Thursday, October 25, 2012

တရုတ်တရားရုံး၏သေဒဏ်စီရင်ချက် ဥပဒေ နှင့် စိုင်းနော်ခမ်း အမှု

သျှမ်းသံတော်ဆင့်

၁၉၉၄ ခုနှစ်က တရုတ်တရားရုံးတော်၌ သေဒဏ်ပေးခံရသည့် မြန်မာနိုင်ငံသား ရှိခဲ့ဖူးပါသည်။ ယခုလည်းဘဲ ယူနန် ပြည်နယ် ကူမင်း(ခွန်းမင်) တရားရုံး၌ စိုင်းနော်ခမ်း တယောက် သေဒဏ်စီရင်ချက်ချ ခံရမည်လော ဆိုသည့် အချက်က တြိဂံ ဒေသ တရုတ် ၁၃ ဦးသတ် ခံရမှုသတင်းဖတ်ပရိသတ်များ စိတ်ဝင်စားကြမည် ဖြစ်သည်။

မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်း သည် တရုတ်နိုင်ငံ တရားရုံး၌ ပထမဦးဆုံး အမှုရင်ဆိုင်ရသည့် မြန်မာနိုင်ငံသားမဟုတ်ပါ။

၁၉၈၉ ဗမာပြည်ကွန်မြူနစ် အစိပ်စိပ်အမွှာမွှာကွဲပြီးနောက်၊ ဝ တပ်၊ ကိုးကန့်တပ်၊ မိုင်းလားတပ် တို့မှာ မြန်မာ အစိုးရနှင့် အပစ်ရပ်ခဲ့ကြ၏။ ထိုတပ်ဖွဲ့များ၏ စားဝတ်နေရေးအတွက် မြန်မာစစ်အစိုးရက လွတ်လွတ် လပ်လပ် သွားလာ လုပ်ကိုင်စားသောက်ခွင့်ပြု၏။ ၎င်းတပ်ဖွဲ့နယ်မြေမှ ဘိန်းဖြူ နှင့် မူးယစ် ဆေးဝါး များ နယ်စပ်မှတဆင့် တရုတ်ပြည်သို့ နည်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့သည်။

၁၉၉၄ မေ ၉ ရက်နေ့တွင် တရုတ်မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့က ကိုးကန့်ဒေသ နေ ယန်မူရှန် (ယန်ညီအစ်ကို - ယန်မူလျံ၊ ယန်မူအန်၊ ယန် မူရှန်) နှင့်အဖွဲ့အားဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၇ ရက် ၁၉၉၄ ၌ ယန်မူရှန် နှင့်အတူ တရုတ် ရဲ ၂ ယောက် အပါအဝင် လူ ၁၇ ယောက် အား နေ့တဝက် တရားစီရင်ကာ သေဒဏ်စီရင် ချက်ချခဲ့သည်။

အဆိုပါ ပုဂ္ဂိုလ် ၁၇ ယောက်အား ‘မူးယစ်ဆေးဝါးနှင့် ပတ်သက်သောကြောင့် ကျနော်၊ ကျမတို့ ယခုကဲ့သို့ အပြစ်ဒဏ်စီရင်ခြင်း ခံရခြင်း ဖြစ်ပါသည်’ ဆိုသည့် စာသားချိတ်ဆွဲ၍ ကူမင်းမြို့တပတ် ပတ်စေကာ သေနတ်ပစ်အဆုံးစီရင်ခဲ့ သည်ဟု မျက်မြင်များက ဆိုသည်။
ထိုစဉ်က တရုတ်အစိုးရသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်သူတိုင်းအား နောက်စေ့တည့်တည့်၌ သေနတ်တချက် ပစ်ခတ်ကာ သေဒဏ် ပေးသည့် နည်းကို အသုံးပြုခဲ့သည်။

ဖုန်ကျားရှင်း ဗမာပြည်ကွန်မြူနှစ်မှ ခွဲထွက်စဉ် အဆိုပါ ယန်မျိုးနွယ်ညီအစ်ကိုတို့ပါဝင်သော်လည်း နောက် ပိုင်း ဖုန်ကျားရှင်းအား ပုန်ကန် ခဲ့၏။ နောက်ပိုင်း မူးယစ်ဆေးဝါးမှုဖြင့် တရုတ်တရားရုံး၌ သေဒဏ်ပေးခံရသည့် မြန်မာနိုင်ငံသား ကိုးကန့်တရုတ်အမျိုးသားဖြစ်ပါသည်။ ၎င်းတို့သည် တရုတ်ပြည် အတွင်း သို့ ဘိန်းဖြူ တင်ပို့ခဲ့သည်ဟုဆိုသည်။

တရုတ်တရားရုံးတော်ပေါ် ရောက်ရှိနေသည့် ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်းမှာမူ အထက် ဖေါ်ပြသည့် ယန်ညီအစ်ကို များ အမှုနှင့် မတူညီပေ။ ၎င်းသည် တရုတ်ပြည်သို့ ဘိန်းဖြူ အပါအဝင် မူးယစ် ဆေးဝါးများအား တရုတ်ပြည်သို့ တင်ပို့ခြင်းမဟုတ်၊ မိမိ ဒေသအတွင်း ဖြတ်သန်းသည့် မူးယစ်ဆေးဝါး အနည်းအများ အပေါ် အခွန်အခ ကောက်ယူခဲ့ခြင်းသာဖြစ်သည်။

တရုတ် ၁၃ ဦးအား သတ်ဖြတ်ပါသည် ဆိုသည့် စွပ်ဆွဲချက်သည်လည်း ယနေ့တိုင် ခိုင်လုံသည့် အထောက် အထားကို တရုတ်အစိုးရတို့ မရရှိသေး ဟု ထိုင်းရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ဆိုသည်။

စိုင်းနော်ခမ်းအား လာအို (လောဝ်) အစိုးရက ဧပြီ ၂၄ ရက်နေ့ လောဝ်နိုင်ငံမြောက်ပိုင်း၌ ဖမ်းမိပြီး တရုတ် အစိုးရထံ မေ ၁၀ ရက် က လွှဲ အပ်ခဲ့၏။ စက်တင်ဘာ ၂၀ ရက် မှ ပထမဦးဆုံး တရားရုံးပေါ် တင်ပြီး ၂ ရက်တိုင်တိုင် အမှု စစ်ဆေးခဲ့၏။ ထို့နောက်သီးသန့်ခုံရုံးဖွဲ့ပြီးစစ် ဆေးနေသော်လည်း ခိုင်လုံသည့် အထောက်အထား မပြည့်စုံမှု ပတ်သက်ဆက်နွယ်သူများအား ထပ်မံသိရှိလိုမှုတို့ကြောင့် စီရင်ချက်မ ချနိုင်ဘဲ နှစ်ရက်သာစစ်ဆေးပြီး ရပ်နားထား ရခြင်းဖြစ်သည်ဟု ပြောသံများလည်းထွက်ပေါ်နေပါသည်။

ထို့နောက်ပိုင်း စိုင်းနော်ခမ်းဘက်မှ ရုံးတော်အတွင်းခုခံကာကွယ်ပေးရန် လင်လီအမည်ရှိ ရှေ့နေအမျိုးသမီး တဦးကိုလည်း တာဝန်ပေး ခဲ့သည်။

အကယ်၍ ထိုင်းဥပဒေဖြစ်မည်ဆိုပါက -

တရုတ် ၁၃ ဦးသေဆုံးမှုတွင်
၁) တရားခံဟု စွပ်စွဲခံထားရသူ၏ နယ်မြေအတွင်း၌ သတ်ဖြတ်မှုခံရသူတို့၏ အလောင်းကိုတွေ့ရခြင်း။
၂) ရုပ်အလောင်းများ၌ သေနတ်ဒဏ်ရာများတွေ့ရခြင်း။
၃) တရားခံအဖြစ် စွပ်စွဲခံထားရသူမှာ တရားမဝင် သေနတ်အမြောက်အမြား ရှိခြင်း။
၎) အသတ်ခံရသူ၏ မော်တော်ကားကို တရားခံ၏ နယ်မြေအတွင်း၌ တွေ့ရခြင်း။
၅) သတ်ဖြတ်မှုအတွက် သက်သေခံသူ ရှိခြင်း- စသည့်အချက်များကိုက်ညီရမည်။

စိုင်းနော်ခမ်း စွပ်စွဲခံရသည့်အမှုမှာ ထိုအချက်များနှင့် မကိုက်ညီသောကြောင့် ထိုင်းတရားရုံးဖြစ်မည်ဆိုပါက ကွင်းလုံးကျွတ် အမှုမှ လွတ် ကင်းဖွယ်ရှိသည်ဟု ထိုင်းရှေ့နေတဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောပြဖူးပါသည်။

“စိုင်းနော်ခမ်းနဲ့အတူ အဖမ်းခံရတဲ့ တပည့်တွေက သူတို့ဆရာပါလို့ သက်သေထွက်ဆိုမှုဟာ လေးနက်မှု မရှိဘူး။ သူတို့ရဲ့လွတ်မြောက် ရေး သက်သာရာရရေးအတွက် ပြောတယ်လို့ ယူဆကြမှာပါ။ အခုလို တရုတ် ၁၃ ဦး သတ်ဖြတ်ခံရတဲ့ မဲခေါင်မြစ်ဆိုတာဟာ စိုင်းနော်ခမ်း ပိုင်ဆိုင်တဲ့ နယ်မြေ မဟုတ်ဘူး။ ထိုင်း၊ လော၊ မြန်မာ စတဲ့ နိုင်ငံတကာပိုင်နက် ဖြစ်တယ်။ အခုထက်ထိ တရုတ် ၁၃ ယောက်ကို ဒီသေ နတ်နဲ့ သတ်ခဲ့တယ်လို့ ပြနိုင်တာလည်း မတွေ့ရသေးဘူး။ သက်သေအထောက် အထား အရမ်းနည်းတယ်။ ဒါကြောင့် ထိုင်းတရားရုံး မှာ အမှုရင်ဆိုင်ရရင်တော့ ဒီအမှုဟာ လွတ်မြောက်ဖို့ များတယ်” ဟု အဆိုပါ ရှေ့နေက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

တဖက်မှာလည်း စိုင်းနော်ခမ်း၏ မိသားစုဘက်မှ အထူးရှေ့နေတဦးကို ဟောင်ကောင်မှ ငှားရမ်းပြီး ၎င်း၏ အပြစ်ဒဏ်လျှော့ပေါ့ရေး၊ လွတ်မြောက်ရေးအတွက် ကြိုးပမ်းလျှက်ရှိသည်ဟု မိသားစုနှင့်ရင်းနှီးသည့် သတင်းအရင်းအမြစ်တဦးကဆိုပါသည်။

၁၉၉၄ ယန်အဖွဲ့ သေဒဏ်ချရသည့်နည်း ဖြစ်သော သေနတ်ဖြင့် နောက်စေ့ပစ်ခတ် သတ်ဖြတ်သည့် ပစ်ဒဏ်ပေးသည့်စနစ်ယခု ခေတ် တွင် မရှိတော့ပါ။ ၂၀၀၉ မှစ၍ ဆေးထိုးနည်းဖြင့် သေဒဏ်ပေးခြင်းသာ ရှိတော့သည်ဟုသတင်းများကဆိုပါသည်။

No comments: