Wednesday, October 26, 2011

အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်ခရီးစဉ် ရွှေ့ဆိုင်း

ဧရာဝတီ on October 26, 2011

အင်ဒိုနီးရှား နိုင်ငံခြား ရေး ဝန်ကြီး မစ္စတာ မာတီ နာတာလီ ဂါဝါ၏ မြန်မာပြည် ခရီးစဉ်ကို အောက်တိုဘာ ၂၆ မှ ၂၈ အထိ စီစဉ်ထားသော်လည်း ရွှေ့ဆိုင်း လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့ သို့ အင်ဒိုနီရှားနိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ် ရွှေ့ဆိုင်းရခြင်းမှာ အင်ဒိုနီးရှားအစိုးရ အဖွဲ့ဝင်များ အပြောင်းအလဲ ကြောင့်ဟု ရန်ကုန်အခြေစိုက် အင်ဒိုနီးရှား သံရုံးအတွင်းဝန် မစ္စတာ ဂျူမာရာ ဆူပရီယာဒီက အကြောင်းပြပြောဆိုခဲ့သည်။ အဆိုပါကိစ္စမှာ မြန်မာ အစိုးရနှင့် ပတ်သက်ခြင်း မရှိဟုလည်း ၎င်းက ဧရာဝတီကို ပြောသည်။

ဆက်လက်၍ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်ရက်ကို ညှိနှိုင်းနေပြီး လာမည့် အောက်တိုဘာ ၃၁ ရက်နေ့ ဖြစ်နိုင်ခြေရှိသည်ဟု သူက ဆိုသည်။

မစ္စတာ မာတီ နာတာလီ ဂါဝါသည် ၎င်း၏ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရ အဖွဲ့ဝင်များ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူထုအခြေပြု အဖွဲ့ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံနိုင်ရန် ကြိုးစားဖွယ်ရှိကြောင်း သိရသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် ၂၀၁၄ ခုနှစ်တွင် မြန်မာပြည် အာဆီယံဥက္ကဋ္ဌ ရာထူး လွှဲပြောင်း ရယူရေးနှင့် တိုက်ရိုက်ပတ်သက် နေပြီး ၎င်းခရီးစဉ်ရလဒ်အပေါ် အခြေခံကာ လာမည့် နိုဝင်ဘာအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပမည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာပြည်ကို ဥက္ကဋ္ဌရာထူး ပေး၊ မပေးဆုံးဖြတ်မည် ဖြစ်သည်။

အာဆီယံအရေး ကျွမ်းကျင်သူတဦးဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် The Nation သတင်းစာ အယ်ဒီတာဟောင်း ကဝီ ချောင်ခစ် တာဗွန် ကမူ မြန်မာအစိုးရအနေဖြင့် ၎င်း၏ နိုင်ငံရေး ဖြစ်ထွန်းမှုများကို ပြသချင်သောကြောင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးကို အမြန်ဆုံး လာစေချင်လိမ့်မည်ဟု ထင်မြင်ချက် ပေးသည်။

တချိန်တည်းတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ် ရွှေ့ဆိုင်းလိုက်ခြင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချယ်၏ မြန်မာပြည် ခရီးစဉ်တို့ တိုက်ဆိုင်နေခြင်းကြောင့် စိတ်ဝင်စရာ ဖြစ်နေသည်ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတို့က ဆိုကြသည်။

မစ္စတာ ဒဲရစ် မစ်ချယ်သည် ယခု မြန်မာပြည် ခရီးစဉ်အပြီးတွင် ခရီးစဉ်အကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ ထို့အပြင် မြန်မာပြည်မှအပြန် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ ဝင်ရောက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

၎င်းသည် စက်တင်ဘာလက မြန်မာပြည်သို့ ပထမအကြိမ် သွားရောက်ခဲ့ပြီး အပြန်တွင်လည်း ဂျာကာတာသို့ ဝင်ကာ အင်ဒိုနီးရှား နိုင်ငံခြားရေးရုံးသို့ သွားရောက်လည်ပတ် ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ် မစမီ မစ္စတာ ဒဲရစ် မစ်ချယ်က နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်းသား ဒေသများရှိ အမျိုးသမီးများနှင့် ကလေးငယ်များ အတိဒုက္ခ ရောက်နေရသည်ကို အမြန်ဆုံး ရပ်ဆိုင်းပေးရေး အပါအဝင် မြန်မာပြည်တွင်း နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ထွန်းလာရေးကို အမေရိကန်နိုင်ငံက မျှော်လင့်ထားကြောင်း၊ အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်လာရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် အာဆီဆံဥက္ကဋ္ဌ ရာထူး လွှဲပြောင်းရယူရေးနှင့် ပတ်သက်၍ လှိုက်လှိုက်လှဲလှဲ ပြောဆိုလိုခြင်း မရှိကြောင်း သိရသည်။

၎င်းနှင့် အမေရိကန်အခြေစိုက် The Wall Street Journal သတင်းစာတို့ တွေ့ဆုံ မေးမြန်းခန်းတွင် “အာဆီယံဥက္ကဋ္ဌ ရာထူးကို မျှော်လင့်နေတာဟာ ပြည်သူလူထု ဘဝ တိုးတက်လာဖို့ ကိစ္စနဲ့ ဘာမှ မဆိုင်ဘူးလို့ မြင်တယ်” ဟု ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူး လက်ခံရယူရန် စီစဉ်ခဲ့သော်လည်း နိုင်ငံတကာ ဖိအားများကြောင့် လက်လွှတ်ခဲ့ရသည်။

No comments: