ဒီဗွီဘီ
ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်)နဲ့ မြန်မာအစိုးရ စစ်တပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း အနည်းဆုံး အကြိမ် ၁၆၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။
စက်တင်ဘာ – နိုဝင်ဘာ ၂ လအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို ကေအိုင်အို(ကချင်လွတ်လပ်ရေးအဖွဲ) ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းက ခုလို ပြောပြပါတယ်။
“စက်တင်ဘာလ တလထဲကိုမှ ၈၆ ကြိမ်ဖြစ်တယ်။ အောက်တိုဘာလထဲမှာ ၁၆၀ ဆိုတော့ အဲဒီမှာကို ၂၀၀ ကျော်သွားပြီ။ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတွေမှာ တိုက်ပွဲပေါင်း ရာချီရှိမယ်လို့ ခန့်မှန်းလို့ရတယ်။ ဒါပေမယ့် အလှမ်းဝေးတဲ့နေရာဒေသ ရှေ့တန်းနေရာတချို့ကနေ အချိန်မီပေးပို့နိုင်တာမျိုး မရှိတဲ့အတွက်ကြောင့် ဒီတိုက်ပွဲအရေအတွက်ကတော့ အနည်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီထက်များပါတယ်။”
ဒီတိုက်ပွဲတွေအတွင်း ကေအိုင်အေ ဘက်က ထိခိုက်မှုနည်းပြီး အစိုးရတပ်ဘက်က ထိခိုက်မှုများကြောင်း၊ ဒါပေမယ့် စာရင်းအတိအကျ မရနိုင်ကြောင်းလည်း ဦးလနန်းက ရှင်းပြပါတယ်။
“ဟိုဘက်ဒီဘက် ဘယ်လောက်ထိ အကျအဆုံးရှိတယ်ဆိုတာ သိပ်မပြောချင်ဘူး။ ဒါပေမယ့် သေချာတာတော့ ပြီးခဲ့တဲ့အချိန်မှာ သူတို့အထိအခိုက်များတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့တန်းမှာတက်လာတဲ့ သူတို့ရဲဘော်တွေက ကလေးစစ်သားတွေ တော်တော်များများ ရောပါလာတယ်။ နယ်မြေအရ ကျွမ်းကျင်မှုမရှိဘူး။ စိတ်ဓာတ်ရေးရာကလည်း အမိန့်အရပဲ လုပ်ဆောင်ရတဲ့ကိစ္စဖြစ်နေတော့ အဲဒီမှာ အထိအခိုက်များတယ်။”
မြန်မာအစိုးရဘက်နဲ့ တွေ့ဆုံဆွေးနွေးမှု လောလောဆယ်မှာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လမှာ တကြိမ်၊ ဩဂုတ်လမှာ တကြိမ် တွေ့ဆုံခဲ့ရာမှာတော့ ဘာအဖြေရလဒ်မှ ထွက်ပေါ်မလာခဲ့ဘူးလို့ ဦးလနန်းက ပြောပါတယ်။
ကေအိုင်အို – ကေအိုင်အေဟာ ယူအန်အက်ဖ်စီ (ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ) အဖွဲ့ဝင်ဖြစ်ပြီး အစိုးရဘက်နဲ့ ဆွေးနွေးရာမှာ ရပ်တည်တဲ့ သဘောထားကိုလည်း ဦးလနန်းက ရှင်းပြသွားပါတယ်။
“သူတို့ဘက်ကသာ တွေ့ဖို့လာမယ်ဆိုရင်တော့ ကျနော်တို့က တွေ့ဖို့အဆင်သင့်ပါ။ ဒါပေမယ့် တွေ့ဆုံတဲ့အခါမှာလည်း ယူအန်အက်ဖ်စီရဲ့ သဘောထားအတိုင်းပဲ။ တွေ့တဲ့အခါမှာ ကျနော်တို့ရဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ သဘောထားကို ပြောပြဖို့ပဲရှိတယ်။ ရှင်းပြဖို့ပဲ ရှိတယ်။ ဒါပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တော့မယ်ဆိုရင်တော့ ယူအန်အက်ဖ်စီကနေ တဆင့်ပဲ လုပ်ရမယ့်ကိစ္စတွေပါ။ ယူအန်အက်ဖ်စီမှာ သဘောတူညီချက် ရယူပြီးမှပဲ ဆက်လုပ်နိုင်မယ်ခင်ဗျ။”
ပြီးခဲ့တဲ့ စနေနေ့တုန်းက ကေအိုင်အိုဌာနချုပ် လိုင်ဇာနဲ့ မြစ်ကြီးနားမြို့အကြား ဝိုင်းမော်မြို့နယ်၊ ဂါးဒါယန်ကျေးရွာက ကေအိုင်အေတပ်ကို အစိုးရစစ်တပ်ဘက်က အမြောက်တွေနဲ့ ပစ်ခတ်ရာမှာ ဓာတုဗေဒလက်နက် ပါဝင်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ကေအိုင်အိုက စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားနေတုန်းပဲလို့လည်း သိရပါတယ်။
ကေအိုင်အိုနဲ့ အစိုးရတို့ အပစ်အခတ် ရပ်စဲထားခဲ့မှု ပြီးခဲ့တဲ့ဇွန်လမှာ ပျက်ပြားခဲ့ပြီးနောက် တိုက်ပွဲတွေဖြစ်ပွားနေပြီး တနင်္ဂနွေနေ့ကလည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
No comments:
Post a Comment