ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်က ထိုင်းနိုင်ငံရဲ့မဟာဗျူဟာအကျိုးစီးပွား

ထိုင်းနိုင်ငံဟာ ထားဝယ်ဒေသကို ဘာဖြစ်လို့ စိတ်ဝင်စားရတာလဲဆိုတဲ့ အခြေခံကျတဲ့ မေးခွန်းတခု ရှိနေပါတယ်။ အီတာလျံ-ထိုင်းကုမ္ပဏီရဲ့ Marine Division က နိုင်ငံရပ်ခြား စီမံကိန်း ညှိနှိုင်းရေးမှူး Sirapat Trinvuthipong ရဲ့ အဖြေကတော့ ထိုင်းနိုင်ငံမှာ ဒီလို အချက်အချာကျတဲ့ ပထဝီအနေအထားမျိုး မရှိလို့ပါတဲ့။ ဒါ့အပြင် ဒီမေးခွန်းအတွက် တခြားအရေးကြီးတဲ့ အချက်အလက်တွေ အခိုင်အမာရှိနေပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်အပေါ် ထိုင်းအစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ မျက်စိကျနေတဲ့ အချက်ကတော့ စီမံကိန်းရဲ့ အဓိကကဏ္ဍကြီး ၃ ခုဟာ မဟာဗျူဟာကျကျ အပြန်အလှန်ဆက်စပ်နေတဲ့အချက် ဖြစ်ပါတယ်။ အဲဒါတွေကတော့ ဒေသတွင်းနဲ့ နိုင်ငံတကာကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး (Regional and Global Trade & Logistic) ကဏ္ဍ၊ စက်မှုဇုန်ထူထောင်ရေး (Industrial Establishment) ကဏ္ဍနဲ့ ထိုကဏ္ဍနှစ်ခုလုံးကို ဖြည့်ဆည်းပေးမယ့် သဘာဝအရင်းအမြစ်များ ထုတ်ယူသုံးစွဲခြင်း (Natural Resource Exploitation) ကဏ္ဍတို့ပဲ ဖြစ်ပါတယ်။
ဒေသတွင်းနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးမှာ ထားဝယ်ရေနက်ဆိပ်ကမ်းရဲ့ အနာဂတ် အလားအလာအပေါ် ထိုင်းအစိုးရနဲ့ အီတာလျံ-ထိုင်းကုမ္ပဏီတို့ရဲ့ မျှော်မှန်းချက်ကတော့ ရှင်းပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းက တဆင့် မဲခေါင်ဒေသနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ တောင်ပိုင်း ကုန်တွင်းပိတ် ယူနန်ပြည်နယ်တို့ရဲ့ ထွက်ကုန်တွေကို အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပတို့ဆီကို (တနေ့တခြား အန္တရာယ်များလာတဲ့ မလက်ကာ ရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ) တင်ပို့နိုင်မှာဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ကမ္ဘာ့တဖက်ခြမ်းက တင်သွင်းကုန်တွေကိုလည်း မဲခေါင်နိုင်ငံတွေဟာ ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ ဆက်သွယ်ထားတဲ့ အာရှအဝေးပြေးလမ်းကြီးကတဆင့် သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ထိုင်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားဆိုင်ရာ တွက်ချက်မှုက ဘန်ကောက်မြို့ကို မဲခေါင်ဒေသ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ဗဟိုချက်အဖြစ် မျှော်မှန်းထားပါတယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အုံပိုင်းမှာ အဆင့်အမြင့်ဆုံးဖြစ်နေတာ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပိုင်းမှာ ခေတ်မီနေတာ၊ ကမ္ဘာနဲ့ချိတ်ဆက်ထားနိုင်တဲ့ ခိုင်မာတဲ့ဈေးကွက်ရှိနေတာနဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့မှ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများရဲ့ ဆုံမှတ်ဖြစ်နေတာ စတဲ့အချက်တွေဟာ ထိုင်းနိုင်ငံအတွက် ဒေသတွင်းစီးပွားရေး ဗဟိုချက် ဖြစ်လာနိုင်တဲ့ အားသာချက်တွေဖြစ်ပါတယ်။ ဒါ့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်းကို တည်ဆောက်စီမံခန့်ခွဲခွင့် ရလိုက်ခြင်းဟာလည်း ဒီဆိပ်ကမ်းကတဆင့် အိန္ဒိယ ဈေးကွက်ကို ထိုင်းကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်စရိတ် သက်သက်သာသာနဲ့ တိုးချဲ့တင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။
ဒုတိယအချက်ဖြစ်တဲ့ ထားဝယ်ဒေသမှာ စက်မှုဇုန်တွေ ထူထောင်ရေးဟာလည်း ထိုင်းနိုင်ငံမှာရှိတဲ့ စက်မှုဇုန်တွေကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရှောင်လွှဲဖို့ ဖြစ်ပါတယ်။
စက်မှုလုပ်ငန်းရှင်တွေ တနေ့တခြား တိုးပြီးရင်ဆိုင်လာရတဲ့ ထိုင်းပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေနဲ့ ရလဒ်အနေနဲ့ စက်မှုလုပ်ငန်းတွေအပေါ် ဥပဒေအရ ပိုမိုတင်းကျပ်လာ နေတာကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်ဟာ ထွက်ပေါက်တခု ဖြစ်လာလိမ့်မယ်လို့ ထိုင်းအစိုးရက ရှုမြင်ထားပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တည်ဆောက်ခွင့်ကို မြန်မာအစိုးရနဲ့ အီတာလျံ-ထိုင်းကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုပြီး မကြာခင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာမှာ အဲဒီတုန်းက ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ (Abhisit Vejjajiva) က “တချို့စက်ရုံတွေက ထိုင်းနိုင်ငံမှာ အခြေချဖို့ မသင့်လျော်ပါဘူး။ အဲ့ဒါကြောင့် ဒီစက်ရုံတွေကို အဲဒီမှာ (ထားဝယ်မှာ) တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ သူ့ရဲ့ အပတ်စဉ် ရုပ်မြင်သံကြား မိန့်ခွန်းတခုမှာ ပြောကြားသွားပါတယ်။
၂၀၁၁ ခုနှစ် ဇွန်လထဲမှာပဲ ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ တာနစ်ဆို ရတ် (Tanit Sorat) က “မြန်မာတွေက သဘာဝပတ်ဝန်းကျင်ပြဿနာတွေကို လျစ်လျူရှုထားတုန်းပါပဲ။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေလို့ ကမ္ဘာ့တခြားနေရာတွေမှာ တားမြစ်ထားတဲ့ အကြီးစားစက်မှုလုပ်ငန်းကြီးတွေအတွက် ထားဝယ်က အဖြေတခုပါ” လို့ AFP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောဆိုခဲ့ပါတယ်။
ဒီပြောဆိုချက်တွေအရ ထိုင်းနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကို ထိခိုက်အန္တရာယ်ပြုနေတဲ့ စက်မှုလုပ်ငန်းတွေရဲ့ အခြေအနေ ဘယ်လောက်ဆိုးဆိုးရွားရွား ဖြစ်နေသလဲဆိုတာ မှန်းကြည့်နိုင်ပါတယ်။ (ထိုင်းနိုင်ငံရဲ့ အကြီးဆုံး မတ်တဖွတ် Map Ta Phut စက်မှုဇုန်အကြောင်း ရှေ့အပတ်တွေမှာ ဆက်လက်ဖော်ပြသွားပါမယ်။)
တတိယအချက်ဖြစ်တဲ့ ထားဝယ်ဒေသရဲ့ သဘာဝအရင်းအမြစ်တွေ ထုတ်ယူသုံးစွဲ နိုင်မှုမှာ မဟာဗျူဟာကျခြင်းက ထိုင်းနိုင်ငံအတွက် ပထမနဲ့ ဒုတိယအချက်တွေက ရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် အဓိကအကြောင်းရင်းဖြစ်နေပါတယ်။
တကယ်တော့ ထိုင်းနိုင်ငံမှာ ထားဝယ်လို ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် တွဲလျက်တည်ဆောက်မယ့် မဟာဗျူဟာကျတဲ့နေရာ ရှိသလို စီမံကိန်းလည်း ရေးဆွဲ ထားပါတယ်။ မြန်မာနိုင်ငံရဲ့တောင်ဘက်စွန်း ကော့သောင်းမြို့ကနေ တောင်ဘက်ကို ဆက်ဆင်းသွားရင် ထိုင်းနိုင်ငံတောင်ပိုင်းက ဆာထုန်ဒေသ (Satun Province) မှာ ပတ်ဘာရာ (Pak Bara) ရေနက်ဆိပ်ကမ်းနဲ့ (Southern Seaboard Development Project) ကို ထိုင်းအစိုးရက ရေးဆွဲအကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တာ နှစ်အတော် ကြာပါပြီ။ ဒါပေမယ့် ဒေသခံပြည်သူတွေရဲ့ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်မှုကြောင့် အကောင်အထည်မဖော်နိုင်ဘဲ ရှိနေခဲ့ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ ကုန်သွယ်ရေးဝန်ကြီးဟောင်းတဦး လည်းဖြစ်၊ အမျိုးသားစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့ (NESDB) ရဲ့ ဒါရိုက်တာတဦးလည်းဖြစ်ခဲ့တဲ့ နာရုန်ချိုင်း အကရာစန်နီး Narongchai Akrasanee က “ဟိုတုန်းက ကျနော်တို့ Southern Seaboard နဲ့ Pak Bara ရေနက်ဆိပ်ကမ်းအ ကြောင်း ပြောလေ့ရှိကြတယ်။ ဒါပေမယ့် အခုတော့ အဲဒါတွေအားလုံးကို မေ့လိုက်ကြပါတော့။ ထိုင်းနိုင်ငံမှာ အဓိကရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ သံမဏိစက်မှုလုပ်ငန်းကြီးတွေ ထားဝယ်ကို သေချာပေါက် ရွှေ့ပြောင်းရတော့မှာပါ။ ထိုင်းပြည်သူတွေက အဲဒီစက်မှုလုပ်ငန်းကြီးတွေကို ဆန့်ကျင်ကန့်ကွက်နေလို့ ကျနော်တို့ ဘယ်လိုမှ ရှေ့ဆက်တိုးလို့မရတဲ့ အခြေအနေပါ” လို့ ဘန်ကောက်အခြေစိုက် နေးရှင်း (The Nation) အင်္ဂလိပ်သတင်းစာကို ၂၀၁၁ ခုနှစ် မတ်လထဲမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံဟာ သူ့နိုင်ငံတွင်းမှာ ဒီလို ညစ်ညမ်းတဲ့စက်မှုလုပ်ငန်းတွေ ဆက်လက်တိုးချဲ့ထူထောင်သွားဖို့ အခက်ကြုံနေလို့ ထားဝယ်ကို မျက်စိကျတာဟာ အကြောင်းအချက်တခုပဲ ဖြစ်ပါတယ်။ ဒီထက်အရေးကြီးတဲ့ တခြားမဟာဗျူဟာအကျိုးစီး ပွားတခုကတော့ တနေ့တခြား လိုအပ်ချက်ကြီးမားလာနေတဲ့ ထိုင်းနိုင်ငံရဲ့ စွမ်းအင်လုံခြုံမှု ကို ဖြည့်ဆည်းပေးမယ့် မြန်မာပြည်က စွမ်းအင်အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။ ဒါကို ထားဝယ်စီမံကိန်းက ဘယ်လို ဖြည့်စွမ်းပေးနိုင်ပါသလဲ။
ထားဝယ်ရေနက်ဆိပ်ကမ်းဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက် ကြီး နှစ်ခုဖြစ်တဲ့ မုတ္တမပင်လယ်ကွေ့က ရတနာနဲ့ တနင်္သာရီကမ်းရိုးတန်းအလွန် အန်ဒမန် ပယ်လယ်ထဲက ရဲတံခွန်တို့အကြားမှာ ပထဝီအနေအထားအရ မဟာဗျူဟာကျကျ တည်ရှိနေပါတယ်။ ဒီအချက်တခုတည်းက အစဉ်တစိုက် ကြီးထွားနေတဲ့ နိုင်ငံရဲ့ စွမ်းအင် သုံးစွဲမှုကို ဖြည့်ဆည်းနိုင်ဖို့အတွက် မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တင်ပို့မှုကို အားကိုး နေရတဲ့ ထိုင်းနိုင်ငံကို ထားဝယ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်နေတာပါ။
မုတ္တမပင်လယ်ကွေ့ထဲက သဘာဝဓာတ်ငွေ့သိုက်တွေမှာ ထိုင်းနိုင်ငံက ဘယ်လောက်များ ရင်းနှီးမြှုပ်နှံထားသလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
ထိုင်းနိုင်ငံရဲ့ အကြီးဆုံးရေနံကုမ္ပဏီစုကြီးရဲ့ PTTEP (PTT Exploration and Production Public Company Ltd.) ကုမ္ပဏီရဲ့ အင်တာနက်ဝက်ဆိုက်မှာ တင်ထားတဲ့ အချက်အလက်တွေအရ PTTEP ဟာ မုတ္တမပင်လယ်ကွေ့ထဲက သဘာဝ ဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး လုပ်ကွက်အမှတ် M3, M4, M7, M9 နဲ့ M11 တို့ကို ၁၀၀ ရာခိုင်နှုန်းအပြည့် ပိုင်ဆိုင်ထားပြီး အဲဒီလုပ်ကွက်တွေအားလုံးရဲ့ အနီးဆုံးနေရာဟာ ထားဝယ်ရေနက်ဆိပ်ကမ်းပဲ ဖြစ်တယ်ဆိုတာကို အောက်ပါမြေပုံက ဖော်ညွှန်းနေပါတယ်။
ဒါ့အပြင် ပြင်သစ်နိုင်ငံအခြေစိုက် တိုတယ် (TOTAL) ရေနံကုမ္ပဏီကြီးက တူးဖော် ထုတ်လုပ်ခွင့် ရထားတဲ့ သဘာဝဓာတ်ငွေ့တွင်းတွေရဲ့ ၂၅ ဒသမ ၅ ရာခိုင်နှုန်းနဲ့ မလေးရှားနိုင်ငံအခြေစိုက် ပတ်ထရိုနပ်စ် (Petronas) ရေနံကုမ္ပဏီကြီးက တူးဖော်ထုတ် လုပ်နေတဲ့ သဘာဝဓာတ်ငွေ့တွေရဲ့ ၁၉ ဒသမ ၃၁၇၈ ရာခိုင်နှုန်းကိုလည်း PTTEP က ပိုင်ဆိုင်ထားပါတယ်။
ဒါကြောင့် သဘာဝဓာတ်ငွေ့သိုလှောင်ကန်တွေ၊ ဒီဓာတ်ငွေ့တွေကို အသင့်သုံးစွဲ နိုင်တဲ့ အဆင့်အထိ အရည်အဖြစ် သန့်စင်ပြောင်းလဲမယ့် စက်ရုံတွေနဲ့ ထားဝယ်ရေနက် ဆိပ်ကမ်းကနေ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်အထိ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်း တင်ပို့ မယ့် အစီအစဉ်တွေကို ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကြီးမှာ ထိုင်းနိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားတွေအဖြစ် ရေးဆွဲထားပါတယ်။
ဒီလိုလုပ်နိုင်မယ်ဆိုရင် ထုတ်လုပ်စရိတ် အကုန်အကျ သက်သာပြီး ထိုင်းနိုင်ငံ တွင်း လောင်စာဆီဈေးနှုန်း မြင့်တက်မှုကို အစိုးရအနေနဲ့ အထိုက်အလျောက် ထိန်းထား နိုင်မှာဖြစ်သလို ရေနံချက်စက်ရုံတွေနဲ့ သဘာဝဓာတ်ငွေ့သန့်စင်စက်ရုံတွေကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုပြဿနာတွေ ထိုင်းနိုင်ငံ မှာ တိုးပွားမလားအောင် ရှောင်ရှားရာလည်းကျပါတယ်။
ထိုင်းနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့သုံးစွဲမှုဟာ တနေ့တခြား မြင့်မားလာနေပါတယ်။ ထိုင်းအစိုးရရဲ့ စွမ်းအင်မူဝါဒနဲ့ စီမံကိန်းဆိုင်ရာရုံး EPPO (Energy Policy and Planning Office of Thailand) ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ လွန်ခဲ့တဲ့ ၁၂ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တင်သွင်းခဲ့တဲ့ သဘာဝဓာတ်ငွေ့ ပမာဏဟာ ပထမ ၂ နှစ်ဖြစ်တဲ့ ၁၉၉၈ နဲ့ ၁၉၉၉ ခုနှစ်တို့မှာ တနေ့ကို ကုဗပေသန်းပေါင်း ၂ သန်း စတင်တင်သွင်းခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ တဖြည်းဖြည်းမြင့်မားလာပြီး ၂၀၀၉ ခုနှစ်မှာ တနေ့ကို ကုဗပေသန်းပေါင်း ၈၀၃ သန်းအထိ တိုးတက်ခဲ့ပါတယ်။ ဒါဟာဆိုရင် ထိုင်းနိုင်ငံရဲ့ ပြည်တွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုရဲ့ ၂၆ ဒသမ ၈၅ ရာခိုင်နှုန်း ရှိပါတယ်။
No comments:
Post a Comment