Wednesday, October 26, 2011

နိုင်ငံရေး ဓားစာခံများ

အောင်လင်းထွဋ်

ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံး သွားခဲ့ ပြီးသော နောက်ပိုင်း မှစ၍ ဗိုလ်ချုပ်တို့ ချမှတ် ခဲ့သော လမ်းစဉ် များကို နိုင်ငံရေး သမားများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင် များသည် မိမိတို့ လိုသ လိုသာ အသုံးချ ခဲ့ကြပြီး ခေတ်အ ဆက်ဆက် ယနေ့ အထိတိုင် တိုင်းသူပြည် သားများကို ဓားစာခံ အဖြစ် အသုံးချ နေဆဲဖြစ် နေသည်။

မကြသေးခင်က လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား နာမည်ကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ ပြောခဲ့သလို ဆိုမာလီ ပင်လယ်ဓားမြများ ကဲ့သို့ အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကိုပြန်ပေးဆွဲထားပြီး သူတို့လိုချင်သည်ကိုရမှ လိုသလောက် သူတို့အိတ်ကပ်ထဲက ထုတ်ပေးခြင်းကို တွေ့မြင်ရမည်ဖြစ်ပါသည်။

စာရေးသူ အနေဖြင့် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် လူထုဆန္ဒပြပွဲနောက်ပိုင်း တပ်မတော် ခေါင်းဆောင်များ ၏ နိုင်ငံရေး ကစားကွက် များကို လေ့လာတင်ပြလိုပါသည်။

၈ လေးလုံး အရေးခင်းကို စက်တင်ဘာ ၁၈ ရက် စစ်တပ် အာဏာသိမ်းစဉ် ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးပြီး တပ်မတော် သည် စစ်တန်းလျားပြန်မည်ဟူသော ကြေညာချက်ဖြင့် နိုင်ငံရေးခေါင်းဆောင်များနှင့် ပြည်သူပြည်သားများကို ချွေးသိပ်၍ နဝတ သည် အကြမ်းနည်းရော အနုနည်းရောကိုပါ သုံး၍ ဖြိုခွဲခဲ့သည်။

တဘက်က မက်လုံးပေးသောစကားကိုသုံးပြီး အခြားတဘက်တွင်လည်း ကျောင်းသားခေါင်းဆောင်များနှင့် သဘောထားပြင်းထန် သော နိုင်ငံရေးခေါင်းဆောင်များကို စစ်ထောက်လှမ်းရေးက ဖမ်းဆီး၍ အကျဉ်းထောင်များအတွင်း ထည့်ခဲ့ကြရပါသည်။ နောက်ဆုံး ဒီမိုကရေစီ ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပါ ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်ချခဲ့သည်။

၁၉၉၀-၁၉၉၁ ခုနှစ် ကာလများအတွင်း ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်သော ကျောင်းသား ခေါင်းဆောင်များကို ဖမ်းဆီးခိုင်းခဲ့ ပြီး အေ အဆင့်ကို ထောင်အနှစ် ၂၀ ၊ ဘီ အဆင့်ကို ထောင် ၇ နှစ် မှ ၁၀ နှစ် ၊ စီ အဆင့်ကို ထောင် ၃ နှစ် မှ ၅ နှစ် သတ်မှတ် ပြီး ထောင်ချ ခိုင်းခဲ့ပါသည်။

ထိုစဉ်ကာလ ကတည်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများသည် စစ်အာဏာာရှင်ကြီးများ၏ လိုသလို အသုံးချခံရမည့် ဓားစာခံများဖြစ်လာရသည်။

စစ်ထောက်လှမ်းရေးများအနေဖြင့် အကျဉ်းသားနိုင်ငံရေးသမားများကို လစဉ်ပုံမှန်တွေ့ဆုံပြီး စစ်တပ်၏ လုပ်ဆောင်ချက်ကို ထောက် ခံ ရန် မက်လုံးပေး စည်းရုံးခဲ့ရပါသည်။ နိုင်ငံရေးအကျဉ်းသားများနှင့်တွေ့ဆုံမှု အစီရင်ခံစာကို အထက်ဌာနများသို့ စစ်ထောက်လှမ်းရေးမှ ပုံမှန်တင်ပြခဲ့ရသည်။

ယနေ့ကဲ့သို့ နယ်ထောင်များသို့ နိုင်ငံရေးအကျဉ်းသားများ ပို့ဆောင်ချုပ်နှောင်ခြင်းမရှိဘဲ အင်းစိန် အကျဉ်းထောင်တွင်သာ ထားပြီး ခေါင်းဆောင်ပိုင်းကို အထူးဆောင်နှင့် သီးသန့်ဆောင်များတွင် ထားပါသည်။ ထိုစဉ်ကတည်းက အမျိုးသားအရေးတွက် အကြောင်း အမျိုးမျိုးကြောင့် ကိုယ့်အကျိုးမစွန့်နိုင်သူများသည် စစ်အစိုးရကို မချစ်သော်လည်း အောင့်ကာနမ်းခဲ့ကြရပါသည်။

ဒေါင်ဒေါင်မြည်နိုင်ငံရေးခေါင်းဆောင်များဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ၊ ဦးဝင်းတင်နှင့် ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်း ဆောင်များသာ တိုင်းပြည်အတွက် ဒီမိုကရေစီအရေး ယုံကြည်ချက်ခံယူချက်ကို မပြောင်းမလဲ ယနေ့တိုင် ကြံ့ကြံ့ခိုင်ရပ်တည်ခဲ့ကြ သူများဖြစ်ပါသည်။ လက်ရှိအနေထားမှာပင် ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်များသည် စစ်အစိုးရ၏ ဓားစာခံများအဖြစ်ရှိနေဆဲဖြစ်သည်။

၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှစ၍ စစ်အစိုးရသည် နိုင်ငံတကာနိုင်ငံရေးကို လျစ်လျူရှုပြီး မြန်မာနိုင်ငံအရေးကို ထင်သလိုလုပ်၍မရမှန်း သိလာခဲ့သည်။ နိုင်ငံတကာတွင် လူ့အခွင့်အရေးချိုးဖောက်မှု သတင်းသည်ပေါ်လွင်ထင်ရှားလာပြီး ကုလသမဂ္ဂအပါဝင် အင်အားကြီး နိုင်ငံများ၏ ဖိအားပေးမှုကြီးထွားလာခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ဖိအားပေးမှုများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သား လွတ်မြောက်ရေးသည် အဓိက အချက်တခုအနေဖြင့် ပါခဲ့သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အား ၂၀၀၀ ပြည့်နှစ်အတွင်း လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ရသလို အခြားတဘက်တွင်လည်း Lobby Group(ညှိနှိုင်းရေးအဖွဲ့)ငှား၍ အမေရိကန်အစိုးရကို ချဉ်းကပ်ခဲ့ရပါသည်။ ထိုကာလအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စား

ပြုကော်မတီဖွဲ့စည်းမှုနှင့်ပတ်သက်၍ ထိန်းသိမ်းထားသူများပြန်လည်လွှတ်ပေးပြီး ပြည်တွင်းပြည်ပတွင် စစ်အစိုးရမှသဘောထားကြီး သရောင် ပြခဲ့ပါသည်။

အမှန်တကယ်တော့ စစ်အစိုးရအနေဖြင့် မြန်မာ့နိုင်ငံရေးရှေ့ဆက်တိုးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် မပါလျှင် အလုပ်မဖြစ်နိုင်ဟု သိရှိထား၍လည်း ဖြစ်သည်။

ထို့ကြောင့်၂၀၀၂ ခုနှစ်မေလတွင် D C I Lobby Group အစီအစဉ်ဖြင့် စစ်ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ကျော်သိန်းနှင့် မူးယစ်ဆေး ဝါး နှိမ်နင်းရေးမှ ရဲမှူးကြီးခမ်းအောင် တို့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ကို လာရောက်ပြီးနောက် ဝါရှင်တန် မြန်မာသံရုံးမှနေ၍ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးကြောင်းသတင်း အစောဆုံးကြေညာချက် ထုတ်ပြန်ပေးခဲ့ရပါသည်။ ထိုစဉ်အချိန်အခါကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးခေါင်းဆောင်တချို့ကို စစ်အစိုးရက အသုံးချခဲ့သော်လည်း စိတ်ရင်းစေတနာမမှန် စိတ်ကောင်းနှစ် လုံးကောင်းမရှိခဲ့၍ ဒီပဲယင်း အရေးအခင်းဖြင့် အဆုံးသတ်ခဲ့ရသည်။

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးခင်းလူသတ်ပွဲကြီးပြီးနောက် နိုင်ငံတကာ၏ ပြင်းထန်စွာ ရှုတ်ချမှုများနှင့် ပိတ်ဆို့အရေးယူမှုများ ထပ်မံဖြစ် ပွားခဲ့ပြီးနောက် တဖန် ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုချဉ်းကပ်ခဲ့ရပြန်ပါသည်။ ဝန်ကြီးတဦးကိုခေါင်းဆောင် တာဝန်ပေး၍ အဖွဲ့တဖွဲ့ ဖွဲ့စေပြီး စေ့စပ်ဆွေးနွေးမှုများလုပ်ခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ၊ အမျိုးသားညီလာခံမူ အချက်အလက် တချို့ ပြန်လည်ဆွေးနွေးခွင့်ပြုရေး ၊ ၁၉၉၀ ရွေးကောက်ပွဲ နိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကို အသိအမှတ်ပြုရေး စသည်တို့ကို အဓိကအချက်များအနေဖြင့် ဆွေးနွေးခဲ့ကြဖူးပါသည်။

ထိုစဉ်ကလည်း နားလည်မှု တစုံတရာ ရခဲ့ပြီးကာမှ ရက်ပိုင်းအလိုမှာ NLD အမျိုးသားညီလာခံတက်ပြီးမှ အခြေအနေကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ တိုက်ရိုက်ပြင်ဆင် အမိန့်ကြောင့် ဆွေးနွေးပွဲပျက်ခဲ့ရဖူးပါသည်။

ယနေ့အချိန်အခါတွင်လည်း နိုင်ငံရေးအကျဉ်းသား အရေးသည် ကိုဇာဂနာ ပြောသလို “ကိုယ့် အိတ်ထဲက ပေးရတာကျနေတာပဲ အကုန်လုံးလွှတ်တော့ဘာဖြစ်လဲ” ဖြစ်နေပါသည်။ တကယ်တော့ ဦးသိန်းစိန် အစိုးရလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိုများ နိုင်ငံရေး အကျဉ်းသားများကို ဓားစာခံအဖြစ် လုပ်နေပြီလားဟု သံသယဝင်ခဲ့မိပါသည်။

စာရေးသူ လေ့လာကြားသိရသော အတည်ပြုဆဲသတင်းများကို ထောက်လှမ်းရေးမှန်းခြေ ဆွဲကြည့်ပြီး စာဖတ်သူများကို တင်ပြလိုပါသည်။

ထောက်လှမ်းရေးသတင်းဆိုသည့် အဓိပ္ပာယ်ကို ဦးစွာရှင်းပြပါမည်။ သတင်းသည် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တိကျသည် ဖြစ်စေ မတိကျသည်ဖြစ်စေ ခိုင်လုံသည်ဖြစ်စေ မခိုင်လုံသည်ဖြစ်စေ သတင်းဖြစ်ပါသည်။ ဤသတင်းကိုမှ အခြေအမြစ်ပေါင်းစုံမှ အချက်အလက်ပေါင်းစုံ စုစည်းပြီး အကဲဖြတ် အနက်ကောက် သတင်းတည်ဆောက်ပြီး သတင်းအဆင့်သတ်မှတ်ရပါသည်။ သတင်း အဆင့်သတ်မှတ်ရာမှာလည်း သတင်းဖြစ်ပေါ်ရာအခြေအမြစ် နှင့် သတင်း၏အမှားအမှန်ကိုလေ့လာသုံးသပ်ပြီးမှ အသုံးပြုနိုင်သည့် သတင်းတခုဖြစ်လာသည်။

စာရေးသူရရှိသည့် အတည်ပြုဆဲသတင်းတွေအရ သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို လုပ်ကိုလုပ်မှဖြစ်မည်ဟု သဘောထားရှိထားသူတဦး ဖြစ်သည်။ သို့သော် တချိန်တည်းမှာလည်း စစ်အစိုးရကာလ ဆရာသမားကြီးများ နှင့် လုပ်ဖော် ကိုင် ဖက် များကို အကာကွယ်ပေးရမည် ဆိုသော စိတ်သဘောထားရှိ နေပါသည်။

ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင်လည်း ဒေါ်အောင် ဆန်းစုကြည် နှင့် ပူးပေါင်းရေး နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေးတို့သည် ပြည်တွင်းပြည်ပ မြန်မာ့အရေးစိတ်ဝင်စားသူများ၏ တောင်းဆိုချက်များဖြစ်၍ လိုက်လျောရမည်ကို နားလည်သကဲ့သို့ ၄င်း ဘက် တွင်လည်း စစ်အစိုးရကာလ လူ့အခွင့်အရေး ချိုးဖောက်ခဲ့မှုများအပေါ် ကုလသမဂ္ဂမှ Commission of Inquiry မဖွဲ့ရေး၊ နောက်ကြောင်းပြန်အရေး မယူရေးတို့ အပေါ် ဘယ်သူ အာမခံချက်ပေးမည်လဲ ဆိုသည်များအတွက် ခေါင်းခဲနေရသည့် အချက် တ ချက်ရှိပါသည်။

ထို ကိစ္စများနှင့် ဆက်စပ်၍ တိုင်းရင်သားများနှင့် ငြိမ်းချမ်းရေး ရယူရန်လည်း လိုနေပါသည်။ အားလုံးကို ခြုံသုံးသပ်ရလျှင် ဂုဏ် သိက္ခာရှိသည့် အစိုးရဖြစ်ရန် ပြုပြင်ပြောင်းလဲမှုပြုလုပ်ရေး မဟာဗျူဟာတခု ချဆောင်ရွက်နေသည်ဟု ပြောရမည် ဖြစ်သည်။

ပထမဦးဆုံး အကြံပေးအဖွဲ့များကို ယခင်ခေတ်ကာလများနှင့်မတူ အစိုးရ၏ ရှေ့တန်းတိုက်စစ်မှူးများအဖြစ် အသုံးပြုလာသည်ကို တွေ့ရပါသည်။ ထိုအထဲတွင် ဒီမိုကရေစီခေါင်းဆောင်နှင့် ရင်းနှီးသူကို ထည့်သွင်းဖွဲ့စည်းပြီး ချဉ်းကပ်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

အဆိုပါပုဂ္ဂိုလ်မှတဆင့် နိုင်ငံတကာအရေးကိစ္စများနှင့်ပတ်သက်သည့် နိုင်ငံတကာငွေကြေး ရံပုံငွေအဖွဲ့ လာရောက်ခြင်းကိစ္စ၊ ဥရောပ နိုင်ငံတချို့မှ အကူအညီပေးရေးကိစ္စ၊ အာဆီယံ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး ကမ်းလှမ်းမှုများ ရှိခဲ့သည်။

၎င်းနောက် ဝန်ကြီးဦးအောင်ကြည်နှင့်တွေ့ဆုံခဲ့ပြီးနောက် မကြာမီ သမ္မတကြီးနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သည့် အခြေ အနေထိ ရောက်ခဲ့ပါသည်။

သမ္မတဘက်မှ NLD ပါတီမှတ်ပုံတင်ပြီး လွှတ်တော်အတွင်း နိုင်ငံရေးလုပ်စေလိုပြီး ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ကိုလေးစားစေလို သည့် သဘောထားပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဘက်မှလည်း နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေး ၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ နှင့် ရွေးကောက်ပွဲကော်မရှင်ဥပဒေ ကိစ္စများ ထောက်ပြမှုများ ရှိနေပါသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းကိစ္စကတော့ မမျော်လင့်ဘဲပေါ်လာသောပြဿနာ တခု ဖြစ်ပါသည်။ သမ္မတအနေဖြင့် အဆိုပါအခွင့်အရေး ကိုအသုံးပြု၍ ပြည်တွင်းပြည်ပမှ ၄င်း၏လုပ်ဆောင်ချက်အပေါ် ထောက်ခံမှုအများကြီးရယူသွားခဲ့ပါသည်။ ဆက်လက်၍ အကျဉ်း သား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ကြေညာခဲ့ပါသည်။

သို့သော် နိုင်ငံရေးအရ အဖမ်းခံထားရသူ (၂၀၀) ခန့်ကိုသာလွှတ်ပေးခဲ့ရာ ထင်ရှားသော အနုပညာသမား ကိုဇာဂနာ နှင့် ကျန်းမာ ရေးမကောင်းသူ ဗိုလ်ချုပ်ဆေထင် ကိုသာ လွှတ်ပေးခဲ့ပါသည်။ တကယ့် နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင်များကို ဆက် လက် ဖမ်းထားခဲ့သည်။ ဓားစာခံများအဖြစ် ဖမ်းဆီးထားသကဲ့သို့ ဖြစ်နေပါသည်။

စာရေးသူ လေ့လာသိရှိ ရသလောက်ကတော့ သမ္မတ ဦးသိန်းစိန် NLD ထံမှ တစ်စုံတစ်ခုပြန်လည် မျှော်လင့်နေသည်ဟု သိရပါသည်။

NLD အနေဖြင့် ဆိုမာလီ ပင်လယ်ဓားမြများနှင့်တူသည့် အစိုးရဆီက ဓားစာခံ နိုင်ငံရေးအကျဉ်းသားအားလုံးကို အဖိုးအခ မည်မျှပေး၍ ရွေးရမည်လည်းကို စောင့်ကြည့် ရပါဦးတော့မည်။

စာရေးသူအနေဖြင့်အကြံပြုလိုသည်မှာ စစ်အစိုးရတဖြစ်လဲ အရပ်သား အစိုး ရ နှင့် နိုင်ငံရေးကစားပွဲများတွင် မခံရစေရေး နည်း ပရိယယ်ကြွယ်ဝစွာဖြင့် သတင်းလက်ဦးမှုရယူပြီး တန်ပြန်ထိုးစစ်ဆင်နွှဲ သွားနိုင်ပါမှတော်ယုံကျမည်ဖြစ်ပါသည်။ တပ်မတော် နှင့် အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်လိုသူများ အင်အားကြီးထွားလာရန် လုပ်ပေးနိုင်မှ စစ်ကျွန်ဘဝမှ လွတ်မြောက်မှာဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသား ဓားစာခံများ အမြန် လွတ်မြောက်ပါစေဟု ဆန္ဒပြုလျက်။ ။

(စာရေးသူ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။)

No comments: