Sunday, November 18, 2012

စစ်တပ်သိမ်း လယ်မြေများ တရား ဥပဒေနှင့် အညီ မျှမျှတ ဆောင်ရွက်ပေးရန် ရခိုင် တောင်သူ လယ်သမားများလိုလား

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် အခြေစိုက်သော ခမရ ၅၃၉ တပ် ရင်းသည် တပ်ရင်း တည်ဆောက်ရန်ဟုအကြောင်းပြကာမ လိုအပ်ဘဲလယ် မြေများကို သိမ်းယူ ထားမူ အပေါ် နိုင်ငံ အကြီအကဲများ အနေဖြင့် တရား ဥပဒေနှင့် အညီမျှတစွာ ဆောင်ရွက်ပေးရန် ရခိုင်တောင်သူ လယ်သမား များ က လိုလားကြသည်ဟု သတင်း ရရှိသည်။

ခမရ ၅၃၉ တပ်ရင်းသည် တပ်ရင်း အခြေစိုက်ရန်ဟု အကြောင်းပြကာ ကျောက်တော်မြို့ အနောက်ဘက် (၂) မိုင်အကွာ ကျောက်တော် နှင့် သ ရက်အုပ်အကြား လယ်မြေဧက (၁၀၀) ကျော် ကို တောင်သူ လယ်သမား များထံမှ လျှော်ကြေး တစ်စုံတစ်ရာ မပေးဘဲ ၁၉၉၀ ခု နှစ်ဝန်းကျင်က သိမ်း ယူခဲ့သည်။

သိမ်းယူခဲ့ပြီးနောက်ပိုင်း ( ၃) နှစ်ခန့်သာ တပ်ရင်း အခြေစိုက်ခဲ့ပြီး ၎င်း နေရာမှ တစ်ခြား နေရာ တစ်ခု ဖြစ်သောကျောက်တော်နှင့် ပုဏ္ဍား ကျွန်း မြို့နယ် အကြား ကန်စောက်တောင် ခြေရင်း အနီးသို့ ပြောင်းရွှေ့သွားခဲ့သည်။

ကန်စောက်တောင်ခြေရင်းတွင် တပ်ရင်းချရန်ဟု ဆိုကာ နောက်ထပ် လယ်သမားများထံမှ ဧက ၆၀၀ ကို လျှော်ကြေး တစ်စုံတစ်ရာ မ ပေးဘဲ နောက်ထပ် သိမ်းယူခဲ့ဟု ဒေသခံများက ဆိုသည်။

“ သူတို့က ကန်စောက်ကို ပြောင်းသွားပေမယ့် ယခင် သိမ်းထားတဲ့ ကျောက်တော်မြို့နဲ့ သရက်အုပ် အကြားမှာ ရှိတဲ့ လယ်ဧက ၁၀၀ ကျော် ကို လယ်သမားတွေကို ပြန်မပေးပါဘူး။ ကျောက်တော်မြို့ ထက် ချင်းရွာ ရပ်ကွက်က ဦးချမ်းအေးသာ ဆိုတဲ့သူကို ကန်ထရိုက် ပေးထားပါ တယ်။ လယ်သမား တွေက သူ့ဆီက တဧက စပါး တောင်း (၂၀) နုန်းပေးပြီး ဌားရမ်း ထွန်ယက်ရပါတယ်။ တကယ်ဆိုရင် အဲဒီ နေရာမှာ တပ် ရင်းလည်း မရှိတော့တဲ့ အတွက် လယ်တွေကို လယ်သမားတွေကို ပြန်ပေးဖို့ သင့်ပါတယ်” ဟု လယ်သမား တစ်ဦး က နိရဉ္စရာသို့ ပြောပြ သည်။

လယ်သမားများ အနေဖြင့် သူတို့၏ အသိမ်းခံထားရသော လယ်မြေများတွင် စစ်တပ် တပ်ရင်းလည်း မရှိတော့သဖြင့် လယ်မြေများကို ပြန် လည် ရရှိရန် အထက်အာဏာပိုင်များသို့ စာရေး တောင်းဆိုသော်လည်း မည်သူကမှ အရေးတယူ လုပ်ဆောင်ပေးခြင်း မရှိကြောင်း ဆို သည်။

“ ဒီလယ်မြေတွေဟာ စစ်တပ် တပ်ရင်းချမယ်ဆိုပြီး သိမ်းသွားတာပါ။ အခုတော့ တပ်ရင်းလည်း မရှိတော့ဘူးဆိုရင် မူလ ပိုင်ရှင်တွေကို ပြန် ပေးသင့်ပါတယ်။ လယ်သမားတွေမှာ သူတို့လယ်ကို ပြန်လည် လိုချင်နေကြပါတယ်။ စစ်တပ်နဲ့ အားချင်း မယှဉ်နိုင်တဲ့ အတွက် လယ်တွေ ကို တစ်နေ့ ပြန်လည် ရနိုးနိုးနဲ့ စောင့်နေကြပါတယ်” ဟု ဆိုသည်။

ခမရ ၅၃၉ တပ်ရင်းသည် ကန်စောက်တောင်ခြေရင်းသို့ ပြောင်းသွားပြီးနောက်ပိုင်း ကန်စောက်တောင် အနောက်ဘက်တွင် တည်ရှိ သော လယ်မြေဧက ၆၀၀ ကို သိမ်းယူသွားခဲ့ပြီး ယခုတစ်ခါ ကန်စောက်တောင် အရှေ့ဘက်တွင် တည်ရှိသော ပြိန်းချောင်းရွာသား များ ပိုင်လယ်ဧ က (၁၂၀) ကိုပါ စစ်တပ်ပိုင်ဟု ဆိုကာ ဆက်လက် သိမ်းယူနေသည်ဟု သိရသည်။

နိုဝင်္ဘာလ ၁၅ ရက်နေ့ကလည်း တောင်သူ လယ်သမားများ လုပ်ကိုင် စားသောက်နေသော ၎င်းလယ်ဧက ၁၂၀ တွင် တပ်နယ်မြေဟုဆို ကာ ဆိုင်းဘုတ်များ လာထောင်သည်ဟု သိရသည်။

လယ်သမားများမှာ လယ်ယာ လုပ်ငန်းကို မှီပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြသူများ ဖြစ်သဖြင့် သူတို့ပိုင် လယ်မြေများကို မပေးချင် သော်လည်း စစ်တပ် တပ်ရင်းများ ချမည်ဆို၍ မတတ်သာသည့် အဆုံး ပေးလိုက်ကြရသော်လည်း စစ်တပ်ကမူ လိုသည်ထက် ပို သိမ်းယူ နေသည်ဟု ဆိုသည်။ ၎င်းပြင် စစ်တပ်က မလိုအပ်သော အချိန်တွင် လယ်မြေများကို ပြန်လည် ပေးအပ်မည်ကို လည်း လယ်သမားများ က လိုလားနေကြသည်ဟု ဒေသအတွင်းက ဆရာတော် တစ်ပါးကလည်း မိန့်ကြားသည်။

ခမရ ၅၃၉ တပ်ရင်းမှ တာဝန်ရှိသူများသည် ကန်စောက်တောင် ပတ်ပတ်လည်ရှိ မြေများကို စစ်တပ်ပိုင်ဟု ဆိုကာ ဘိုးစဉ် ဘောင်ဆက် သီးနှံ စိုက်ခင်းများ၊ ဥယာဉ်ခြံမြေများ လုပ်ကိုင် စားသောက်နေသူများထံမှလည်း နှစ်စဉ် ငွေများ ကောက်ခံခြင်း သိရသည်။

ရခိုင်ပြည်နယ် ဆင်းရဲ မွဲတည်ရခြင်း အကြောင်းအရင်းထဲတွင် ရခိုင်တောင်သူ လယ်သမားများ၏ ဘိုးဘွားပိုင် လုပ်ကိုင် စားသောက် လာသော လယ်မြေများကို စစ်တပ်က မလိုလားအပ်ဘဲ အင်အားသုံး မတရားသဖြင့် သိမ်းယူနေမူလည်း တစ်ခု အပါအ၀င် ဖြစ်သည်ဟု ဒေသခံများ က ပြောဆိုသည်။

No comments: