Tuesday, June 19, 2012

မိမိလူမျိုးအမည် ဖော်ပြမခံရသည့် ရန်ကုန် မွန်များ မှတ်ပုံတင် ပြန်လည်ပြင်ဆင်မည်

ကောင်းဝါ

အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) တွင် မိမိလူမျိုးအမည် ဖော်ပြမခံရသည့် ရန်ကုန်တိုင်းအတွင်းရှိမွန် တိုင်းရင်း သားများ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန် မွန်စာပေနှင့် ယဉ် ကျေးမှု ကော် မတီ ဥက္ကဌ နိုင်မင်းသောင်းသျှင်က ပြောသည်။

မွန်လူမျိုး ဖြစ်သော်လည်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များတွင် ဗမာ ဗုဒ္ဓဘာသာဟု ဖော်ပြခံထားရသည့်အတွက် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ၏ တိုက်တွန်းချက်ဖြင့် ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ လက်အောက်ရှိ မွန်သာရေး နာရေး ကူညီ မှုအသင်းက ပြင်ဆင်ရန် စီစဉ်ခြင်း ဖြစ်သည်။

ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် သာရေး နာရေး ကူညီမှုအသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံ တင် မှားယွင်း ဖော်ပြခံရသည့် မွန်တိုင်းရင်းများ စာရင်းကို စတင်ကောက်ယူသွားမည် ဖြစ်သည်ဟု ဆိုသည်။

“နှစ်ပတ်လည် အစည်းအဝေးမှာ မွန်တွေ အားလုံးသိအောင် ပြောရဦးမယ်။ တချို့က သန်းခေါင် စားရင်းမှာ ဗမာ ဗုဒ္ဓ၊ မှတ်ပုံတင်မှာ မွန် ဗုဒ္ဓ အဲဒီလို ဖြစ်နေတာ အများကြီးပဲ၊ အဲဒါတွေ အမှန်ဖြစ်အောင် လုပ်ဖို့ ကျနော်တို့ ဆွေးနွေး နေတယ်” ဟု နိုင်မင်းသောင်းသျှင်က ပြောသည်။

စာရင်းများ ကောက်ယူပြီးပါက အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို ပူးတွဲကာ လူဝင်မှု ကြီးကြပ်ရေးဌာနသို့ ပြန်ဆင်ပေးရန်အတွက် တင်ပြသွားမည် ဖြစ်ပြီး၊ ၂၀၁၄ ခုနှစ် မတိုင်မီ အပြီးတိုင် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ထိုသို့ ပြင်ဆင်နိုင်ရန် အကြံပေးခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညား အောင်မိုးက “ပြင်တာက သူတို့ ပြင်ပေးတာ မဟုတ်ဘူး၊ ကိုယ်ကိုယ်တိုင်က လျှောက်လွှာတွေ တင် ပြီး အသိပေးရမယ်၊ ဘယ်မှတ် ပုံတင် နံပါတ်၊ ဘယ်ရပ်ကွက်၊ ဘယ်ရွာ၊ အိမ်နံပါတ် ဘယ်လောက်၊ နောက်တော့ အိမ်ထောင်စုစာရင်း အဲဒါ တွေကိုပါ တွဲပြီး တင်ပြ ရမယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းတွင် မွန်တိုင်းရင်းသား တသိန်းခန့် နေထိုင်လျက် ရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ခန့်မှန်းထားသော် လည်း ရန်ကုန်တိုင်း လူဝင်မှု ကြီးကြပ်ရေး စာရင်းအရ နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ (၀.၁) ရာခိုင်နှုန်း ဖြစ်သည့် ၅၇,ဝဝဝ ဦး မ ပြည့်မီသည့် အတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ် တင်သွင်းခွင့် မရရှိခဲ့ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တွင် တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ် များ ရရှိရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ရည်ရွယ်ထားသော်လည်း ကရင်ပြည်နယ်တခုတွင်သာ တင်သွင်းခွင့် ရရှိခဲ့သည်။

“ရန်ကုန်တိုင်းမှာ မွန်တိုင်းရင်းသားတွေ ဒီလောက်များတာတောင် တိုင်းရင်းသား လွှတ်တော် ကိုယ် စားလှယ် မရဘူး၊ ဒါကို မပြင်နိုင်ရင် ရန် ကုန် မြို့ကနေ မွန်ကုန်မြို့ ဖြစ်သွားမယ်” ဟု ဒေါက်တာဗညားအောင်မိုးက ပြောသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လူမျိုးအမည် လွဲမှားနေသည့် မှတ်ပုံတင်များအား အမည်မှန် ပြန်လည်ပြင်ဆင် ပေးရန် ရှိ မရှိ ရှမ်းအမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦး၏ မေးမြန်းချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူက ပြန်လည် ပြင်ဆင်ပေး မည်ဟု ဖြေ ကြားခဲ့သည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် မွန်ပြည်နယ် မုဒုံမြို့သူ မိမိုရ်ချမ်းကလည်း “ကျမ သူငယ်ချင်းတွေရဲ့ မှတ်ပုံတင်မှာ ဗမာ ဗုဒ္ဓလို့ တွေ့ရတာ အများ ကြီးပဲ၊ သူတို့က မွန်လို့ ထည့်ခိုင်းတယ်၊ လဝက က အတူတူပဲ ဆိုပြီး ဗမာလို့ ထည့်လိုက် တာ” ဟု ပြောသည်။

သူမ၏ အဆိုအရ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ သာကေတနှင့် တာမွေ စသည့် မြို့နယ်များတွင် မွန်လူမျိုး အများအပြား နေထိုင်ကြသည်။

မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသား ၃ သန်းခန့် နေ ထိုင် လျက် ရှိသည်။

No comments: