Monday, December 5, 2011

ပြောမိပြောရာ ပြောမိရုံလေးပါ

ဗညားရံ

ပြီးခဲ့တဲ့ဆောင်းပါးမှာ မြန်မာနိုင်ငံရေး ရေစီးကြောင်းက Revolution ကနေ Evolution သို့ ပြောင်းလဲစ ပြုနေပြီလို့ ရေးခဲ့တယ်။ အခု ဒီဆောင်းပါးမှာ အဲဒီအကြောင်းကို နည်းနည်းလေး ဆွေးနွေးချင်တယ်။

စာရေးသူက ဝန်ခံစရာတခု ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို တွေးမိတိုင်း ဟံသာဝတီခေတ်က မွန်ဘုရင်မ ရှင်စောပုကို ပြေးသတိရမိတယ်။ မြန်မာသမိုင်းမှာ မွန်ဘုရင် ဗညားရံက မွန်မြန်မာ စစ်ပြေငြိမ်းရေးအတွက် သူ့နှမတော် ရှင်စောပုကို အင်းဝဘုရင်နဲ့ လက်ဆက်စေခဲ့တယ်လို့ ဆိုပါတယ်။ မွန်သမိုင်းမှာတော့ ရှင်စောပုက မွန်ဘုရင်မ ဖြစ်ပြီး ဘာသာရေး ကိုင်းရှိုင်းလို့ ရွှေတိဂုံဘုရားကို လတိုင်း အဖူးအမျှော် သွားလေ့ရှိရာ လုံခြုံရေး ပေါ့လျော့မှုကြောင့် အင်းဝမင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဖော်ပြတယ်။

မည်သို့ဆိုစေ ရှင်စောပုက အင်းဝကို ရောက်တဲ့အချိန်မှာ အသက်က (၂၈) နှစ် ရှိပြီ။ ကလေး (၂) ယောက် အမေပေါ့။ ရှင်စောပု အင်းဝကို ရောက်ပြီးတဲ့နောက်ပိုင်းမှာ မွန်မြန်မာစစ် ဖြစ်ပွားခြင်း မရှိတော့ဘဲ ဟံသာဝတီမှာ နိုင်ငံခြား ကုန်သွယ်ရေး များစွာ တိုးတက်ခဲ့တယ်။ ရှင်စောပုရဲ့ အခြားဂုဏ်ပုဒ်တခုမှာ ဗညားထော ဖြစ်တယ်။ မင်းအိုလို့ အဓိပ္ပါယ်ရတယ်။

အခုလည်း ဒေါ်အောင်ဆန်းစုကြည်က အသက်အရွယ်ထောက်လာတာနဲ့အမျှ ပြည်သူပြည်သားတွေက လူထုခေါင်းဆောင်အပြင် အမေဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ခေါ်ဝေါ်စပြုခဲ့ပြီ။ ခေါင်းဆောင်ဘဝကနေ တိုင်းပြည်ရဲ့အမေဘဝ ရောက်ခဲ့ပြီ။ အွန်လိုင်းမှာ အမေစု အမေစုလို့ လူတွေ ခေါ်တိုင်း ကြည်နူးစိတ် ဖြစ်ရသည်မှာ အမှန်ပါ။ စာရေးသူလည်း ဒီဆောင်းပါးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အများခေါ်သလို အမေစု လို့ပဲ ခေါ်ပါရစေ။

ရှင်စောပုကို မွန်မြန်မာတွေက အမေလိုပဲ ချစ်ခဲ့ကြတယ်။ အခု အမေစုကိုလည်း ဗမာလူမျိုးများသာ မဟုတ်ဘဲ ပြည်ထောင်စုသားတိုင်းက လေးစားချစ်ခင်ကြတယ်။ လူမျိုးတိုင်းရဲ့ ရင်ထဲမှာ အမေစု ရုပ်ပုံလွှာ ရှိပါတယ်။ စာရေးသူအထင် ပြောရယင် မြန်မာ့တပ်မတော်သားများလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့ ခေါ်ချင်ကြမှာပါ။

ရှင်စောပုက စစ်မက်ဖြစ်ပွားခြင်းကို ပြေငြိမ်းအောင် မိမိကိုယ်မိမိ ဓားစားခံလို အသုံးချခံပြီး ရင်ဝယ်သောကနဲ့ ဘဝကို စတေးခဲ့သလို အမေစုလည်း ဒီစိတ်မျိုး ရှိနေကြောင်း ခံစားမိတယ်။ အမေစုက နဂိုကတည်းက နိုင်ငံရေးအာဏာအတွက် တိုက်ပွဲဝင်နေသူ မဟုတ်ပါ။ နိုင်ငံအတွက် အထူးသဖြင့် မိဘပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ နေထိုင်အသက်ရှင်နိုင်ဖို့၊ တိုင်းရင်းသားများလည်း သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို ရရှိပြီး အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ တိုက်ပွဲဝင်နေခြင်းမျှသာ ဖြစ်တယ်။ ဒါကြောင့်လည်း သိန်းစိန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထိုးစစ်ဆင်တဲ့အခါမှာ ကြားဝင်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ပေးဖို့ အဆင်သင့်ရှိကြောင်း ကမ်းလှမ်းခဲ့ခြင်း ဖြစ်တယ်။

အမေစုကို ဆင်းရဲသားရပ်ကွက်များကနေ လူကုံထံရပ်ကွက်များအထိ၊ ဗမာလူမျိုးများကနေ တိုင်းရင်းသားလူမျိုးများအထိ၊ အောက်ခြေလူတန်းစားများကနေ ပညာတတ် အထက်တန်းစား အသိုင်းအဝိုင်းများအထိ၊ မြန်မာနိုင်ငံကနေ ကမ္ဘာဒေသအသီးသီးအထိ အလွှာပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ချစ်ခင်ကြည်ညိုကြပုံမှာ အားရစရာကောင်းလှတယ်။

သမိုင်းမှာ ဒီလိုအခြေအနေမျိုး ရဖို့ ခက်လှပါတယ်။ ပုဂံခေတ်မှာ ကျန်စစ်သား၊ ဟံသာဝတီခေတ်မှာ ဘုရင့်နောင်ကျော်ထင်နော်ရထာနဲ့ ရှင်စောပု၊ လွတ်လပ်ရေးခေတ်ဦးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ပဲ ဒီလိုအခြေအနေမျိုး ရရှိခဲ့ဖူးပါတယ်။

ပုဂံခေတ်မှာ စောလူမင်းရဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် မွန်တွေက ပုန်ကန်ကြရာမှာ ကျန်စစ်သားက ပုဂံကို ဝင်ကယ်ခဲ့ရတယ်။ ဟံသာဝတီခေတ်မှာ တပင်ရွှေထီးက မင်းစည်းစိမ်ယစ်ပြီး တာဝန်လစ်ဟင်းမှုကြောင့် မွန်တွေက ပုန်ကန်ကြပြန်တယ်။ ဘုရင့်နောင်က ထီးနန်းကို ကယ်ခဲ့ရတယ်။ အင်္ဂလိပ်ကိုလိုနီ အုပ်ချုပ်ရေးကို သက်ဆိုးရှည်စေမယ့် ဒိုမီနီယံ အုပ်ချုပ်ရေးကို အံတုပြီး ဗိုလ်ချုပ်အောင်ဆန်း အစရှိတဲ့ အာဇာနည်ပုဂ္ဂိုလ်ကျော်တို့က လွတ်လပ်ရေး ရရှိအောင် ဦးဆောင်နိုင်ခဲ့ကြတယ်။

အခု အမေစုခေတ် ရောက်ခဲ့ပြီ။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရတယ်။ ဒီမိုကရေစီ မီးအိမ်လည်း မှိတ်တုတ်မှိတ်တုတ် လင်းရာကနေ မုန်တိုင်းထန်လို့ ငြိမ်းခဲ့ရတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ။

ဒီအချိန်မှာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံး (နီးပါး) က အမေစုကို ယုံကြည်ကြတယ်။ မိခင်ရင်းကဲ့သို့ စိတ်ချကြတယ်။ ပြည်ထောင်စုတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံတို့ကလည်း အမေစုကို အားကိုးကြတယ်။ UNFC အဖွဲ့ကြီးကလည်း အမေစုကို စိတ်ချယုံကြည်ကြောင်း အချက်ပြခဲ့ပြီ။ ဒီလိုအချိန်မျိုးမှာ သမ္မတကြီးဦးသိန်းစိန်ကလည်း အမေစုကို ယုံကြည်၊ စိတ်ချ၊ အားကိုးမိဖို့ လိုပါတယ်။ ဒါဟာ အတိုက်အခံ အင်အားစုများနဲ့ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးသက်သက်မဟုတ်ဘဲ သမ္မတဦးသိန်းစိန် အစိုးရအတွက်လည်း စစ်မှန်တဲ့ အခွင့်အရေးတခု ဖြစ်တယ်။

လူတိုင်းက ဒီအခွင့်အရေးကို လက်မလွတ်စေဘဲ အမိအရ ဆုပ်ကိုင်ကြမှပဲ ပြောခဲ့တဲ့ Evolution က အောင်မြင်မှု ရနိုင်မှာပါ။

လက်ရှိဦးသိန်းစိန်အစိုးရ မကောင်းကြောင်းချည်းပဲ ရေးနေတယ်လို့ လူတွေ ထင်ချင်ထင်ကြမယ်။ ဝေဖန်သင့်လို့ ဝေဖန်ခဲ့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပေးခြင်း၊ အမေစုကို နေရာပေးခြင်း၊ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ခြင်းများ အပါအဝင် UNFC အဖွဲ့ဝင်များ တောင်းဆိုတဲ့အတိုင်း UNFC အဖွဲ့ဝင်များကို ပြည်နယ်အစိုးရများကတဆင့် မဆွေးနွေးစေတော့ဘဲ ပြည်ထောင်စုအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးနိုင်ဖို့ လမ်းစဖွင့်ပေးခြင်း စတဲ့အချက်များကို ထောက်ပြီး ဦးသိန်းစိန်အစိုးရကို credit ပေးသင့်တယ်။

ပြည်ထောင်စု အစိုးရအနေနဲ့ ထိုးစစ်ဆင်နေခြင်းများကို ရပ်တန့်ပြီး K.I.A များဆီကို ပြည်ထောင်စု ကိုယ်စားလှယ်များ စေလွှတ်ပေးခြင်း၊ ဒါမှမဟုတ် K.I.A ကိုယ်စားလှယ်များကို ပြည်ထောင်စု အစိုးရက လက်ခံတွေ့ဆုံခြင်းကို ပြုလုပ်ပေးနိုင်ယင် အင်မတန် သင့်မြတ်တဲ့ နိုင်ငံရေး ဆောင်ရွက်ချက်တခု ဖြစ်တယ်။ ဒီအပတ်မှာ K.N.U. က ပြည်ထောင်စု အစိုးရနဲ့ ဆွေးနွေးဖို့ ကိုယ်စားလှယ် (၇) ဦး ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို နေပြည်တော်သို့ စေလွှတ်ဖို့ ရှိကြောင်း သိရတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

U.N.F.C အနေနဲ့ အမေစုနဲ့ တိုင်တိုင်ပင်ပင် ရှိပြီး အမေစု ကြိုးပမ်းနေတဲ့ Evolution ကို ထောက်ခံသင့်က ထောက်ခံရပါ့မယ်။ ပြည်ထောင်စု အစိုးရက ကိုယ်စားလှယ် စေလွှတ်ခြင်းကို စောင့်နေစရာ မလိုဘဲ မိမိတို့ အဖွဲ့ဝင်များမှ ကိုယ်စားလှယ်များကို ပြည်ထောင်စု အစိုးရက လက်ခံအောင်လည်း ကမ်းလှမ်းသင့်က ကမ်းလှမ်းရပါ့မယ်။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ မဟုတ်ပေမဲ့ အဲဒီသုံးပွင့်ဆိုင်ဆီ ရောက်ဖို့ သုံးအုပ်စုစလုံးက လှုပ်ကစားမှ လိုရာရောက်နိုင်ပါ့မယ်။

မြန်မာနိုင်ငံမှာ ပြဿနာကို တိုက်ရိုက်ကိုင်တွယ်ပြီး ဖိအားပေး ပြောင်းလဲစေခြင်း Revolution ကနေ အဆင်မပြေတော့ကြောင်း သုတေသီအချို့က ယူဆလာကြတဲ့အားလျော်စွာ ပြဿနာကို သွယ်ဝိုက်နည်းနဲ့ ကိုင်တွယ်ပြီး Evolutional Theory တခု ခေတ်စားလာပြီ ဖြစ်တယ်။ ဒီတော့ ဒီ Theory ကို အကောင်အထည်ဖော်နိုင်ဖို့…

၁။ လက်ရှိ ဦးသိန်းစိန် အစိုးရ မျှမျှတတ ခေါ်ရယင် ပြည်ထောင်စု အစိုးရကို တရုတ်အစိုးရနဲ့ ကင်းကွာအောင် အရင်လုပ်ရမယ်။ ထဲထဲဝင်ဝင် ရှိတဲ့ အရာရှိတွေ ပြောစကားအရ စစ်အစိုးရ လက်ထက်ကတည်းက တရုတ်ကို အယုံအကြည် မရှိခဲ့ဘူးလို့ သိရတယ်။ ဆွေမျိုးပေါက်ဖော်တွေပါလို့ စကားလုံးတွေ ဗုံးပေါလအော သုံးနေပေမဲ့ မြန်မာတရုတ် ဆက်ဆံရေးကတော့ မိုးပေါ်ကို တက်တဲ့ လေပူဖောင်းလိုပဲ။ ပေါက်ကွဲ လွယ်ပါတယ်။ နိုင်ငံတိုင်းက မိမိအကျိုးစီးပွားအတွက် အလုပ်လုပ်ကြတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စု အကျိုးစီးပွားနဲ့ လုံခြုံရေးအတွက် တရုတ်ထက် အမေရိကန်နဲ့ အိန္ဒိယက ပိုအားကိုးရကြောင်း သမ္မတကြီးသိအောင် လုပ်ပါ။

၂။ N.L.D အနေနဲ့ ပါတီမှတ်ပုံကို တင်ပါ။ ဒါပေမဲ့ ရွေးကောက်ပွဲကို မဝင်ပါနဲ့ဦး။ အမေစုလည်း အစိုးရရာထူးကို လက်မခံပါနဲ့။ ဒါပေမဲ့ ပြည်ထောင်စု အစိုးရကို တတ်နိုင်သလောက် ကူညီပါ။ U.N.F.C နဲ့ N.L.D ဆွေးနွေးခွင့်ကို ပြည်ထောင်စု အစိုးရက ခွင့်ပြုသင့်သလို မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်အတွက် U.N.F.C နဲ့ N.L.D အဆင်သင့် ဖြစ်တဲ့အချိန်အထိ ပြည်ထောင်စု အစိုးရက စိတ်ရှည် လက်ရှည် သည်းညည်းခံ စောင့်ပေးဖို့ လိုသလို အကူအညီများ လိုအပ်ယင်လည်း ပေးဖို့ အဆင်သင့် ဖြစ်နေရပါ့မယ်။

၃။ ၂၀၀၈ ဖွဲ့စည်းပုံကို လူအတော်များများက မကြိုက်ကြပါဘူး။ ဒါပေမဲ့ အဲဒီဖွဲ့စည်းပုံကို ချက်ချင်းမပြင်နိုင်ကြောင်း လူတွေ ရိပ်မိစ ပြုလာကြတယ်။ ဒီတော့ အဖွဲ့တိုင်းရဲ့ တည်ရှိရေးနဲ့ လုံခြုံရေးကို အာမခံပြီး ဖြည်းဖြည်းချင်း ပြုပြင်သွားသင့်တယ်။ ဥပမာ-တပ်မတော် သား အမတ်များ အရေအတွက်ကို ချက်ချင်းလျှော့ပါက အာဏာသိမ်းမှုများ ဖြစ်ပေါ်နိုင်တယ်။ တပ်မတော်က Evolution ကနေ Revolution ဘက်ကို ပြန်သွားနိုင်လို့ သတိထား ကိုင်တွယ်ရမယ့် ကိစ္စတခုလို့ ယူဆကြတယ်။ လောလောဆယ် ဒီကိစ္စကို မထိခိုက်စေဘဲ လိုရာခရီးလည်း ရောက်အောင် မည်ကဲ့သို့ လျှောက်လှမ်းရမှာကို သုံးအုပ်စုလုံးက အချင်းချင်း နားလည်သဘောပေါက်ထားရမယ်။

၎။ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းပြည် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို အချိန်နဲ့ နေရာများ သတ်မှတ်ပြီး ပြည်ထောင်စုနဲ့ ပြည်နယ်ချင်း၊ ပြည်နယ် အချင်းချင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများ အချင်းချင်း၊ အောက်ခြေအဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောက်ရွက်တတ်ဖို့လည်း အရေးကြီးတယ်။

ဒီအဆင့် (၄) ဆင့်ကို အကောင်အထည်ဖော်နိုင်ဖို့ N.L.D က ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ ပြည်ထောင်စုအဆင့် အဖွဲ့ဝင်များကို စည်းရုံး ဖွဲ့စည်းရသလို U.N.F.C အဖွဲ့အနေနဲ့လည်း ပါတီနိုင်ငံရေးနဲ့ စစ်ရေးကိစ္စရပ်များကို ဒေသ၊ ပြည်နယ်၊ ပြည်ထောင်စုအဆင့် ထားရှိသင့်တယ်။ ဒါမှပဲ ဖြစ်ပေါ်လာတဲ့ အခြေအနေ အရပ်ရပ်နဲ့အညီ အဆင်သင့် ဖြစ်နိုင်ပါလိမ့်မယ်။

U.S.D.P အစိုးရ၊ N.L.D ပါတီ၊ U.N.F.C တို့ ဦးဆောင်ပြီး ပါတီပေါင်းများစွာ၊ အဖွဲ့အစည်းပေါင်းများစွာတို့က ဝန်းရံကြကာ ဒီမြေဒီရေ ဒီလေကို ထိန်းသိမ်းကာကွယ်ကြကာ ဒီမိုကရေစီရေး၊ လူအခွင့်အရေး၊ လူမျိုးစုံတန်းတူရေးနဲ့ ပြည့်စုံပြီး တည်ငြိမ်အေးချမ်းတဲ့ ဖက်ဒရယ် ပြည်ထောင်စုတခု ပေါ်ထွန်းခဲ့ယင် ကမ္ဘာမှာ မျက်နှာပန်းလှကြမှာ မလွဲပါ။ မြန်မာနိုင်ငံသား ဖြစ်ရတာကို ဂုဏ်ယူဝင့်ကြွားနိုင်ပြီး ရောက်ရာ နိုင်ငံမှာ အနှိမ်ခံနေရတဲ့ဘဝကနေလည်း လွတ်မြောက်နိုင်ကြပါလိမ့်မယ်။

ပြည်ထောင်စုသားအားလုံးတို့ဟာ ရန်သူများ မဟုတ်ကြပါ။ လွတ်လပ်ရေးအတွက် တိုက်ပွဲပေါင်းများစွာကို အတူတူ ဝင်ခဲ့ကြသူများ ဖြစ်တယ်။ ဒီအဖိုးတန်မြေအတွက် သွေးမြေကျခဲ့ရသူများသာ ဖြစ်ခဲ့ကြတယ်။ ဒီမြေဒီရေဒီလေထုကို နှစ်ပရိစ္ဆေဒပေါင်း များစွာကတည်းကပဲ တန်ဖိုးထား မြတ်နိုးခဲ့ကြသူများသာ ဖြစ်တယ်။ မိသားစုတိုင်းက အေးချမ်းစွာ နေထိုင်လိုကြတယ်။ လူမျိုးတိုင်းက ပြည်ထောင်စုကြီးအတွက် အလှဆင်ချင်ကြတယ်။ ပြည်ထောင်စုကြီးမှာ မေတ္တာရေ ခမ်းနေတယ်။ အမေစုသည် ပြည်ထောင်စုကြီးအတွက် မေတ္တာရေချမ်းစင် ဖြစ်ပါစေ။

U.S.D.P သမ္မတကြီး ဦးသိန်းစိန်ကလည်း နက်ရှိုင်းတဲ့ မေတ္တာတရား အခြေခံကြောင့် ရိုးသားပြီး ယုံလွယ်တဲ့ အမေစုကို နိုင်ငံရေးအရ အမြတ်ထုတ်ရမယ့်အစား အမြတ်ထုတ်ချင်စိတ် ရှိပါက အဲဒီစိတ်ကို နိုင်အောင် တိုက်ထုတ်ပြီး အောင်နိုင်မှုအစစ်ကို ရယူပါ။ U.S.D.P ပါတီရဲ့ သမ္မတအဖြစ်သာ အားရမနေဘဲ N.L.D. ၊ U.N.F.C နဲ့ ပြည်သူပြည်သားအားလုံးတို့ရဲ့ နှလုံးသားထဲက သမ္မတ ဖြစ်အောင်လည်း ကြိုးစားသင့်လှတယ်။

အချို့က ပြောကြတယ်။ အမေစုက အသက်ကြီးလာလို့ ရသလောက်ပဲ လုပ်ဖို့ စိတ်လျှော့လိုက်ပုံရတယ်လို့ ဆိုကြတယ်။ နိုင်ငံရေးအာဏာ ရယူဖို့ကို စိတ်မဝင်စားတော့ဘဲ မြန်မာသမိုင်း မရိုင်းအောင်ပဲ ကြိုးစားသွားတော့မယ်လို့လည်း ပြောကြတယ်။ စာရေးသူက အဲဒီလို မထင်ပါ။ အမေစုဟာ စိတ်ဓာတ်ရေးရာအရ အင်မတန် ခိုင်ကျည်တဲ့ ရှေ့သွားလမ်းပြတဦး ဖြစ်တယ်။ အမေစုရဲ့ အသက်အရွယ်ကို စိုးရိမ်စရာ အချက်တချက်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါ။

အမေစုက ပါတီမှတ်ပုံတင်ခြင်းကို စဉ်းစားမိခဲ့ယင် အဲဒါကတော့ ပါတီပျိုးခင်းကို အစပြန်ပြုခြင်းလို့ နားလည်မိတယ်။ ရွေးကောက်ပွဲကို ဝင်ရောက်မိပါက အမေစုဟာ တိုင်းသူပြည်သားတွေရဲ့ ဒုက္ခကို မကြည့်ရက်လွန်းလို့ မနိုင်မှန်း သိသော်လည်း ခဏတာ သက်သာလို သက်သာငြား ဝင်ကယ်ခြင်းမျှသာ ဖြစ်တယ်လို့ သဘောပေါက်မိတယ်။ ဒါပေမဲ့ သမ္မတဦးသိန်းစိန်တို့ အသည်းက ကျောက်အတိပြီးတဲ့အရာ မဟုတ်ပါ။ အသွေးနဲ့ အသားနဲ့ တည်ဆောက်ထားတဲ့အရာဖြစ်လို့ စက္ကန့်တိုင်း ပြောင်းလဲနိုင်ပါတယ်။ အမေစုနဲ့ များများထိတွေ့ယင် ဓာတ်မကူးဘူးလို့ မပြောနိုင်ပါဘူး။

အသောကမင်းကြီးက သမ္မတဦးသိန်းစိန်တို့ထက် ကြမ်းခဲ့ပါတယ်။ အနော်ရထာမင်းစောလည်း စစ်အစိုးရထက် လူသတ်ခဲ့ပါတယ်။ ဒါပေမဲ့ လူကောင်းပြန်ဖြစ်ခဲ့ကြတယ်။ သမ္မတဦးသိန်းစိန်တို့သာ လူကောင်းပြန်လုပ်ချင်တယ်လို့ အမေစုဆီ ကတိပေးခဲ့ယင် ပြည်ထောင်စုသားတို့ကလည်း ဗုဒ္ဓဘာသာ လူမျိုးများပီပီ လွယ်လွယ်ကလေးနဲ့ပဲ ခွင့်လွှတ်နိုင်ကြမှာပါ။ ဗုဒ္ဓဘာသာ မဟုတ်ဘဲ ခရစ်ယာန် တိုင်းရင်းသားများ ဖြစ်ယင်လည်း ခရစ်တော် အဆုံးအမအလျှောက် ခွင့်လွှတ်နိုင်ကြမှာပါ။

ဒါကြောင့် အမေစုရဲ့ မေတ္တာဓာတ်နဲ့…တပြည်လုံး အပစ်အခတ်ရပ်စဲပြီး လွှတ်တော်မှာ သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ပေါ်ပေါက်လာကာ…

၁။ လွှတ်တော်များကနေ အနှစ် (၂၀) အတွင်း တပ်မတော်သား ကိုယ်စားလှယ်အမတ်များ ပပျောက်ပြီး စစ်သားတို့က စစ်တန်းလျားကို ပြန်ကာ တပ်မတော်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ပါစေ။

၂။ အမေစုကို နိုင်ငံဦးသျှောင် နေရာထားပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူမျိုးတန်းတူရေးရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းပါစေ။

၃။ ပြည်ထောင်စုကြီးမှာ ပါတီများ မှိုလိုမပေါက်ဘဲ U.S.D.P ပါတီ၊ N.L.D ပါတီ၊ U.N.F.C ပါတီ (၃) ပါတီသာ ရှိပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှာ တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အနိုင်အရှုံးကို တရားသဖြင့် အသိအမှတ်ပြုနိုင်ကြစေ။

၎။ ပြည်ထောင်စုမူက အားသန်ပြီး ပြည်နယ်မူက နောက်လိုက်ကာ ပါတီများက ကိုယ်ပိုင်နည်းနဲ့ နိုင်ငံတော်ရဲ့ ဝိသေသလက္ခဏာကို ကမ္ဘာက ခန့်ညားအောင် အုပ်ချုပ်နိုင်ကြစေ၊ ဥပဒေပြုနိုင်ကြစေ၊ တရားစီရင်နိုင်ကြစေ။

၅။ နိုင်ငံသားတိုင်းက ပြည်ထောင်စုကြီးရဲ့ အခြေခံဥပဒေကို လေးစားကြကာ အခွင့်အရေး အပြည့်အဝရသူများ တာဝန်သိသူများ ဖြစ်ကြစေ။

၆။ အမေစုကို မွန်ဘုရင်မကြီး ရှင်စောပုလို ရာစုနှစ်ပေါင်းများစွာ လူတွေ အမှတ်ရကြစေ၊ ပြည်ထောင်စု မော်ကွန်းသမိုင်းမှာ တင်ကျန်ရစ်စေ။

Revolution လုပ်စရာ မလိုဘဲ ဒီ Evolution တွေ ဖြစ်ပေါ်လာယင် ဘယ်လောက်ကောင်းမလဲ။ ဒီလိုဖြစ်လာယင် အမေစုက ဘယ်လောက်ဝမ်းမြောက်ဝမ်းသာဖြစ်မလဲ။ ပြည်ထောင်စုသားတွေ ဘယ်လောက်ပျော်ရွှင်ကြမလဲ။ လွတ်လပ်ရေးရဲ့ အရသာ ဘယ်လောက်ချိုမြိန်နေမလဲ။ ပြည်ထောင်စုရဲ့အလှ ဘယ်လောက်ဝင့်ကြွားနေမလဲ။

မှတ်ချက်။။ ဒီဆောင်းပါးက ပြီးခဲ့တဲ့ဆောင်းပါးနဲ့ ပြောင်းပြန်ပါ။ ပြောင်းပြန်လုပ်ပြီး စိတ်ကူးယဉ်ကြည့်တာပါ။ ဖြစ်ချင်တာကို အိပ်မက်မက်တယ်လို့ ဆိုချင်ဆိုပါတော့။ အရင်က ဆောင်းပါးက လက်တွေ့မကျယင် ဒီဆောင်းပါးလည်း လက်တွေ့ကျမှာ မဟုတ်ပါဘူး။

အမေစုက ရှင်စောပုဖြစ်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ပေါ်ထွန်းဖို့၊ စစ်တပ်က စစ်တန်းလျားပြန်ဖို့ (၅) နှစ်အတွင်း မဖြစ်နိုင်ပါဘူး။ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို အားလုံးက သနားငဲ့ညှာကြမှ ဖြစ်နိုင်မှာမို့ပါ။ ဒီဆောင်းပါးမှာ အကောင်းမြင်သဘောနဲ့ ပြောမိပြောရာ ပြောမိရုံလေးပါ။

No comments: