Saturday, October 27, 2012

မူစယ်တွင် SNLD ရုံးဖွင့်

ကော့လီ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၄ နှစ် ပြည့်တဲ့ နေ့မှာပဲ မူစယ်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးကို ဖွင့် လှစ်လိုက်တယ်လို့သိရပါ တယ်။

ရန်ကုန်ရှိ ဗဟိုဌာနချုပ်ရုံးဖွင့်ပြီး နယ်မြို့တွေမှာ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ရုံးလည်း ဖြစ်ပါတယ်။

ဖွင့်ပွဲ အခမ်းအနားကို မူစယ်၊ နမ့်ခမ်း မြို့နယ်များက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနဲ့ ဖိတ်ကြားထားတဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)၊ လားရှိုးမြို့ကနေ လာတက်ရောက်တဲ့ စည်း လုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ဝင် ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ အပြင် အခြားနိုင်ငံရေးပါတီများက ကိုယ်စား လှယ်များလည်း တက်ရောက် ကြပါတယ်။

အခမ်းအနားမှာ မူစယ်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ စိုင်းလှဖေ က အဖွင့်အမှာစ ကား ပြောကြားပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ခွန်ထွန်းဦး က ပေးပို့လိုက်တဲ့ သဝဏ်လွှာကို မြို့နယ် စည်းရုံးရေးမှူး စိုင်းဖိုးမြတ် (ခ) စိုင်း ယီ ဆိုင် က ဖတ်ကြားပါတယ်။

ဥက္ကဋ္ဌ စိုင်းလှဖေ ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက မူစယ်မြို့နယ်မှာ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်လောင်း အနေနဲ့ အနိုင်ရရှိခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးမှာ မဲဆန္ဒ ရာခိုင်နှုန်း အများဆုံးနဲ့ အနိုင်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

စည်းရုံးရေးမှူး စိုင်းဖိုးမြတ် (ခ) စိုင်းယီဆိုင် ကတော့ ၂၀၁၀ ခုနှစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) တည်ထောင် တုန်းက တည်ထောင်သူ ၁၅ ဦးမှာ ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက ကျားဖြူပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အဖြစ်က နုတ် ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။


မူစယ်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို မူစယ်မြို့ ဟိုမွန် ရပ်ကွက်ရှိ စိုင်းဖုအန် ရဲ့ နေအိမ်မှာ ဖွင့်လှစ်လိုက်တာ ဖြစ်ပြီး တက်ရောက်သူ စုစုပေါင်း ၃၀၀ ကျော်တယ်လို့ သိရပါတယ်။

No comments: