Thursday, October 27, 2011

ရန်ကုန်မြို့တွင် လယ်သမားများ ဆန္ဒပြ

မြတ်မိုး on October 27, 2011

ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်း လမ်းပေါ်ရှိ အိုးအိမ် ဦးစီး ဌာန အရှေ့တွင် ယနေ့ နံနက် ၉ နာရီ ၃၀ ခန့်က လယ်သမား ၅၀ ခန့်သည် သိမ်းဆည်း ခံထား ရသည့် ၎င်းတို့ လယ်ယာ မြေများ ပြန်လည် လုပ်ကိုင် ခွင့်ရရန် ဆန္ဒပြ တောင်းဆို ကြသည်။

“လျော်ကြေးမလို လယ်လုပ်ခွင့်သာလို”နှင့် “လယ်စိုက်ဧက မလျော့ပါးရေး လန ၃၉ အမိန့် ဖျက်သိမ်းပေး၊ လယ်ယာမြေပြန်လည် ခွဲဝေပေး” စသည့် စာတန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး လယ်သမားများက အိုးအိမ်ဦးစီးဌာနရှေ့တွင် ၁၅မိနစ်ခန့် ဆန္ဒပြခဲ့ကြ သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ လယ်သမားများအရေး ကူညီပေးနေသည့် ရှေ့နေ ကိုဖိုးဖြူ က ပြောပြသည်။

ယင်း ဆန္ဒပြပွဲကို မြင်တွေ့ခဲ့သူ တဦးက“လုံထိန်းကားတွေ ရဲတွေရောက်လာပြီး မင်းတို့အခု လူစုခွဲပြီး ထွက်သွားကြ၊ နားမလည် ဘူးလား ဒါ တရားမ၀င်တဲ့ အလုပ်လို့ အော်ဟစ်ပြီး လူစုခွဲခိုင်းတယ်”ဟု ပြောသည်။

အာဏာပိုင်များက ဆန္ဒပြသူများကို မိနစ်ပိုင်းအတွင်း လူစုခွဲခိုင်းပြီး အိုးအိမ်ရုံးရှေ့တွင် လုံခြုံရေးအပြည့်ချထားကြောင်း သိရသည်။

“ဆန္ဒပြတဲ့ လူတွေနောက် မလှမ်းမကမ်းက လုံထိန်းကား ၅ စီး လိုက်နေတာတွေ့တယ်”ဟုလည်း မျက်မြင် ရန်ကုန်မြို့ခံတဦးက ဆို သည်။

ဆန္ဒပြသော လယ်သမားများသည် တောင်ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်မှ လယ်သမားများဖြစ်ပြီး ၎င်းတို့ လယ်မြေများကို သိမ်းယူလိုက်ခံရ၍ လယ်လုပ်ခွင့်များ ဆုံးရုံးနေသောကြောင့် ယခုကဲ့သို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း တောင်ဒဂုံ ဆိပ်ကမ်း မြို့နယ် မှ လယ်သမားတဦးက ပြောသည်။

“အကြောက်တရား ရှိပေမယ့် ငတ်တာ တော့ မခံနိုင်ဘူး၊ လယ်လုပ် ခွင့်ပဲ ပြန်လို ချင်တယ်”ဟု ၎င်းက ဆိုသည်။

တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံ ဆိပ်ကမ်း စသည့် မြို့နယ်များမှ လယ်သမား ၁၀၀၀ ကျော်၏ လယ်ဧက၂၀၀၀၀ နီးပါးကို ၂၀၀၉ ခုနှစ်မှ စ၍ အာဏာပိုင်များက သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောဆိုကြသည်။

No comments: