Sunday, October 28, 2012

ဒုတိယမိုးနဲ မြို့ဟောင်း မြေနေရာ အသိမ်းခံရမည်ကို စိုးရိမ်နေရ

ကော့လီ

ပုဂ္ဂလိက လုပ်ငန်းရှင်များပိုင် ကုမ္ပဏီများက မိုးနဲမြို့နယ်အတွင်း မြေယာလုပ် ကွက်များ ဧကထောင်ချီပြီး လျှောက်ထားဖို့ အလားအလာ ရှိနေရာမှာ ဒုတိယ မိုးနဲမြို့ဟောင်း နေရာဟာလည်း လုပ်ငန်းရှင်များ မျက်စိကျနေတဲ့ မြေနေရာ ထဲမှာပါဝင် နေ တယ်လို့ မိုးနဲဒေသခံများ အဆိုအရ သိရပါတယ်။

မိုးနဲလွင်ပြင်ကြီးရဲ့ အရှေ့ဘက် တောင်ခြေဘက်က မြေနေရာတွေကို ဧကငါး ထောင်ထက်မနည်း လုပ်ငန်းရှင်တွေက မြေလွတ်မြေရိုင်း အဖြစ် လျှောက်ယူ တော့မယ်ကြားနေရတယ် – လို့ မိုးနဲ ဒေသခံတစ်ဦးက ကော့လီကို ပြောပါ တယ်။

အဲဒီလိုလျှောက်ထားဖို့ လျာထားတဲ့ မြေနေရာတွေထဲမှာ အဆိုပါ ဒုတိယ မိုးနဲ မြို့ဟောင်း နေရာ လည်း ပါရှိနေတယ်လို့ သိရပါတယ်။ မြို့ဟောင်းနေရာဟာ အက်စ်သုံးလုံး အသွင်ပြောင်း ပြည်သူ့စစ်တပ်ဖွဲ့ အခြေစိုက်ရာ ဆိုင်းဖယ်ရွာ သစ်နဲ့လည်း သိပ်မဝေးလှဘူးလို့လည်း သိရပါတယ်။

နဂိုကတည်းက ထိန်းသိမ်းစောင့်ရှောက်မှု၊ သမိုင်းသုတေသန ကွင်းဆင်းလေ့လာမှု ကင်းမဲ့နေတဲ့ ရှမ်းပြည်က ရှေးမြို့ဟောင်းနေရာဟာ ဒီလို စီမံကိန်းတွေကြောင့် အစရှာမရအောင် ဖြစ်သွားနိုင်ပါတယ်။ မြို့ဟောင်းနေရာ တူးဖော်လေ့လာမှု မပြုနိုင်သေးရင်တောင် နဂိုအ ပျက်အစီး တွေအတိုင်း ရှိနေဖို့လိုအပ်ပါတယ်။ ဒါမှလည်း နောင်အခါမှာ တူးဖော်လေ့လာနိုင်မှာပါလို့ – ရှမ်းသမိုင်း သုတေသီတစ်ဦးက ဆို ပါတယ်။


ဒုတိယ မိုးနဲမြို့ဟောင်း နေရာဟာ ယခုမိုးနဲမြို့တည်ရှိနေရာရဲ့ အရှေ့မြောက်ဘက် လေးမိုင်အကွာရှိ တောင်တန်းရဲ့ တောင်ခြေမှာ တည်ရှိ တာ ဖြစ်ပြီး မြန်မာသက္ကရာဇ် မတိုင်ခင်ကတည်းက တည်ရှိလာတဲ့ မြို့ဟောင်းနေရာဖြစ်ကာ မြို့ရိုးအရာများ၊ ကျုံးအရာများ ရှိနေသေးပြီး သမိုင်း သုတေသန တူးဖော်သင့်သော နေရာတစ်ခုဖြစ်ပါတယ်။

ယခုမိုးနဲမြို့နေရာဟာတော့ တတိယမိုးနဲမြို့ဖြစ်ပြီး မိုးနဲစော်ဘွား စဝ်ပိတ်ဟုံခွ က ခရစ်သက္ကရာဇ် ၁၅၄၉ ခုနှစ်မှ ပြန်လည်တည်ထောင် ထား တဲ့ မြို့သစ်ဖြစ်ပါတယ်။

ပထမမိုးနဲမြို့ဟောင်း ကတော့ မိုးနဲမြို့နယ် နောင်လိုင်ကျေးရွာ အရှေ့ဘက် နမ့်တာပူ မှာ ရှိတယ်လို့ သမိုင်းမှတ်တမ်းများအရ သိရပါ တယ်။

No comments: