Monday, October 29, 2012

စာသင်ကျောင်းမြေ ရောင်းချသည့်ကိစ္စ မိမိပတ်သက်ခဲ့ခြင်းမရှိဟု ဓမ္မသတ်ရွာ ဥက္ကဌ ဟောင်းငြင်းဆို

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ဓမ္မသတ်ကျေးရွာမူလတန်းစာသင်ကျောင်း မြေအချို့ ရောင်းချခဲ့ သည့်ကိစ္စတွင် မိမိပါဝင်ပတ်သက် ခဲ့ ခြင်း မရှိဟု ယခင် ဥက္ကဌဟောင်း ဦးထွန်းလင်းက ငြင်းဆို လိုက်သည်။

ဦးထွန်းလင်းက “ဒီစာသင်ကျောင်းမြေအချို့ကို ကျောင်းကော်မတီအစည်းအ ဝေးဆုံးဖြတ်ချက်နဲ့ ငွေကျပ် ၁၉၃ သိန်း ရောင်းချ လိုက်ပြီး အလယ်တန်း ကျောင်း ဆောင်သစ်ကို ဆောက်ခဲ့တာပါ၊ ကျနော်က ရွာဥက္ကဌတစ်ယောက် အနေနဲ့ ဒီအကြောင်းတွေကိုသိခဲ့ရပါတယ်၊ ဒါပေ မယ့် တိုက်ရိုက်ပတ်သက် တာတော့မဟုတ်ဘူး” ဟု ပြောသည်။

၎င်းစာသင်ကျောင်းမြေရောင်းဝယ်ခဲ့သည့်ကိစ္စအပေါ် ပြည်ထဲရေးဝန်ကြီးဌာန၊ ယခင်မွန်ပြည်နယ် ပယကအဖွဲ့နှင့် လက်ရှိမွန်ပြည်နယ်အ စိုးရတရားလွှတ်တော်တွင်လည်း စစ်ဆေးခံခဲ့ရပြီး မိမိတွင် အပြစ်မရှိ၍သာ အရေး ယူမခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သူကဆက်ပြောသည်။

၎င်းကျေးရွာဥက္ကဌတာဝန်ယူနေစဉ် ၂၀ဝ၉ ခုနှစ် ဇန်နဝါရီလလတွင် စာသင်ကျောင်း မြေကိစ္စနှင့် ပတ်သက်၍ စတင်စစ်ဆေးခံခဲ့ရပြီး နောက် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ကျေးရွာဥက္ကဌမှ အနားယူခဲ့ခြင်းဖြစ်သည်။

၎င်းစာသင်ကျောင်းမြေကိစ္စတိုင်ကြားသူ ၅ ဦးအနက် အကြောင်းအရာခိုင်လုံမှုမရှိဟု ကျိုက်မရောမြို့နယ် တရားရုံးကအမှုဆုံးဖြတ်ပြီး ဓမ္မ သတ်ရွာသား ဦးစိုးသိန်းအား အသရေဖျက်မှု၊ ပုဒ်မ ၅၀ဝ အရ အလုပ်မဲ့ထောင်ဒဏ် ၆ လကျခံစေရန် ယခုလ ၂ ရက်နေ့တွင် စီရင်ချက် ချ ခဲ့ကြောင်း ဓမ္မသတ်ရွာသား မင်းစိုးမြင့်က ပြောသည်။

ယခုအခါ မော်လမြိုင်ခရိုင်တရားရုံးသို့ ဆက်လက်အယူခံဝင်ခဲ့ရာ လာမည့်နိုဝင်ဘာ ၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟုသိရသည်။

ဦးစိုးသိန်းအား အသရေဖျက်မှုဖြင့် ထောင်ဒဏ်ချမှတ်လိုက်သည့်အတွက် မကြေနပ်ဖြစ်ကြသော ဓမ္မသတ်ရွာသားများက ပြီးခဲ့သည့်ရက် ပိုင်း တွင် ကျိုက်မရောတရားရုံးရှေ့၌ ဆန္ဒပြခွင့်တောင်း ဆိုခဲ့ရာ ရဲစခန်းကခွင့်မပြုခဲ့ပေ။

ဆန္ဒပြလှုပ်ရှားသူ ဓမ္မသတ်ရွာသားမင်းစိုးမြင့်က “ဒီနှစ်ဖက်ဖြစ်နေတဲ့ပြဿနာတွေ ပြေလည်ပြေအေး ကြ စေဖို့ ကြားအဖွဲ့တစ်ဖွဲ့က ကမ်း လှမ်းထားတာရှိတယ်၊ ဆွေးနွေးဖြစ်တဲ့အခါမှ ထပ်ပြောမယ်” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်အစိုးရ တက်လာသည့်ကာလတွင် မြေယာပြဿနာတိုင်ကြားမှု ပိုမိုများပြားလာကြောင်း သ တင်းမီဒီယာဖေါ်ပြချက်အရ သိရသည်။

No comments: