုင်နာကိစ္စဖြစ်သည်။ မြန်မာပြည်သူလူထု လုံးဝ စိတ်မဝင်စားသော ကိစ္စဖြစ်သည်။

အမတ်မင်း ဦးယောင်တိယောင်ချာက မတ်တပ်ရပ်၍ သန်းဝေရင်း အမတ် ၈ ဦးကိုယ်စား တင်ပြသည်။

ယောင်တိယောင်ချာ။ ။ ကျနော်တို့ မြို့နယ်တွေမှာ လျှပ်စစ်မီး လုံလုံလောက်လောက် မရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးလိုပါတယ်။ ရမလား မရမလားပေါ့ ခင်ဗျာ။

ထိုသို့မေးပြီး တချက်သန်းဝေကာ ခုံတွင် ပြန်ထိုင်၍ အိပ်ငိုက်နေသည်။ သူ့ပုံစံက တစုံတခုကို သေချာပြီးသား ဖြစ်နေသည့် ပုံစံ။
ထိုအခါ အမှတ် ၉ လျှပ်စစ်ဝန်ကြီးက ထိုင်ရာမှ မထချင်ထချင် ထ၍ စပြောတော့သည်။

ဝန်ကြီး။ ။ ကျနော်တို့တွေ စီစဉ်နေပါတယ် … အခု ကောက်ခံနေတဲ့ မီတာခနဲ့ဆို အရှုံးခံ ပေးနေရတာ ဖြစ်တဲ့အတွက် နောက်ထပ် လူတွေဆီကနေ မီတာခ လုံလုံလောက်လောက် တိုးကောက်ပြီးရင် အားလုံး မှန်သွားမှာပါ။
ထိုကဲ့သို့သော အဓိပ္ပာယ်ရသည့် အဖြေကို ဝန်ကြီးက တနာရီခွဲတိတိ ပျင်းတွဲ့လေးဖင့်စွာ ဖြေဆိုသွားရာ … အမတ်များ အားလုံး အိပ်ငိုက်ကုန်ကြသည်။ ဦးရုက္ခစိုးလည်း ငိုက်စပြုပြီ။

ဝန်ကြီးအဖြေပြီးနောက်တွင် အမတ်မင်း ဦးဖိုးသိုးဖတ်သတ်က လေးတိလေးကန် ထလိုက်ပြန်သည်။

ဖိုးသိုးဖတ်သတ်။ ။ ကျနော်တို့ကျေးရွာတွေ ဆိုရင် လျှပ်စစ်မီး လုံးဝကို မရှိပါဘူး။ အဲဒါ လျှပ်စစ်မီးရအောင် ဘယ်လို လုပ်ရမလဲ သိချင်ပါတယ်။

ဝန်ကြီး။ ။ ကျေးရွာမီးလင်းဖို့ ကိုယ့်အားကိုယ်ကိုး မီးစက်ဝယ်၊ ကိုယ့်အားကိုယ်ကိုး ဆီထည့်ပြီး ကိုယ့်အားကိုယ်ကိုး မီး ထွန်းလိုက်ပါ။ လျှပ်စစ်မီး ရသွားပါလိမ့်မယ်။

အထက်ပါအတိုင်း အဓိပ္ပာယ်ရသော အဖြေကို ၂ နာရီနှင့် ၄၅ မိနစ်ကြာအောင် ဝန်ကြီးက ဖြေဆိုအပြီးတွင် ဦးရုက္ခစိုးအပါအဝင် လွှတ်တော်ကြီး တခုလုံး အိပ်မောကျသွားလေတော့သည်။

အေးချမ်းသာယာသော မြန်မာ့ လွှတ်တော်ကြီး ပေတကား။ ။

No comments: