Thursday, December 8, 2011

မေတ္တာ စက်ဝိုင်း

နှင်းပန်းအိမ်

အရောင်အသွေးနဲ့ ရနံ့တွေဟာ ထူးဆန်းပြီး နားမလည်နိုင်တဲ့ စကားတမျိုးကို ပြောပြလေ့ရှိတယ်လို့ ကျမ ခံစားမိ တယ်။ တဲအိမ်လေးမှာ သုံးနှစ်အကြာ နေနေရတဲ့ ကျမအတွက် အပြင်လောကနဲ့ လူ့အဖွဲ့အစည်းကြီးထဲကို ခေတ္တ ခဏရောက်ရတဲ့အခါ ခုလိုမျိုးခံစားမိတာပါ။

ကျမတို့ဒုက္ခသည်စခန်းက တဲအိမ်လေးတွေက ခြံနဲ့ဝင်းနဲ့ မဟုတ်ဘူး။ တအိမ်နဲ့တအိမ် ပွတ်သီးအပွတ်သပ် နေကြ ရတာ။ ကျမချော်လဲပြီး ညာဘက်လက်အရိုး အက်သွားတဲ့အတွက် ဒုက္ခသည်စခန်း AMI ဆေးရုံရဲ့ အစီအစဉ်နဲ့ အုန်းဖန်မြို့နယ် ဆေးရုံမှာ ဆေးကုသ ခွင့်ရခဲ့ တယ်။ အဆိုးထဲက အကောင်းကို ရှာကြံတွေးတော့ ပြင်ပ လူ့အဖွဲ့ အစည်းနဲ့ ကျမထိတွေ့ခွင့် ရခဲ့တယ်။

လူတွေဟာဘဝအတွက် ရုန်းကန်ပြီး အသက်ရှင်ရပ်တည်ဖို့ ကြိုးစားတဲ့ တည်ရှိခြင်း၊ ရှင်သန်ခြင်း၊ နေထိုင် ခြင်းဆိုတဲ့ စကားအဓိပ္ပါယ်က ပိုပြီးပီသ ကြည်မြနေပါတယ်။

ဒုက္ခသည်ရဲ့ သိမ်ငယ်စိတ်၊ စိုးရိမ်ပူပန်စိတ်ကို ဘာမှမဖြစ်သလို နှလုံးသားထဲမှာ လျှို့ဝှက်သိမ်းဆည်းထားဖို့ ကျမကို ဒုက္ခသည်ဘဝက သင်ကြားပေးလိုက်တယ်။

ညာဘက်လက်ကို ကျောက်ပတ်တီးကိုင်ထားတာ သုံလကြာခဲ့ပါတယ်။ သုံးလ အတွင်းမှာ အုန်းဖန်ဆေးရုံနဲ့ ဒုက္ခသည် စခန်းကို ယက္ကန်း စင်ပေါ်က လွန်းလိုပဲ ကျမပြေးလွှားခဲ့ရတာ။ လမ်းခရီးရှုခင်းတွေဟာ ရာသီအလိုက် ပြောင်းလဲ သွားတယ်။

ပျိုးပင်ပေါက်လေးတွေက လယ်ကွင်းထဲမှာ စိမ်းနေရာကနေ စပါးနှံတွေအပြည့်နဲ့ ဝင်းဝါလာတယ်။ စပါးပင်တွေကို ရိတ်သိမ်းဖို့အချိန်တန် တော့ လယ်ကွင်းထဲ ကောက်ရိတ်နေကြသူတွေ ပြည့်လို့။ သူတို့လိုမျိုး အားနဲ့မာန်နဲ့ ကျမအလုပ် လုပ်ချင်စိတ်က ရင်ထဲပြည့်လျှံလာတယ်။

မပြည့်စုံသူက ပြည့်စုံတဲ့သူကို အားကျတဲ့စိတ်မျိုးနဲ့ပါ။ သို့ပေမယ့် ကျမညာလက်က အရင်လို အကောင်းပကတိ မဟုတ်တော့ပါဘူး။ လောကဓံကိုရင်ဆိုင်ဖို့ မာန်တင်းတိုင်း "တက်ကျိုးရင် လက်ထိုးလှော်မယ်ဟေ့"လို့ အမြဲကြွေးကြော်ခဲ့ပေမယ့် လက်ကကျောက်ပတ်တီး သုံးလ စည်းထားရတဲ့အတွက် သိမ်သွားတယ်။ လှုပ်ရှားမှုမရှိလိုကြွက်သားတွေ အလုပ်မလုပ်တော့ဘူး။

ဒီတော့ ညာသန်ကျမအတွက် ညာဘက်လက်ကို လေ့ကျင့်ခန်းလုပ်ပြီး ပြန်ကောင်းလာအောင် မသန်မစွမ်းသူတွေ ကို လေ့ကျင့် ပေးတဲ့ နေရာကို ကျမသွားခဲ့တယ်။

ကျမတို့ဒုက္ခသည် စခန်းထဲမှာ NGO အဖွဲ့အစည်းတွေက လူမှုဒုက္ခအခက်အခဲတွေကို တတ်နိုင်သလောက် ဖြေရှင်းပေးကြတယ်။ လေ့ကျင့် ပေးတဲ့ ရုံးလေးမှာ ပစ္စည်းကိရိယာ အစုံရှိပါတယ်။ အမြင်အာရုံ မသန်စွမ်းတဲ့ ကလေးငယ်တွေကို အသံပြုပြီး အရောင်စုံတွေနဲ့ အရာ ဝတ္တုရှိရာကို ကြည့်ဖို့ သင်ကြားပေးတယ်။

အောက်ပိုင်းမခိုင်တဲ့၊ ဇက်တွေမခိုင်တဲ့ ကလေးငယ်တွေကို အကူပစ္စည်းတွေနဲ့ လေ့ကျင့်ပေးတယ်။ ဝှီးချဲ (Wheel Chair)ပေါ်၊ မိခင် ကျောပေါ် အလွယ်တကူနေနေတဲ့ ကလေးငယ်အတွက် ဒီလေ့ကျင့်ခန်းက တကယ့် တိုက်ပွဲ တခု ပါပဲ။ ကိုယ့်ခြေထောက်ပေါ် မတ်မတ် ရပ်ပြီး လေ့ကျင့်ခန်းလုပ်နေတဲ့ ကလေးရဲ့ဦးခေါင်းနဲ့ နဖူးမှာ ချွေးသီးချွေးပေါက်တွေကျပြီး သူ့နာကျင်မှုကို ငိုကြွေးခြင်းနဲ့ ဖော်ပြရှာတယ်။

ကျမကိုတော့ လက်မနဲ့ လက်ချောင်းတွေ ပြန်ထိန်းနိုင်တဲ့အထိ လက်ဖဝါးကြွက်သားတွေ အလုပ်လုပ်နိုင်ဖို့ ဘောလုံး စိမ်းပေးပြီး လေ့ကျင့် ခိုင်းတယ်။ လက်မောင်းပြန်မြှောက်နိုင်ဖို့ မိသားစုအကူအညီနဲ့ အိပ်ယာထဲမှာ လဲလျောင်းပြီး တံတောင်ဆစ်ကနေ လက်မောင်း ရင်းထိ တွန်းပေးပြီး လက်မြှောက်လက်ချ လုပ်ခိုင်းတယ်။ သူတို့ ဆောင်ပုဒ်က များများနေလေ မြန်မြန်ကောင်းလေတဲ့။

ကမ္ဘာ့မသန်မစွမ်းသူများနေ့က ဒီဇင်ဘာ ၃ ရက်နေ့ပါ။ ကျမတို့ဒုက္ခသည်စခန်းမှာတော့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျင်းပသွားတယ်။ ယာယီမသန်မစွမ်းဖြစ်နေတဲ့ ကျမကို အခမ်းအနားတက်ရောက်ဖို့ တာဝန်ရှိသူတွေက ဖိတ်ကြား ခဲ့ပါတယ်။ လောကဓံက ဒုက္ခသည် ကျမ အတွက် ဒုက္ခကို အဖီထပ်ထိုးပေးလိုက်တာ။

အခမ်းအနားကို လေဖြတ်နေသူ၊ မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်ပြတ်နေသူတွေက ဝှီးချဲနဲ့ လာကြတယ်။ ဆွံ့အ နားမကြားသူတွေ၊ မျက်မမြင် သူတွေ၊ ပိုလီယိုတွေအတွက်တော့ မိသားစုဝင်တွေက ဖေးမကူညီပြီး လိုက်ပို့ကြတယ်။ အပြည်ပြည်ဆိုင်ရာ မသန်မစွမ်း သူများ နေ့အတွက် ဒီနှစ်ဆောင်ပုဒ်ကတော့ “လူတိုင်းအတွက် လူ့ဘောင် အဖွဲ့ အစည်း တည်ဆောက်ကြပါစို့” တဲ့။ ဒီစာတန်းပါ တီရှပ် အဖြူကို တယောက်တထည် လက်ဆောင် ပေးပါတယ်။ ဒီတီရှပ်ကို ကျမတို့ဝတ်ဆင်ထားရတယ်။

အခမ်းအနားဖွင့် အမှာစကားပြောသူက ခုလိုပြောပါတယ်။ “မသန်မစွမ်းသူတွေထဲမှာ တချို့က အလုပ်ခွင်မှာ ထိခိုက် တာရှိသလို စစ်မက်ဖြစ်ပွားတဲ့နိုင်ငံတွေ၊ မြေမြှုပ်မိုင်းတွေရှိတဲ့ နေရာမှာ မသန်မစွမ်းသူတွေ အများဆုံး ရှိတယ်။ သူတို့ လည်း လူသားတွေပဲဖြစ်တာမို့ တခြားမသန်မစွမ်းသူတွေကို လူ့အခွင့်အရေး ရှိဖို့လိုပါတယ်။ ဒီလို လူ့အခွင့်အရေးတွေ ကြာရှည်ခိုင်မြဲနေအောင် NGO အဖွဲ့အစည်းတွေ၊ မိသားစုဝင်တွေက ပံ့ပိုးဖို့လိုပါတယ်။ သူတို့မှာ တတ်ကျွမ်းမှုတွေ ရှိတယ်။ သူတို့ကိုလက်တွဲခေါ်ဆောင်ပြီး အတူတကွ လုပ်ဆောင် သင့်တယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ဆောင် သင့်တယ်။ ခန္ဓာကိုယ် ချိုတဲ့မှုကြောင့် စိတ်အားငယ်နေသူတွေ ဖြစ်တယ်။ ဒါကြောင့် ဖေးဖေးမမနဲ့ လက်တွဲခေါ်ဆောင်သွားကြပါ" တဲ့။

စခန်းဥက္ကဋ္ဌ ဆရာစိုင်းက ကရင်၊ မြန်မာ၊ အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်သလို လူမှုဘဝတွေကို နေ့စဉ်ကိုင် တွယ် ဖြေရှင်းနေရသူမို့ ကျမတို့အားလုံးရဲ့ ခံစားချက်ကို နားလည်သူဖြစ်ပါတယ်။ ဆရာစိုင်းက ခုလိုပြောသွားတယ်။

“ဒီနေ့ကမ္ဘာပေါ်မှာ မသန်မစွမ်းသူ ၁၅% ရှိတယ်။ သန်းပေါင်း ၁၉ဝ ရှိတယ်။ မသန်မစွမ်း သူတွေကို အနီးကပ်စောင့်ရှောက်ရတာက မိသားစုတွေဖြစ်လာပါတယ်။ သူတို့ကိုခွဲခြား ဆက်ဆံခံရရင် အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတယ်။ လူဆိုတာ မိမိကိုယ်မိမိ ထူထောင်ရတယ်။ လူသားက ရည်ရွယ်ချက် ကြီးမားတယ်။ လောကမှာပြည့်စုံတဲ့လူနဲ့ မပြည့်စုံတဲ့ လူရှိတယ်။ ပြည့်စုံတဲ့ လူတွေက မပြည့်စုံတဲ့ လူတွေကို ကူညီရင်း လူသားရဲ့ လုပ်ပိုင်ခွင့် ကို ပြကြပါ။"

"ဒီနေ့မှာ မသန်မစွမ်းတွေကို ဆံပင်ညှပ်ပေးဖို့၊ အလှပြင်ပေးဖို့၊ အစားအစာကျွေးဖို့ အဖွဲ့အစည်းတွေက ပူးပေါင်း ကူညီပေးကြတယ်။ ဒီနေ့တရက်တည်းမဟုတ်ဘဲ နေ့တိုင်းကူညီကြပါလို့ ပြောချင်ပါတယ်။ ဒါ့အပြင် တကမ္ဘာလုံး စစ်ပွဲတွေရပ်ပြီး မြေကြီးတိုင်းမှာ မြေမြှုပ်မိုင်းတွေ ကင်းစေပါစေလို့ ကျနော် ဆန္ဒပြုပါတယ်။”တဲ့။

အပြည်ပြည်ဆိုင်ရာ မသန်မစွမ်းသူများနေ့ စာတန်းပါ ရောင်စုံမိုးပျံ ပူပေါင်းကို စခန်းဥက္ကဋ္ဌ ဆရာစိုင်းနဲ့ တာဝန်ရှိ သူတွေက လွှတ်ကြတဲ့ အခါ အားလုံးက လက်ခုပ်တီးကြတယ်။ ပြာလဲ့နေတဲ့ ကောင်းကင်ပေါ် ရောင်စုံမိုးပျံ ပူပေါင်းတွေနဲ့အတူ မသန်မစွမ်းတွေရဲ့ စိတ်ဓာတ် တွေပါ ထိုးဖောက် တက်ရောက်နေတယ်။

No comments: