Sunday, October 28, 2012

နိုင်ငံရေး လူပ်ရှားသူ တစ်ဦးမှ ရခိုင်ပြည်သို့ တင်သွင်းနေသော အရက်များကို ပိတ် ပင်ရန် ဆရာတော်ကြီးများကို မေတ္တာရပ်ခံ

နိရဉ္စရာ

နိုင်ငံရေး လူပ်ရှားနေသူ လူငယ် တစ်ဦးဖြစ်သူ ရခိုင့်အမျိုးသားရေး နိုင်နိုင်မှ ရခိုင်ပြည်နယ် အတွင်းသို့ ပြည်မမှနေ၍ အရက်များ အတားအဆီးမရှိ တင်သွင်းနေခြင်းကို တားမြစ် ပိတ်ပင် ပေးရန် ရခိုင် ဆရာတော်ကြီးများ အပါအ၀င် သံဃာထုတစ်ရပ်လုံးသို့ စာရေး မေတ္တာရပ်ခံလိုက်သည်။

ကိုနိုင်နိုင်က အဆိုပါ စာအား ယမန်နေ့က အင်တာနက်မှ တဆင့် နိရဉ္စရာသို့ ပေးပို့ရာတွင် ယခုကဲ့သို့ အရက်များကို အတားအဆီး မရှိ ရခိုင်ပြည်နယ်ထဲသို့ နေ့စဉ် တင်သွင်းပြီး ရခိုင်အမျိုးသားများက ဆက်လက် အရက် သောက်နေကြမည် ဆိုလျှင် များမကြာမှီသော အ ချိန်ကာလတွင် ရခိုင်အမျိုးသားများ အနေဖြင့် ရခိုင်ပြည်ကို လက်လွှတ်ဆုံးရှုံး ခံရနိုင်ဖွယ် ရှိကြောင်း သတိပေး ဖေါ်ပြထားသည်။

သို့အတွက် ဆရာတော်ကြီးများ အနေဖြင့် ရခိုင်ပြည်နယ်သို့ အရက်တင်သွင်းနေမူကို အမျိုးသားရေး လူပ်ရှားမူ အသွင်မျိုး ပြုလုပ်ပြီး တားဆီးပိတ်ပင်ရန် လိုအပ်ကြောင်း သူက ထောက်ပြ ပြောဆိုသည်။

၎င်းပြင်ကိုနိုင်နိုင်က ရခိုင်လူကြီး လူငယ်များ အနေဖြင့်လည်း မိမိတို့ အမျိုးသားများ၏ လက်ရှိ ကြုံတွေ့ နေရသော အခြေအနေကို အ လေးအနက် စဉ်းစားရန် လိုအပ်ပြီး အရက်ကို ဖြတ်ကာ တိုင်းပြည်ကို ကာကွယ်ကြရန် လိုအပ် ကြောင်း တိုက်တွန်း ပြောဆိုသည်။

ရခိုင်များ အရက်သောက်သုံးနေမူနှင့် ပတ်သက်ပြီး စစ်တွေ ဒေသခံ တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ သူက ယခုလို ပြောသည်။

“ အရက်က လူသုံး ပစ္စည်းတမျိုး ဖြစ်ပါတယ်။ အရက် သောက်တာကို တားမြစ်လို့တော့ ရနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သောက်တတ်အောင် သောက်ဖို့နဲ့ စနစ်တကျ သောက်ကြဖို့ လိုအပ်ပါတယ်။ အလွန်အကျွံ သောက်ကြတာတွေ ကိုတော့ မဖြစ်ဖို့ လိုပါတယ်။ဘာသာရေးအရ လည်း တားမြစ်ထားတဲ့ အတွက် အရက်သောက်တာကို ရခိုင်အမျိုးသားတွေက သတိထား ဖို့တော့ လိုပါတယ်” ဟု ပြောသည်။

ယခုအခါ ရခိုင်ပြည်နယ် အနှံ့တွင် အရက်ဆိုင်များလည်း တစ်နေ့ တစ်ခြား တိုးပွားလာသည်ဟု သိရသည်။

လက်ရှိ ပြည်မမှနေ၍ ရခိုင်ပြည်နယ်သို့ အများဆုံး တင်သွင်းနေသော ကုန်ပစ္စည်းမှာ အရက်မျိုးစုံ ဖြစ်ပြီး ရခိုင်ပြည်နယ်မှဗမာပြည်မသို့အများ ဆုံး တင်ပို့နေသော ကုန်ပစ္စည်းမှာ အရက် ပုလင်းခွံမျိုးစုံ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ကိုနိုင်နိုင်သည် စစ်တွေမြို့တွင် နိုင်ငံရေး တက်ကြွစွာ လူပ်ရှားခဲ့သူ တစ်ဦးဖြစ်ပြီး ၂၀၀၃ ခုနှစ် ၀န်းကျင်က ထောက်လှမ်းရေးထံ ဖမ်းဆီး ခံရ မည်ကို စိုးရိမ်သဖြင့် ဘင်္ဂလာဒေခ်ျ့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူ ဖြစ်သည်။

No comments: