Monday, October 29, 2012

မြန်မာအစိုးရတပ်နှင့် KIA တပ်များ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်

KNG

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗဟိုဌာနချုပ် နယ်မြေနှင့် အနီးတ၀ိုက်တပ်များတွင် လတ်တလော အစိုးရတပ်နှင့် နှစ် ဖက် တပ်များသည် လက်နက်ကြီးများအသုံးပြု၍ အသီးသီးတပ်ချထား သောနေရာသို့ အပြန်အလှန် ပစ်ခတ်မှုများပြုလုပ်နေကြသည်။

မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၆ မိုင်အကွာရှိ အင်အား ၅၀ ကျော်ရှိသည့် လွယ်မောက် (Loi Mawk) မြန်မာအစိုးရတပ် ခလရ ၅၆တပ်ကို KIA တပ် မဟာ (၅) တပ်ရင်း (၂၄) မှ ယနေ့ နံနက်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့က ၆၀ မမနဲ့ ၁ ကြိမ်ပစ်တယ်။ အခုအချိန်က သူတို့ အခြေအနေကို ကြည့်ပြီး ကျနော်တို့ ပစ်တာ။ သူတို့လဲ ၁ ကြိမ် ပြန်ပစ် လာ တယ်။ သူတို့ အမြောက်ဆံက ချုံထဲကျပေါက်ကွဲသွားတယ်။”

KIA တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် အစိုးရတပ်အတွင်းအထဲသို့ ပစ်ခတ်ပေးခြင်းကြောင့် သေဆုံး ဒဏ်ရာရရှိမှုရှိနိုင်သော်လည်း အတိအကျမ သိ ရကြောင်းပြောသည်။

ယနေ့ နံနက် မိုးမလင်းမီ ၂ နာရီချိန်နှင့် ၄ နာရီချိန်ကြားတွင်မူ မြန်မာအစိုးရတပ်ဖက်မှ ခလရ ၁၀၅ ဆားမော်တပ်သည် KIA ထိန်းချုပ် နယ်မြေ လိုင်စင်ဘွမ်အနီး နာဖော့တပ်စခန်းတွင် KIA တပ်ရင်း (၁၈) နယ်မြေ ကန်းဘွမ် (Kang Bum) သို့ စက်လက်နက်များဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

“ညအချိန် ဘာတွေ့ပြီး ဘာတွေမြင်ပြီး ပစ်ကြတာလဲမသိဘူး။ ထင်ရာမြင်ရာ ရမ်းပြီးပစ်ကြတာ။” KIA တပ်ဖွဲ့မှပြောသည်။

မြစ်ကြီးနား-ဗန်းမော်လမ်း ၀ိုင်းမော်မြို့နယ် ဂန်ဒေါင်ယန် (Gangdau Yang) ရှိမြန်မာအစိုးရတပ်သည် အောက်တိုဘာ၂၇ ရက် ည ၈ နာ ရီမှ ၁၀ နာရီထိ နမ်ဆန်ယန် (Nam San Yang) ကျေးရွာသို့ ၁၂၀ မမ အမြောက်များဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

၎င်းအစိုးရတပ်သည် နေ့ညအချိန်အခါမရွေး ၄င်းတို့ ထင်ရာမြင်ရာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်လျက်ရှိနေကြောင်း KIA တပ်ဖွဲ့ဝင်များပြောသည်။

“အချို့က ဒုက္ခသည်စခန်းကနေ စပါးရိတ်ဖို့ ရွာပြန်လာတယ်။ အစိုးရတပ်က နေ့စဉ်လို ရမ်းတန်းပြီး ပစ်တယ်ဆိုတော့ စိုးရိမ်နေရတယ်။” ဟု ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

မြစ်ကြီးနား-ဗန်းမော်လမ်း ရှန်တွမ်ဘွမ် (Shan Tum Bum) စခန်း အင်အား ၂၀ ကျော်ရှိသည့် မြန်မာအစိုးရတပ် ခလရ ၁၄၂ အနီးသို့ အောက် တိုဘာလ၂၄ ရက် နေ့လည်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) မှ မိုင်းထောင်၍တိုက် ခိုက်ရာ အစိုးရ တပ်မှ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း မျက်မြင်တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုအစိုးရတပ်သည် ၎င်းတို့၏တပ်ရင်းအနီးနေရာသို့ လှုပ်ရှားနေစဉ် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသည့် တပ်သားများကို ၎င်းတို့၏ နမ်လန် (Num Lang) တပ်ရင်း ခမရ ၄၃၈ သို့ အောက်တိုဘာ၂၇ ရက် ညအချိန်တွင် ပို့ဆောင်ခဲ့ ကြောင်းသိရသည်။

နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားနေသော်လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ သည် နှစ်ဖက်ငြိမ်းချမ်းရေး တည် ဆောက်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုကို မကြာမီ တရုတ်ပြည် ရွှေလီတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

No comments: