Monday, June 4, 2012

လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲ ဖယောင်းတိုင်မီးငြိမ်းပြီး အဆုံးသတ်

ဒီဗွီဘီ

ရန်ကုန်မှာ အခုရက်ပိုင်း လျှပ်စစ်မီးတွေ ခါတိုင်းထက်ပိုပြီး အချိန်ပို ရရှိလာတဲ့အတွက် လျှပ်စစ်မီး ရရှိရေး တောင်းဆို ဆန္ဒဖော်ထုတ်မှုတွေကို မနေ့ညက ဆူးလေဘုရားမှာပဲ ဖယောင်းတိုင် မီးတွေ ငြိမ်းသတ်ပြီး ရပ်နားလိုက်တယ် လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ တဦးဖြစ်တဲ့ ကိုဟန်ဝင်းအောင် က ပြောပါတယ်။

“သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ကတိစကားကို လေးစားပြီးတော့ အခြေအနေ စောင့်ကြည့်ခဲ့တယ်။ အခု ရန်ကုန်တိုင်းနဲ့ တခြားမြို့ကြီးတွေမှာ အရင် ၆ နာရီအလှည့်ကျ ပေးနေရာကနေ နာရီပေါင်း ၂၀ ဖြစ်သွားတဲ့အတွက် ဒါ ၂၄ နာရီ ပုံမှန်မဟုတ်ပေမယ့် လက်ခံနိုင်တဲ့ အနေအထားမျိုး ဖြစ်တဲ့အတွက် မနေ့က ဆူးလေဘုရားမှာပဲ ဖယောင်းတိုင်မီးတွေ မှုတ်ပြီးတော့ လျှပ်စစ်မီးတွေရရှိရေး၊ ရန်ကုန်မြို့ ဆန္ဒထုတ်ဖော်ပွဲ အစီအစဉ်ကို အောင်မြင်စွာနဲ့ ရပ်နားလိုက်ပါတယ်။”

အခုလို ရန်ကုန်မှာ မီးပုံမှန်နီးပါးပြန်ရတာဟာ မိုး ရွာသွန်းမှုကြောင့် ဆည်တွေ ရေပြန်ပြည့်ပြီး ရေအားလျှပ်စစ် ပိုထုတ်နိုင်လို့ ဖြစ်နိုင်သလို နေပြည်တော် လမ်းဘေး မီးတိုင်တွေလျှော့တာ တခြား နေရာတွေ မှာ လျှော့ပေးပြီး ရန်ကုန်ကို ပိုပေးတာ စတဲ့ နည်းလမ်းပေါင်းစုံ နဲ့ ဆောင်ရွက်ခဲ့တာကြောင့် မီး ပုံမှန် နီးပါး ပြန်ရလာတာလို့ ဆန္ဒပြသူတွေက ယူဆတယ်လို့ ကိုဟန်ဝင်းအောင်က ဆိုပါတယ်။

“တော်တော်များများက နည်းပညာပိုင်းဆိုင်ရာအရ မိုးတွင်းကြောင့်လည်း ဖြစ်နိုင်တယ်။ သူတို့ဘက်ကလည်း တတ်နိုင်သမျှ တချို့ဟာတွေ နေပြည်တော်တို့ ဘာတို့မှာ မီးသုံးစွဲတာတွေကို လျှော့လိုက်တယ်လို့ ပြောတယ်။ တခြား နည်းပေါင်းစုံ သုံးပြီးတော့ တတ်နိုင်သမျှ လုပ်လိုက်တယ်လို့ ယူဆပါတယ်။

“မနေ့က ဆူးလေဘုရားမှာ နောက်ဆုံးပိတ် ဆန္ဒဖော်ထုတ်ပွဲ လုပ်ပြီးတော့ ပြည်သူတွေ ကို မေးကြည့်တော့ ပြည်သူတော်တော်များများတော့ အရင်ထက်စာရင် အများကြီး ပြေလည်သွားပြီး အားရ ကျေ နပ်ပါတယ်။ သူတို့ရဲ့ ဆန္ဒဖော်ထုတ်ပွဲမှာလည်း အထိခိုက် အနစ်နာမရှိဘဲနဲ့ စည်းကမ်းတကျ ဖြစ်ပြီး အခုလိုမျိုး ၇ ရက်အခြေအနေမှာ တိုးတက်လာတဲ့ အခြေအနေဖြစ်တဲ့အတွက် စိတ်ကျေနပ်မှုရှိပြီး ရပ် ဆိုင်းလိုက်တာပါ။”

ရန်ကုန်နီးတူ မန္တလေးမြို့မှာလည်း ခါတိုင်းထက်ပိုပြီး မီးပိုရနေပြီး ၂၄ နာရီမှာ ၁၂ နာရီလောက် မီးပြန်ရနေပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့က ရန်ကုန်မြို့ဆူးလေဘုရားမှာ ၂၄ နာရီ မီးလင်းရေး ဖယောင်းတိုင်မီးထွန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့သလို မန္တလေး၊ မုံရွာနဲ့ ပြည် စတဲ့ မြို့တွေမှာလည်း ဒေသခံတွေရဲ့ လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

No comments: