Tuesday, October 25, 2011

ပခုက္ကူ ရေဘေး ကယ်ဆယ်ရေး အခက်အခဲများရှိနေ

ရန်ပိုင် on October 25, 2011

လူဦးရေ ၁၀၀ ကျော်သေဆုံးပြီး အိမ်ခြေပေါင်း၂၀၀၀ ကျော် ရေမျောမှုကြုံခဲ့ရသည့် မကွေးတိုင်း ပခုက္ကူမြို့ရေဘေးသင့်ပြည်သူများကိုအာဏာပိုင်များနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များက သွားရောက်ကူညီကြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ရက်၊၂၀ရက် နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ပခုက္ကူခရိုင် အတွင်း သေ ဆုံးသူ ဦးရေ ၁၀၆ ဦးရှိပြီး ရေမျော အိမ်ထောင်စု အိမ်ခြေ ၂၀၂၃ အိမ် ရှိကြောင်း ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် ရေး သားထားသည်။

ယနေ့နံနက်က မန္တလေးမြို့မှ ဒေါက်တာဇော်မြင့်မောင် ဦးစီးသည့် အမရသုခ ကုသိုလ်ဖြစ် ဆေးအဖွဲ့၊ စိမ်းရောင်စို လူမှုရေးအဖွဲ့၊ မြင့်မြတ်ဧရာဝတီ လူမှုကွန်ရက်၊ ဘ၀အလင်း လူမှုရေးအဖွဲ့၊ အစ္စလမ် ဘာသာရေး အဖွဲ့ဝင်များ ပါဝင်ပြီး ပခုက္ကူမြို့၊ ကမ္မမြို့ စသည့် ဒေ သ များရှိ ရေဘေးသင့် ပြည် သူများကို ငွေနှင့် အစားအသောက်များအပြင် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ ပေးအပ် မည် ဖြစ်ကြောင်း စိမ်းရောင်စို အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။


“ပခုက္ကူရေဘေးအရင် ကျောက်ဆည် ရေဘေးနဲ့ တခြား သဘာဝ ဘေးတွေကို လှူနေရတာနဲ့ အခုလောလောဆယ် ကျနော်တို့ လည်း ကျပ် သိန်းသုံးဆယ် ဖိုးလောက်ပဲ လှူနိုင်တယ်”ဟု ၎င်းကဆိုသည်။

မန္တလေး – ပခုက္ကူ ကားလမ်းတလျှောက်ရှိ ကျေးရွာများတွင် ရေဘေးကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးနေကြောင်း၊ စားဝတ်နေရေး အတွက် ရေရှည်တွင် ထိခိုက်လာနိုင်ကြောင်း၊ ပခုက္ကူမြို့ ရွှေချောင်းတံတား ကျိုးသွားသည့်အတွက် ကားများမှာ ချောင်းအတွင်းမှ
ဖြတ်သန်းသွားလာနေရကြောင်း စိမ်းရောင်စို အဖွဲ့ဝင်က ဆက်ပြောသည်။

ယနေ့နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများကို သမ္မတ ဦးသိန်းစိန်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုရန် ရှိသည့်အတွက်
မန္တလေး – မုံရွာ – ပခုက္ကူ ကားလမ်းရှိ ကျောက်လှေကား ကျေးရွာတွင် ခရီးသည်တင် ကားများနှင့် ကူညီကယ်ဆယ်ရေး ကားများကို ဒေသ အာဏာပိုင်များက ၃ နာရီခန့် ရပ်နားစောင့်ဆိုင်း စေခဲ့ကြောင်း သိရသည်။

တနင်္ဂနွေနေ့ကလည်း ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံဖြိုးရေး ၀န်ကြီးဌာန ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်သည့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ရေဘေးသင့် ဒေသသို့ သွားရောက်ခဲ့သည်။ ဒု သမ္မတ ဒေါက် တာ စိုင်းမောက်ခမ်းက ဆောက်လုပ်ရေး ပစ္စည်းနှင့် စားသောက်ကုန်အတွက် ကျပ် သိန်း ၅၀၀ လှူဒါန်းကြောင်း၊ ထောက်ပံ့ငွေအဖြစ် သေဆုံးသူ ၁၀၆ ဦးအတွက် ကျပ် ၉၂ သိန်း ၅ သောင်း၊ ရေမျော အိမ်ခြေ၂၀၂၃ အိမ် အတွက် ကျပ် ၁၀၁၁ ဒသမ ၅ သိန်း တို့ကို လှူဒါန်းကြောင်း ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် ပခုက္ကူမြို့အတွင်း ရွှေချောင်း ချောင်းတံတား ကျိုးခဲ့ပြီး ချောင်းအနီး အမှတ် ၃
ဒေါင်းလှ ရပ်ကွက် ၁ လမ်း၊၂ လမ်းနှင့် ၃လမ်းရှိ အိမ်များ ရေတွင်မျောပါကာ အသေအပျောက်များပြားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယခုအခါ ရေဘေးသင့်ပြည်သူပေါင်း ၁၆၀၀ ခန့်အတွက် တိလောကရာမ ကယ်ဆယ်ရေးစခန်း၊ မတ္တထောင်နှင့် မိုးကုတ် ၀ိပသနာ ကယ်ဆယ်ရေး စခန်းများကို ဖွင့်လှစ်ထားသည်။

ရေဘေးသင့်သူများအတွက် ပခုက္ကူ-မြိုင်မြို့ ကားလမ်းနဘေး ချောက်ကန်ရွာအနီးတွင် ပြန်လည်နေရာချထားရန် စီစဉ်ထားကြောင်း၊ အခြားဒေသများတွင် အိမ်ထောင်စုစာရင်းမရှိဘဲ နေထိုင်သူများနှင့် ကျူးကျော်နေထိုင်သူများ ရှိနေကြောင်း ပခုက္ကူမြို့ အုပ် ချုပ်ရေးရုံးက ပြောသည်။

ထိုသို့ အာဏာပိုင်များက ပြန်လည်နေရာချထားပေးမည်ဖြစ်သော်လည်း ကျူးကျော်ရပ်ကွက်များအတွင်း နေထိုင်သူများ မပါဝင်သဖြင့် ကျူးကျော်ရပ်ကွက်မှ ရေဘေးသင့်မိသားစု ၃၀၀ ကျော် အခက်အခဲဖြစ်နေကြောင်း တိလောကရာမ ကျောင်း ရေဘေး ကယ် ဆယ် ရေး စခန်းမှ ဦးပဉ္ဇင်းတပါးက မိန့်သည်။

“လက်ရှိတော့ အိမ်ထောင်စုစာရင်းရှိတဲ့သူတွေအတွက် ပြန်လည်နေရာထားပေးမယ့် အစီအစဉ်က ပိုသေချာတယ်၊ ကျန်တာတွေကို ဘယ်လိုစီစဉ်မလဲဆိုတာ အာဏာပိုင်တွေအပေါ် မူတည်တယ်”ဟု မိုးကုတ် ၀ိပဿနာ ကယ်ဆယ်ရေးစခန်းမှ မြို့နယ် အုပ်ချုပ် ရေးမှူး တဦးက ဆိုသည်။

အမှတ်၃ ဒေါင်းလှရပ်ကွက်၂လမ်းနှင့် ၃လမ်းအနီးတွင် နေထိုင်သူတချို့မှာ ကျူးကျော်နေထိုင်ကြသူများဖြစ်ကြောင်း၊ လက်ရှိ ကယ် ဆယ်ရေးစခန်းများတွင် ကောက်ယူသည့် စာရင်းများ၌ ကျူးကျော်နေထိုင်သူပေါင်း ၃၀၀ကျော် ရှိနေကြောင်း မတ္တထောင် ကျောင်း ရေဘေးကယ်ဆယ်ရေး စခန်းကလည်း ပြောသည်။

တိလောကရာမ ကယ်ဆယ်ရေး စခန်းတွင် နေထိုင်သူတဦးက“နေရာပြန်မချပေးမှာစိုးလို့ ကယ်ဆယ်ရေးစခန်းမှာပဲ နေနေကြဦးမှာ၊ ကိုယ့်နေရာပြန်ပြီး ဖြစ်သလိုလေး နေလိုက်ရင် ပြန်လည် နေ ရာချပေးတဲ့ အထဲမှာ မပါတာမျိုးတွေ ခဏခဏကြားနေတော့ ကယ် ဆယ်ရေး စခန်းမှာပဲနေဦးမှ”ဟု ပြောသည်။

မကွေးတိုင်း ဆိတ်ဖြူမြို့နယ်ရှိ ကျေးရွာ ၂၅ ရွာမှ ရေဘေးဒုက္ခသည် ၂၀၀၀၀ နီးပါးလည်း အရေးပေါ်အကူအညီများ လိုအပ်နေ သည် ဟု 7day သတင်းဂျာနယ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်

No comments: