Sunday, December 4, 2011

ရှမ်းပြည်တပ်မတော်နဲ့ အစိုးရအပစ်ရပ်တဲ့အပေါ် ရှမ်းအသိုင်းအ၀ိုင်းကြိုဆို

ပီတာအောင်

ရှမ်းပြည်တပ်မတော် – ရှမ်းပြည်ပြန် လည် ထူထောင် ရေးကောင်စီ (SSA- RCSS) နဲ့ အစိုးရ တပ်တို့ အပစ် အခတ် ရပ်စဲဖို့ မူအားဖြင့် သဘောတူ စာချုပ် ချုပ်ဆို လိုက်တဲ့ အပေါ် ရှမ်း အသိုင်း အ၀ိုင်းက ကြိုဆို လိုက်ပါတယ်။

ရှမ်းပြည်တပ်မတော်ဘက်က ဗိုလ်မှူးချုပ် စိုင်းလူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့​ ​မြန်မာအစိုးရဘက်က ရထားဝန်ကြီး ဦးအောင်မင်းနဲ့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ရှမ်းပြည်နယ်​ ​တောင်ကြီး မြို့မှာ သောကြာနေ့က သဘောတူလက်မှတ် ရေးထိုးခဲ့ကြတာပါ။

သဘောတူညီချက်တွေထဲမှာ နှစ်ဘက် အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေး ပြဿနာကို ဆွေးနွေးညှိနှိုင်းဖြေရှင်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ မူးယစ် ဆေးဝါးပြဿနာ ပူးပေါင်း ဖြေရှင်းရေး၊ ဆက်ဆံရေး ရုံးတွေ ဖွင့်လှစ် ထားရှိရေး၊ နှစ်ဘက် နယ်မြေထဲမှာ လက်နက် မကိုင် ဆောင်ဘဲ လွတ်လပ်ဖြတ် သန်းသွား လာခွင့်ပြုရေး၊ ဗဟိုအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ အချိန်နေရာ သတ်မှတ်ရေးတွေ ပါဝင်ပါတယ်၊၊

ဒီလို သဘောတူညီချက်ရတဲ့အပေါ် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSA-SSPP က ကြိုဆိုလိုက်ပါတယ်။

SSA-SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလက “ကောင်းပါတယ်။ သူတို့က တကယ် ငြိမ်းချမ်းရေး လိုလားတယ်၊ နိုင်ငံတော် တည်ငြိမ်းအေးချမ်းမှုကို လိုလားတယ်ဆိုရင်တော့ ကောင်းသော လက္ခဏာပေါ့။”လို့ပြောပါတယ်။

အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီက လဲချား လွှတ်တော်အမတ် စိုင်းမောင်တင် ကလည်း “ကျနော်ကတော့ ကောင်းတဲ့ ဘက်ကို ရွေ့နေပါပြီလို့ သူတို့ကို ပြောပြလိုက်ပါတယ်။ အဲဒီ အဖွဲ့တွေနဲ့ သွားတွေ့တယ်လေ။ တောင်ကြီးဟိုတယ်မှာပေါ့။ သူတို့ကိုလည်း ကျနော်ပြောတယ်။ နေရယ်၊ လရယ်၊ ကမ္ဘာရယ် တတန်းတည်း ကျဖို့ဆိုတာ မလွယ်ဘူး။ ဆိုလိုချင်တာက ဒီလို တထပ်တည်းကျဖို့ အခြေအနေ ရဖို့ဆိုတာ နှစ်ပေါင်း ၅၀ မှ တခါတည်းလို့၊ လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ရော၊ ပြည်သူလူထု ကိုယ်စားလှယ်အနေနဲ့ရော ကျနော်လာရတဲ့အတွက် ကျေနပ်တယ်၊ လှိုက်လှိုက်လှဲလှဲ ၀မ်းသာတယ်လို့။ အစိုးရဘက်ကလည်း စေတနာမှန်ဖို့ လိုမယ်။ ဟိုဘက်ကလည်း ယုံကြည်မှု ရှိဖို့ လိုမယ်။ နှစ်ဘက်စလုံးက ယုံကြည်မှု တည်ဆောက်ပြီး နားလည်မှု တထပ်တည်း ကျတဲ့အခါကျတော့ ရည်ရွယ်တဲ့ ပန်းတိုင်တော့ ရောက်ဖို့ နီးလာမှာပါ။”

ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်းကတော့ တကယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ဆက်လုပ်စရာတွေ အများကြီး ကျန်သေးတယ်လို့ ပြောပါတယ်။

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကလည်း ရှိနေသေးတဲ့ အခါကျတော့ အဲဒီနေ့နဲ့ တပြိုင်တည်း သူတို့က လက်မှတ်ထိုးနိုင်အောင် ကြိုးစားသွားတာကို တွေ့ရတာပေါ့။ ဒီလိုမျိုး လုပ်သွားတဲ့အခါကျတော့ မူအရ ပြီးသွားပြီ ဆိုပေမယ့် လက်တွေ့အရလုပ်ဖို့ နောက်ထပ် အဆင့်တွေ တော်တော်များများ အကြိမ်ကြိမ် တော်တော်လေး ဆွေးနွေးရဦးမယ်လို့ ကျနော်တို့ မြင်တယ်။ သို့သော်လည်းပဲ အခုကြည့်ရတာ ဦးအောင်မင်းနဲ့ SSA ခေါင်းဆောင်ပိုင်းနဲ့ အချင်းချင်း ယုံကြည်မှုက တော်တော်လေး ကြီးတယ်လို့ ပြောလို့ရတယ်။ အဲဒီတော့ အချိန်ယူပြီး ဆွေးနွေးသွားမယ်ဆိုရင် ဖြစ်သွားမယ်။ သို့သော်လည်း နံပတ်တစ်က အပစ်အခတ်ရပ်စဲရေးပဲ ဖြစ်တယ်။ တကယ်တမ်း ရေရှည်ထာဝရ ငြိမ်းချမ်းရေး ဖြစ်ဖို့ဆိုရင် နိုင်ငံရေးအပေါ် မူတည်တာပေါ့။ လောလောဆယ် အကောင်းဘက်ကို ကျနော်တို့ မျှော်လင့်ကြတာပေါ့ဗျာ။”

မြန်မာအစိုးရကိုယ်စားလှယ်တွေနဲ့  ရှမ်းပြည်တပ်မတော် SSA- RCSS- တို့ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၉ ရက်နေ့တုန်းကလည်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ ပဏာမ ဆွေးနွေးခဲ့ပြီး ခုတကြိမ် ဒီဇင်ဘာလ ၂ ရက်နေ့ က တောင်ကြီးမြို့မှာ တွေ့ဆုံပြီး သဘောတူလက်မှတ် ရေးထိုး လိုက်တာပါ။

ရှမ်းပြည်တပ်မတော် SSA-RCSS ဟာ ထိုင်း-မြန်မာနယ်စပ် လွိုင်တိုင်းလျဲန်း အခြေစိုက်ပြီး ယခင် ဦးခွန်ဆာ ခေါင်းဆောင်တဲ့ အမ်တီ အေ အဖွဲ့ကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ဦးခွန်ဆာ လက်နက်ချ အလင်းဝင်ရောက်ခဲ့တဲ့ အထဲ မပါဝင်ခဲ့ဘဲ ရှမ်းပြည် တပ်မတော်တောင်ပိုင်း အနေနဲ့ ဆက်လက် လက်နက်ကိုင် တိုက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

No comments: