Sunday, December 4, 2011

ပုဂ္ဂလိက​ကျောင်း ​ဥပ​ဒေ အစိုး​ရပြဌာန်း​​၊​​ နိုင်ငံ​ရေး​သင်လျှင်​ ​ထောင်ချမည်

ပီတာအောင်

အ​ခြေခံပညာမူလတန်း​က​နေ အထက်တန်း​အထိ ပုဂ္ဂလိက ပညာသင်​ကျောင်း​တွေ ဖွင့်​လှစ် လုပ်ကိုင်ချင်သူ​တွေအတွက် ကိုယ်ပိုင်​ကျောင်း​ မှတ်ပုံတင်ဥပ​ဒေတခုကို မြန်မာအစိုး​ရ ဒီဇင်ဘာ ၂ ရက်​နေ့​က သမ္မတ ဦး​သိန်း​စိန် အမိန့်​နဲ့​ အတည်ပြုပြဌာန်း​ ​ပေး​လိုက်ပါတယ်။

ကိုယ်ပိုင်​ကျောင်း​ ဖွင့်​မယ့်​သူ​တွေဟာ ​ငွေ​ကြေး​မြေ​နေရာ စာသင်​ဆောင် ပစ္စည်း​ပရိ​ဘောဂ စတဲ့​ အရင်း​အနှီး​ စိုက်ထုတ်ရမှာဖြစ်ပြီး​ ​ပြည်ပနိုင်ငံ​တွေက အကူအညီ မယူရဘူး​လို့​ ပါရှိပါတယ်။ ​ကျောင်း​ ဖွင့်​လှစ်ခွင့်​ကို​တော့​ သက်ဆိုင်ရာ ပြည်နယ်တိုင်း​ ပညာ​ရေး​မှူး​ရုံး​တွေမှာ ​လျှောက်ထား​ရမှာပါ။ ဒီ​ကျောင်း​တွေ လိုက်နာရမယ့်​ စည်း​ကမ်း​တွေထဲမှာ​တော့​ ပြည်​ထောင်စုမပြိုကွဲ​ရေး​၊​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်မှု မပြိုကွဲ​ရေး​နဲ့​ အချုပ်အခြာ အာဏာ တည်တံ့​ခိုင်မြဲ​ရေး​ (ဒို့​တာဝန် အ​ရေး​သုံး​ပါး​)က ထိပ်ဆုံး​မှာ ပါရှိပါတယ်။ ဒါ့​အပြင် နိုင်ငံ​တော်ရဲ့​ အကျိုး​ကို ထိခိုက်တဲ့​ နိုင်ငံ​တော်မူဝါဒနဲ့​ ဆန့်​ကျင်တဲ့​အရာ​တွေ သင်ကြား​ မ​ပေး​ရဘူး​လို့​ ကန့်​သတ်ထား​ပါတယ်။

မှတ်ပုံမတင်ဘဲ ကိုယ်ပိုင်​ကျောင်း​ဖွင့်​ရင် ၃ နှစ်ထက်မပိုတဲ့​ ​ထောင်ဒဏ်နဲ့​ ကျပ် ၃ သိန်း​ထက် မပိုတဲ့​ ဒဏ်​ငွေ ချမှတ်ခံရမှာဖြစ်ပြီး​ မှတ်ပုံတင်မရှိဘဲ ဆရာ လုပ်ရင်​တော့​ ၁ နှစ်ထက်မပိုတဲ့​ ​ထောင်ဒဏ် ဒါမှမဟုတ် ကျပ် ၁ သိန်း​ထက် မပိုတဲ့​ ဒဏ်​ငွေ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်မျိုး​လုံး​ ချမှတ်ခံရမှာပါ။ သင်ကြား​မယ့်​ ဘာသာရပ်နဲ့​ မဆိုင်တဲ့​ နိုင်ငံ​ရေး​နဲ့​ ဘာသာ​ရေး​ အ​ကြောင်း​အရာတွ သင်ကြား​ပို့​ချရင်​တော့​ အနည်း​ဆုံး​ ​ထောင်ဒဏ် ၁ နှစ်က​နေ အများ​ဆုံး​ ၃ နှစ်ထိ ကျခံရမည့်​အပြင် ကျပ် ၃ သိန်း​ထက် မပိုတဲ့​ ​ငွေဒဏ်လည်း​ ကျခံရမယ်လို့​ ပါရှိပါတယ်။

ပြည်တွင်း​ပုဂ္ဂလိက​ကျောင်း​တွေက​တော့​ ပြဌာန်း​ထား​တဲ့​ ဥပ​ဒေအတိုင်း​ လိုက်နာပြီး​ ​ကျောင်း​တွေ ဆက်လက်ဖွင့်​ လှစ်သွား​မယ်လို့​ပြောပါတယ်။

ထိုင်း​နိုင်ငံအ​ခြေစိုက် ပညာ​ရေး​ဆိုင်ရာ ကျွမ်း​ကျင်သူ ​ဒေါက်တာ သိန်း​လွင်က​တော့​ ဒီလို ပုဂ္ဂလိက​ကျောင်း​ ဥပ​ဒေပြဌာန်း​လိုက်တာဟာ ပညာ​ရေး​အတွက် ​ကောင်း​တယ်လို့​ မြင်​ပေမယ့်​ ဒီမိုက​ရေစီစနစ်သွား​မယ့်​ အစိုး​ရတရပ် အ​နေနဲ့​ နိုင်ငံ​ရေး​ လွပ်လပ်ခွင့်​တွေ ​ပေး​သင့်​တယ်လို့​ သုံး​သပ် ​ပြောကြား​ပါတယ်။

“အစိုး​ရက သွား​နေတဲ့​စနစ်နဲ့​ နည်း​နည်း​ ကွဲလွဲချက် ရှိတဲ့​ဟာမျိုး​မှ ပုဂ္ဂလိက​ကျောင်း​ ​ထောင်တာ၊​ အစိုး​ရက မ​ပေး​နိုင်တဲ့​ ပညာ​ရေး​မျိုး​ကို​ပေး​ဖို့​အတွက် ပုဂ္ဂလိက​ကျောင်း​ ​ထောင်ကြတာကိုး​။ ​နောက်တခါ ​ကျောင်း​ဆိုတာက ဒီမိုက​ရေစီနိုင်ငံ ဖြစ်ပြီဆိုရင် ​ကျောင်း​သား​တိုင်း​က နိုင်ငံရဲ့​ အ​ရေး​အရာ ကိစ္စ​တွေမှာ ပါဝင်ဖို့​ လိုတယ်။ ​ကျောင်း​သား​တွေက နိုင်ငံက​နေ သူတို့​အတွက် လုပ်​ပေး​တာကို ယူရုံတင် မကဘဲ နိုင်ငံအတွက်ပါ တာဝန်ရှိတဲ့​သူ​တွေ ဖြစ်လာတဲ့​အခါကျ​တော့​ နိုင်ငံရဲ့​ အ​ရေး​ကိစ္စ​တွေမှာ ​ကျောင်း​သား​တွေက ​လေ့​လာခွင့်​၊​ ​ဆွေး​နွေး​ခွင့်​ရှိရမယ်။ နိုင်ငံ​ရေး​အရ ကန့်​သတ်ထား​တာမျိုး​က မဖြစ်သင့်​ဘူး​။ ဆို​တော့​ ​ကျောင်း​သား​တွေမှာ သူတို့​မြင်တဲ့​ နိုင်ငံ​ရေး​အမြင်​တွေ ​ပြောနိုင်ခွင့်​ ရှိရမယ်။ နိုင်ငံ​ရေး​ ​ဆွေး​နွေး​ပိုင်ခွင့်​ ရှိရမယ်။ ဒါဘယ်​ကျောင်း​မဆို ရှိသင့်​တယ်။”

ဒါ့​အပြင် လည်ပတ်နိုင်ဖို့​ အကူအညီလို​နေတဲ့​ ပညာသင်​ကျောင်း​တွေကို က​လေး​တွေရဲ့​ အကျိုး​အတွက် ပြည်တွင်း​ကပဲဖြစ်ဖြစ်ဖြစ်၊​ ပြည်ပကပဲဖြစ်ဖြစ် အကူအညီယူခွင့်​ ​ပေး​သင့်​တယ်လို့​လည်း​ သူ​ပြောပါတယ်။

“အစိုး​ရ ပြဌာန်း​တဲ့​ ပညာ​ရေး​မူဝါဒ တခုတည်း​အောက်မှာ မဟုတ်ဘဲနဲ့​ တခြား​ကွဲလွဲတဲ့​ အယူအဆ၊​ ပညာ​ရေး​ အယူအဆ အ​ပေါ်မှာ ပုဂ္ဂလိက​ကျောင်း​ ​ထောင်ပိုင်ခွင့်​ ရှိတဲ့​အတွက် ဒါ​ကောင်း​တဲ့​အချက် ဖြစ်တယ်။ ပညာ​ရေး​မှာ လွတ်လပ်ခွင့်​ ဖြစ်တယ်။ ဒါ​ပေမယ့်​ ခုနကလို ကန့်​သတ်ထား​တာက အစိုး​ရသင်ရိုး​ညွှန်း​တမ်း​ အတိုင်း​ပဲသင်၊​ အစိုး​ရရဲ့​ မူဝါဒအတိုင်း​ပဲ လိုက်နာ ကိုယ့်​ပိုက်ဆံ ကိုယ်သုံး​ဆိုတဲ့​ ပုံစံမျိုး​ သွား​ဖြစ်​နေတယ်​လေ။ အစိုး​ရက သူ့​ဘဏ္ဍာ​ငွေ မသုံး​ချင်လို့​ ပုဂ္ဂလိက​ကျောင်း​ ​ထောင်ခိုင်း​တဲ့​ အဓိပ္ပာယ် သွား​ဖြစ်​နေတယ်။ ပြီး​တော့​ သူကြိုက်တာကို သင်ခိုင်း​တယ်။ အဲဒါက ပုဂ္ဂလိက​ကျောင်း​အဓိပ္ပာယ် မထွက်ဘူး​လေ။ အစိုး​ရ ပိုက်ဆံမ​ပေး​ဘဲ တခြား​သူကို ​ကျောင်း​ဖွင့်​ခိုင်း​တဲ့​ အဓိပ္ပာယ်ထွက်တယ်။”

No comments: