Thursday, June 21, 2012

လက်ျာစွန်း အစ္စလာမ်ဝါဒီများက မူဆလင်သေဆုံးမှုများကို ရှုတ်ချ

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၂

ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစွန်းရောက် အစ္စလာမ်ဝါဒ ပါတီများက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း မူဆလင်ဘာသာဝင်များ သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

ရခိုင်ပြည်နယ်တွင်း မူဆလင် သွေးထွက်သံယိုမှုများ ရပ်တန့်စေရေးအတွက် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် ဝိုင်းဝန်း ဖိအားပေးကြရန် ပါကစ္စ တန်မှ Jamaat-e Islami (JI) ပါတီခေါင်းဆောင် Ameer Syed Munawwar Hasan က တောင်းဆိုလိုက်သည်။

“သူတို့ (မူဆလင်)တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေဟာ နှစ်ပေါင်းများစွာကတည်းက ရှိနေ တာပါ။ ဒါပေမယ့် ကမ္ဘာကြီးနဲ့ မီဒီယာ တွေ ဟာ နှုတ်ဆိတ်နေကြပြီး မျက်လုံးတွေ မှိတ်နေကြတယ်” ဟု JI ပါတီ အထွေထွေ အတွင်းရေးမှူး က ပြောသည်။

ထိုမူဆလင်များအား ထိရောက်သော ကာကွယ်မှုများ ပေးရန်အတွက် နိုင်ငံပေါင်း ၆ဝ ခန့် ပါဝင်သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက် ရေး အဖွဲ့ OIC နှင့် ကုလသမဂ္ဂထံသို့ ပေးပို့သည့် Munawar ၏ ကြေညာချက်တွင် မြန်မာနိုင်ငံ အတွင်း သန်းနှင့်ချီသော လူများမှာ မူဆ လင်ဘာသာဝင် ဖြစ်နေခြင်း တခုတည်းကြောင့်သာ ယခုကဲ့သို့ ဒဏ်ခံနေကြရခြင်း ဖြစ်ကြောင်း ပါရှိသည်။

“မြန်မာပြည်တွင်းမှာရှိတဲ့ မူဆလင်ညီအကိုတွေအတွက် ပါကစ္စတန်သားတွေရဲ့အသံကို ကျယ် ကျယ်မြှင့်ကြရမယ်။ အစိုးရ အနေနဲ့လည်း သံတ မန်ဖိအားသုံးပြီး မူဆလင်တွေ သတ်ဖြတ်ခံနေရမှုကို တားဆီးရမယ်” ဟု အသက် ၆၈ နှစ် အရွယ်ရှိ JI ခေါင်းဆောင် Munawar ၏ ဖေ့စ် ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

အလားအတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင်အစွန်းရောက် Jamaat-e-Islami ကလည်း OIC နှင့် ကုလသမဂ္ဂသို့ စာရေးသားကာ ရခိုင် ပြည် နယ်အတွင်းရှိ ရိုဟင်ဂျာ မူဆလင်များအား သတ်ဖြတ်မှု၊ ညှဉ်းပမ်းနှိပ်စက်မှုများကို ကန့်ကွက် ရှုတ်ချလိုက်ပြီး ၎င်းတို့နိုင်ငံသို့ ထွက် ပြေး လာသူများအား အိမ်နီးချင်းနိုင်ငံ၏ နိုင်ငံသားများအဖြစ် ခိုလှုံရန်နေရာ ပေးရန် ဘင်္ဂလားအစိုးရအား ဇွန်လ ၁၄ ရက်နေ့က တောင်း ဆို ထားသည်။

ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံလာသော အဆိုပါ ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့်ရေတပ်တို့က ဖမ်းဆီးပြီး ပြန်လည် နှင်ပို့နေလျက်ရှိသည်ကို ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအချို့က ကန့်ကွက်ပြောဆိုနေကြသည်။

သို့သော် Bangladesh Jamaat-e-Islami ပါတီမှာ ရိုဟင်ဂျာများအား ချုပ်ကိုင် လွှမ်းမိုးထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Dipu Moni က ဇွန်လ ၁၄ ရက်နေ့ ပါလီမန်တွင် စွပ်စွဲ ပြောဆိုလိုက်သည်။ ထို့ပြင် လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် Jamaat-e-Islami က ရိုဟင်ဂျာများအား လှုံ့ဆော်နေသည်ဟု မြန်မာအစိုးရက ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် မဟာမင်းကြီးအား ပြောဆိုထားကြောင်း ဝန်ကြီးက ပြန်လည် ပြောပြသည်။

“ဒီကိစ္စကို ကျမတို့ သေသေချာချာ စုံစမ်းစစ်ဆေးနေပါတယ်။ ရိုဟင်ဂျာတွေအတွက် နယ်စပ်ကို ဘယ်တော့မှ ဖွင့်ပေးမှာ မဟုတ်ပါဘူး” ဟု Dipu Moni က ယတိပြတ် ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် သတ်ဖြတ်မှုများမှာ တောင်ကုတ်၊ မောင်တော၊ စစ်တွေနှင့် ရသေ့တောင်မြို့နယ် များတွင် အဆိုးရွား ဆုံး ဖြစ် ခဲ့သည်။

တရားဝင် သတင်းထုတ်ပြန်ချက်များအရ မေလ ၂၈ ရက်မှ ဇွန်လ ၁၄ ရက်အတွင်း လူစုလူဝေး ဖြစ်ပေါ်မှ ၇၂ ကြိမ်တွင် လူပေါင်း ၅၀ သေဆုံး ခဲ့ ရပြီး မီးရှို့ဖျက်ဆီးခံရသည့် အဆောက်အအုံပေါင်း ၂,၂၃၀ လုံး ရှိခဲ့သည်ဟု ဆိုသည်။

ဇွန်လ ၁၅ ရက်နေ့ထုတ် အဆိုပါစာရင်းထဲတွင် သေဆုံးသူ ဘင်္ဂါလီ ရိုဟင်ဂျာ အရေအတွက်မှာ များသော်လည်း ဇွန်လ ၁၉ ရက်နေ့တွင် ရသေ့ တောင်မြို့နယ်၌ ရခိုင်ကျေးရွာတရွာအား ရိုဟင်ဂျာများ ဝင်ရောက်ဖျက်ဆီးခဲ့၍ ၁၀ ဦးခန့်သေဆုံးခဲ့ရပြန်သည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့ ဖြစ်ကြကုန်သော ဒုက္ခသည်အပေါင်းမှာ ၉၀,၀၀၀ ခန့် ရှိနေသည်။

No comments: