ခင်မောင်စိုး
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေးအတွက် ငြိမ်းချမ်းစွာလှုပ်ရှားနေသူများကို ကျွန်ုပ် ထောက်ခံအားပေးပါသည်။ ကျွန်ုပ်သည် ထိုလှုပ်ရှားသူများနှင့် တစိတ်တဝမ်းတည်း သွေးစည်းညီညွတ်နေပြီး လွတ်လပ်ရေးနှင့် ဒီမိုကရေစီအရေးအတွက် တောင်းဆိုမှုကို အားပေးထောက်ခံပါသည်။ လွတ်လပ်မှုကို မြတ်နိုးသော ကမ္ဘာသူကမ္ဘာသားအားလုံးက အကြမ်းမဖက်သည့် လှုပ်ရှားမှုအပေါ် ထောက်ခံ အားပေးကြပါဟုလည်း ကျွန်ုပ် ပြောလိုပါသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနှင့် လွတ်လပ်ရေးအတွက် ပါဝင်လှုပ်ရှားနေကြသော ဗုဒ္ဓဘာသာရဟန်းသံဃာ အမြောက်အမြားကို လေးစားမြတ်နိုး ကြည်ညိုလှပါကြောင်း ပြောကြားလိုပါသည်။
ဗုဒ္ဓ ဘာသာကို သက်ဝင် ယုံကြည်သော မြန်မာ စစ် အစိုးရ အနေဖြင့် မေတ္တာ တရား အကြမ်း မဖက်ရေး တရားတော် များနှင့်အညီ ဆောင်ရွက် ပါဟု ဗုဒ္ဓ ဘာသာဝင်ဘုန်းတော်ကြီး တပါး ဖြစ်သည့် မိမိ အနေဖြင့် မေတ္တာ ရပ်ခံ လိုပါသည်။
ဒါကတော့ မြန်မာနိုင်ငံမှာ ဩဂုတ်လနဲ့ စက်တင်ဘာလများအတွင်း ဖြစ်ပွားခဲ့တဲ့ ရဟန်းသံဃာများ ဦးဆောင်တဲ့ ပြည်သူ့ဆန္ဒပြပွဲများကို ကမ္ဘာ့မီဒီယာများကနေတဆင့် ကြားသိ တွေ့မြင်ရပြီးတဲ့နောက်မှာ ကမ္ဘာကျော် ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတပါးက ထုတ်ပြန်ရေးသားလိုက်တာ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ရဟန်းသံဃာများကို မြန်မာစစ်အစိုးရက ရိုက်နှက်ဖြိုခွင်းနေတာကို မြင်ရကြားရတဲ့အခါမှာ သူ့ဇာတိနိုင်ငံက ဘုန်းကြီးရဟန်းများကိုလည်း တရုတ်အာဏာပိုင်တွေက ရိုက်နှက်ဖြိုခွင်းခဲ့တာကို ချက်ချင်း ပြန်သတိရသွားပါတယ်လို့ ဘုန်းတော်ကြီးကပဲ မကြာခင်က ထပ်မံပြောကြားလိုက်ပါသေးတယ်။
ကမ္ဘာကျော်ဘုန်းတော်ကြီးကတော့ တိဗက်နိုင်ငံလွတ်မြောက်ရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေခဲ့တဲ့ ၁၄ ပါးမြောက် ဒလိုင်လားမား ဖြစ်ပါတယ်။ ဘုန်းတော်ကြီးဒလိုင်လားမားဟာ တိဗက်နိုင်ငံသူနိုင်ငံသားများရဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့တာ နှစ်ပေါင်း ၅၀ ဝန်းကျင်ရှိပါပြီ။ သည်အတွက်ပဲ ၁၉၈၉ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ချီးမြှင့်ပေးအပ်ခြင်း ခံရတာ ဖြစ်ပါတယ်။
ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ ၁၉၃၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့မှာ မွေးဖွားသူ ဖြစ်ပါတယ်။ တိဗက်နိုင်ငံ အရှေ့မြောက်ဒေသက ကျေးရွာလေးတရွာမှာ လယ်သမားမိသားစုက မွေးဖွားလာတာ ဖြစ်ပါတယ်။ ၁၉၃၃ ခုနှစ်အတွင်းမှာ ပျံလွန်တော်မူခဲ့တဲ့ ၁၃ ပါးမြောက် ဒလိုင်လားမားဝင်စားတယ်လို့ သူ့ကို သတ်မှတ်ပြီး သူ့အသက် ၅ နှစ်သားမှာ ၁၄ ပါးမြောက် ဒလိုင်လားမားအဖြစ် နန်းတင်ပေးတာ ခံရပါတယ်။ ဒလိုင်လားမားဆိုတာ တိဗက်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ ဘာသာရေးဆိုင်ရာ အကြီးအကဲဖြစ်ပါတယ်
နိုင်ငံတော်အကြီးအကဲဖြစ်ပေမယ့် စည်းစိမ်ယစ်နေရတဲ့ ဘဝမျိုး မဟုတ်ပါဘူး။ သူဟာ နန်းတက်ပြီးနောက် ၆ နှစ်သားအရွယ်ကစပြီး ဒလိုင်လားမားတို့ တတ်အပ်တဲ့ အသိပညာ အတတ်ပညာများကို စတင် သင်ကြားတာဟာ အသက် ၂၅ နှစ်ထဲရောက်တဲ့ ၁၉၅၉ ခုနှစ် မှ ပြီးဆုံးပါတယ်။ ဗုဒ္ဓဘာသာတရားတော်ဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခြင်းဖြစ်ပါတယ်။ ဒီပါရဂူဘွဲ့ဟာ လွယ်လွယ်ရတဲ့ ဘွဲ့မျိုး မဟုတ်ဘူးဆိုတာ သူဖြေဆိုရတဲ့ စာမေးပွဲကို ကြည့်ရင် သိသာပါတယ်။ နောက်ဆုံး စာမေးပွဲကို ဖြေဆိုရတဲ့နေ့ မနက်ပိုင်းမှာ တက္ကဗေဒပညာရပ်နဲ့ ပတ်သက်ပြီး ပညာရှင်ပေါင်း ၃ဝ ရဲ့ မေးမြန်းမှုကို ဖြေဆိုရပါတယ်။ မွန်းလွဲပိုင်းမှာ ဗုဒ္ဓဘာသာတရားတော်လာ မဇ္ဈိမပဋိပဒါ အလယ်အလတ် ကျင့်စဉ်အကြောင်းကို ပညာရှင် ၁၅ ဦးနဲ့ အခြေအတင် ပြောဆိုရပါတယ်။ ညနေပိုင်းမှာ ဝိနည်း အဘိဓမ္မာနဲ့ ပတ်သက်ပြီး ပညာရှင် ၃၅ ဦးက မေးမြန်းစစ်ဆေးပါတယ်။ ဒီလို ပညာရှင်ပေါင်းများစွာရဲ့ စစ်ဆေးမေးမြန်းမှုကို အောင်မြင်တော့မှ ပါရဂူဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဘုန်းတော်ကြီးဒလိုင်လားမားဟာ သူကြိုးပမ်းလေ့လာခဲ့တဲ့ အသိပညာများကို ဖြန့်ဝေရင်း ကျမ်းစာအုပ်များ ရေးသားထုတ်ဝေခဲ့တာ အခုဆိုရင် စာအုပ်ပေါင်း ၄၀ ဝန်းကျင်ရှိနေပါပြီ။ သူ့ရဲ့ စာအုပ်များဟာ အနောက်တိုင်းက ဘာသာရေး လေ့လာသူများနဲ့ ဗုဒ္ဓစာပေ ပညာရှင်များ သာမက နိုင်ငံရေးသမားများနဲ့ အနုပညာရှင်များကပါ လေးလေးနက်နက် ဖတ်ရှုရတဲ့ စာအုပ်များဖြစ်ပါတယ်။
ပညာသင်နေရတဲ့ အချိန်အတွင်းမှာ ဘုန်းတော်ကြီး ဒလိုင်လားမားဟာ သက်သောင့်သက်သာ နေထိုင်ရတာတော့ မဟုတ်ပါဘူး။ သူ့ အသက် ၁၅ နှစ်အရွယ်မှာကတည်းက တရုတ်နိုင်ငံရဲ့ ကျူးကျော်မှုကို စတင်ခံစားခဲ့ရပါတယ်။
၁၉၅၀ ခုနှစ်မှာ တရုတ်စစ်တပ်က အင်အား ၈ သောင်းရှိတဲ့ စစ်သားတွေနဲ့ တိဗက်ပိုင်နယ်မြေထဲကျူးကျော်ပြီး တိဗက်အရှေ့ပိုင်းဒေသကို သိမ်းယူလိုက်ပါတယ်။ တိဗက်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတရပ်သာ ဖြစ်တဲ့အတွက် တိဗက်ကို ပြန်လည်သိမ်းယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို ခံခဲ့ရပါတယ်။
ဒီလိုကျူးကျော်မှုကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ဒလိုင်လားမားဟာ ၁၉၅၄ ခုနှစ်မှာ ပီကင်းကို သွားပြီး မော်စီတုန်းနဲ့ တွေ့ပေမယ့် မပြေလည်ခဲ့ပါဘူး။ တရုတ်အစိုးရဟာ တိဗက်တွေအပေါ် မတရားအနိုင်ကျင့် နေခဲ့တဲ့အတွက် တိဗက်နိုင်ငံအနှံ့ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဖြစ်နေခဲ့ပါတယ်။ ဒီလိုကနေ ၁၉၅၉ ခုနှစ် မတ်လ ၁၀ ရက်မှာတော့ လာဆာမြို့တော်မှာ လူထုဆန္ဒပြပွဲကြီး ဖြစ်ပွားခဲ့ပါတယ်။ တရုတ်စစ်သားတွေကို တိဗက်ကနေ ထွက်ခွာသွားဖို့ တောင်းဆိုတဲ့ သည်လူထုဆန္ဒပြပွဲကြီးဟာ တိဗက်သမိုင်းမှာ အကြီးကျယ်ဆုံး လူထုအုံကြွမှုကြီး ဖြစ်ပါတယ်။
ဒါပေမယ့် တရုတ်အစိုးရကတော့ တိဗက်တွေကို ရက်ရက်စက်စက် နှိမ်နင်းပါတယ်။ လူထုဆန္ဒပြပွဲကြီးကို အကြမ်းဖက်ဖြိုခွဲရာမှာ သုံးရက်အတွင်း လူပေါင်း တသောင်းခွဲကို သတ်ဖြတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘုန်းတော်ကြီး ဒလိုင်လားမားလည်း အဲသည်အချိန်ကစပြီး အိန္ဒိယနိုင်ငံကို ပြေးဝင်ခိုလှုံခဲ့ရပါတော့တယ်။
ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့အတူ တိဗက်အစိုးရလည်း အိန္ဒိယနိုင်ငံအတွင်းကို ပြေးဝင်ခိုလှုံခဲ့သလို တိဗက်နိုင်ငံသားပေါင်း သိန်းနဲ့ချီပြီး အိန္ဒိယနိုင်ငံအတွင်းကို ရွှေ့ပြောင်း နေထိုင်ခဲ့ကြပါတယ်။ တိဗက်နိုင်ငံဟာ တရုတ်ကွန်မြူနစ်အစိုးရရဲ့ လက်အောက်ကို ကျရောက် သွားပြီးတဲ့နောက်မှာ ဘုန်းတော်ကြီး ဒလိုင်လားမားအနေနဲ့ တိဗက်နိုင်ငံ လွတ်မြောက်ရေးအတွက် ကြိုးပမ်းရသလို ပြည်ပရောက် တိဗက်များရဲ့ ဘဝရပ်တည်ရေးအတွက်နဲ့ တိဗက်ယဉ်ကျေးမှုများကို ထိန်းသိမ်းရေးအတွက်လည်း ကူညီဆောင်ရွက်ပေးခဲ့ရပါတယ်။
တဖက်မှာလည်း တိဗက်လွတ်မြောက်ရေးအတွက် ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ကြိုးပမ်းရာမှာ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ဆုံးဖြတ်ချက်တွေ ချပေးတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာတော့ တရုတ်အစိုးရနဲ့ ပြဿနာရှင်းဖို့အတွက် အချက် ၅ ချက်ပါတဲ့ ငြိမ်းချမ်းရေးအစီအစဉ်တရပ်ကို ရေးဆွဲခဲ့ပါတယ်။ သည်အစီအစဉ်ထဲမှာ တိဗက်နိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြန်လည်ထွန်းကားရေး၊ တရုတ်တိုင်းရင်းသားတွေကို တိဗက်ဒေသထဲ အလုံးအရင်းနဲ့ ရွှေ့ပြောင်းမှု မလုပ်ရေးတွေ ပါဝင်သလို တရုတ်အစိုးရက တိဗက်ဒေသကို နျူကလီယားစွန့်ပစ်ပစ္စည်းတွေထားရာ နေရာအဖြစ် မသတ်မှတ်ဖို့လည်း ပါဝင်ပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ တိဗက်ကို လွတ်လပ်တဲ့နိုင်ငံတခုအဖြစ်မဟုတ်ဘဲ တရုတ်နိုင်ငံအတွင်းက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ ဒီမိုကရက်ဒေသတခုအဖြစ်သာ သတ်မှတ်ပေးဖို့အထိ လျှော့ပေးခဲ့ပါတယ်။
ဒါပေမယ့် တရုတ်အစိုးရကတော့ ဘုန်းတော်ကြီးဒလိုင်လားမားရဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို လက်မခံပါဘူး။ လွတ်လပ်ရေးကို မတောင်းဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ အထူးဒေသတခုအဖြစ်ကိုသာ တောင်းဆိုပေမယ့် ခွဲထွက်ရေးကို လုပ်နေတယ်လို့ တဖက်သတ်စွပ်စွဲရင်း တွေ့ဆုံဖြေရှင်းရေးကို အမြဲ ငြင်းဆန်နေခဲ့ပါတယ်။
တဖက်မှာလည်း တရုတ်အစိုးရဟာ တိဗက်ဒေသက တိဗက်ယဉ်ကျေးမှုတွေကို ဖျက်ဆီးနေသလို တိဗက် လူမျိုးတွေကိုလည်း ဖိနှိပ်အုပ်ချုပ်နေခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ ဖိနှိပ်မှုကြောင့် တိဗက်လူမျိုး သန်းနဲ့ချီ သေဆုံးခဲ့ရပြီး တိဗက်ယဉ်ကျေးမှု ထိန်းသိမ်းရာ နေရာတွေဖြစ်တဲ့ ဘုန်းကြီးကျောင်း ထောင်ပေါင်းများစွာ အဖျက်ဆီးခံခဲ့ရပါတယ်။
ဘုန်းတော်ကြီး ဒလိုင်လားမားကတော့ တိဗက်လူမျိုးတွေ လွတ်မြောက်ရေးကို ဗုဒ္ဓဘာသာလာ တရားတော်အတိုင်း ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ၁၉၈၉ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒလိုင်လားမား ပြောတဲ့ စကားတခွန်းရှိပါတယ်။ ရှင်သန်ဖို့ ဘာသာရေးတခုခုမရှိလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လူအချင်းချင်း အပေါ်ထားရမယ့် မေတ္တာတရား မရှိရင်တော့ လူတယောက်အဖြစ် ရှင်သန်လို့ရမှာ မဟုတ်ဘူးတဲ့။
No comments:
Post a Comment