Saturday, November 17, 2012

ဒေသခံများ၏ လယ်ခင်းများကို စစ်တပ်ပိုင်မြေဟုဆိုကာ ဝင်ရိတ်သိမ်း

ခင်ဦးသာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် အစိုးရ ခြေမြန်တပ်ရင်း (၅၃၉) သည် ဒေသခံလယ်သမားများ၏ စပါးခင်းများကိုရိတ် သိမ်း ယူနေကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာနှင့် အုတ်တပြင်ကျေးရွာမှ လယ်သမား ၂၈ ဦး ပိုင်ဆိုင်သော လယ်ဧက ၁၃၂ ဒသမ ၇၀ ဧက တွင် စိုက်ပျိုးထားသည့် စပါးခင်းများကို တပ်ရင်း (၅၃၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း ကိုယ်တိုင် ဦးဆောင်၍ ရိတ်သိမ်းခြင်း၊ လယ်သမား များ ရိတ်သိမ်းပြီး စပါးကောက်လှိုင်းစည်းများကို စစ်ကားများဖြင့် သယ်ဆောင်နေခြင်း ဖြစ်ကြောင်း ဒေသခံ လယ်သမားများ က ဧရာဝတီသို့ ပြောသည်။

ရိတ်သိမ်းပြီးစပါးများသယ်ဆောင်သွားသည့်အပြင် ဆက်လက် ရိတ်သိမ်း ခြင်းမပြုလုပ်ရန်နှင့် ရိတ်သိမ်းပါက ပစ်ခတ်မည်ဟု နိုဝင်ဘာလ ၈ ရက်နေ့မှ စတင် ခြိမ်းခြောက်ထားကြောင်း သိရသည်။

“မှည့်နေတဲ့ စပါးတွေ ရိတ်သိမ်းတော့မှ စစ်တပ်က သူတို့ပိုင်တဲ့ လယ်မြေဆိုပြီး ရိတ်သိမ်းပြီးတဲ့ စပါး တွေ လုံးဝ မသယ်ဖို့ တပ်ရင်းမှူးနဲ့ စစ် သား ၇၀ လောက်က သေနတ်တွေကိုင်ပြီး ခြိမ်းခြောက်ပါတယ်။ ၁၀ မိနစ်အတွင်း လယ်ကွက်ထဲက ထွက်မသွားရင် ပစ်မယ်ပြောတော့ လယ် သမားတွေအားလုံး ရွာကို ပြန်လာကြရတယ်” ဟု ပြိန်းချောင်းရွာခံ လယ် သမားက ပြောသည်။

စပါးခင်းများအား စစ်တပ်က ရိတ်သိမ်းနေမှုကို မကျေနပ်သည့်အတွက် လယ်သမား ၂၈ ဦးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးဌာန များ၊ နိုင်ငံတော်သမ္မတ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများထံတိုင်ကြားစာ ပေးပို့ထား ကြောင်း လယ်သမားများက ပြောသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ လယ်ဆည်ဝန်ကြီး ဦးကျော်သိန်းက ပြောရာတွင် ထိုကိစ္စကို ၎င်းကိုယ်တိုင် ကွင်းဆင်းစစ်ဆေး နေကြောင်း၊ ယခု ရက်ပိုင်းတွင် ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“စစ်တပ်ဘက်က တာဝန်ခံ ဒု တပ်ရင်းမှူးရယ်၊ လယ်သမားတွေရယ် နှစ်ဖက်စလုံးကို စစ်ဆေး တော့၊ နှစ်ဖက်စလုံးက သူ့တို့ ပိုင်တဲ့လယ် မြေ ပြောနေကြတယ်။ နှစ်ဘက်စလုံး မနစ်နာရအောင် ကျနော်တို့ အစိုးအဖွဲ့က ဆုံးဖြတ်ပေး သွားဖို့ စီစဉ်နေတုန်းပါ” ဟု ၎င်းက ဆိုသည်။

စပါးစိုက်ဧက ၁၃၀ ၀န်းကျင်အနက် အများစုမှာ မှည့်နေပြီဖြစ်ကြောင်း၊ ယခုအခါ ဧက ၄၀ ခန့်ကိုစစ်တပ်ကရိတ်သိမ်းထားပြီ ဖြစ်ကြောင်း၊ လယ်သမား ရိတ်သိမ်းပြီးဖြစ်သည့် ၇ ဧကခန့်မှ စပါးများကိုလည်း စစ်ကားများဖြင့် တပ်ရင်း ၅၃၉ အခြေစိုက်ရာ ကန်စောက်တောင် အရပ် သို့ သယ်ဆောင်သွားသည်ဟု သိရသည်။

“ဧက ၁၃၀ လောက်မှာ နှစ်ဘက်စလုံးက ရိတ်ထားကြတာ ဧက ၇၀ ၀န်းကျင် ပြီးစီးနေပြီ။ ဒီတော့ ကျန်တဲ့ စပါးတွေကို စစ်တပ်ကရော လယ် သမားတွေကပါ ဆက်မရိတ်ဖို့ ပြောထားတယ်။ ၅ ရက်အတွင်း အဆင်ပြေအောင် လုပ်ပေး မယ်လို့လည်း ပြောထားပါတယ်” ဟု လယ် ဆည်ဝန်ကြီး ဦးကျော်သိန်းက ဆိုသည်။

ထိုလယ်မြေများသည် ဒေသခံများ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်နေသည့် လယ်မြေများဖြစ်ကြောင်း၊ ယခုနှစ်တွင်မှ ၎င်းတို့ ပိုင် ဆိုင်သည့် လယ်မြေဟု စစ်တပ်က ပြောဆိုကြောင်း အုတ်တရ ကျေးရွာသား တဦးကလည်း ဧရာဝတီကို ပြောသည်။

“စပါးစိုက်ဖို့ လယ်စထွန်တော့ စစ်တပ်က လာတားသေးတယ်။ လယ်သမားတွေက ဟိုတိုင်၊ ဒီ တိုင်လုပ်တော့ နောက်ဆုတ်သွားခဲ့ပါတယ်။ အ ခုစပါးခင်းတွေ မှည့်တော့မှ စစ်တပ်က သူတို့ပိုင်တာဆိုပြီး ပြဿနာ လာရှာပြန်တယ်” ဟု ၎င်းက ဆိုသည်။

စပါးစိုက်ပျိုးရန် ထွန်ယက်စဉ်က စစ်တပ်မှလာရောက် ဟန့်တား ခြိမ်းခြောက်သည့်အတွက် လယ်သမားများ စုပေါင်း၍ အာဏာပိုင်များထံ တိုင် ကြားရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ အဖွဲ့များလာရောက်ပြီး လယ်သမားပိုင်ဆိုင်ကြောင်း ဖြေရှင်းပေးခဲ့သည့်အတွက် စပါး စိုက်ပျိုး ထားခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။

ထိုလယ်မြေများသည် ဒေသခံလယ်သမားများ ဘိုးဘွားပိုင် လယ်မြေမှန်ကန်သော်လည်း သက်ဆိုင်ရာ မြေစာရင်းဌာန၏ ယခုနှစ်အမည် ပေါက် စာရင်း၌ စစ်တပ်ပိုင် လယ်မြေများဟု ဖော်ပြထားကြောင်း၊ ထိုကိစ္စကိုလည်း နှစ်ဦးနှစ်ဘက် ပြေလည်မှု ရရှိအောင် ဆက်လက် ဖြေ ရှင်း ပေး သွားမည် ဖြစ်ကြောင်း ၀န်ကြီး ဦးကျော်သိန်းက ပြောသည်။

၎င်းက “မြေစာရင်းဌာနရဲ့ လန ၃၉ မှာတော့ စစ်တပ်ပိုင်မြေဆိုပြီး ဖော်ပြထားတယ်။ ဒီကိစ္စကို လယ်သမားတွေက ဘာမှ မသိကြသေး တော့ သူတို့ပိုင်တယ်လို့ပဲ ထင်နေကြတယ်။ အဲဒီလို နှစ်ဘက်စလုံးက သူတို့ပိုင်တယ်ပဲ ထင်နေကြတော့ အငြင်းပွားမှု ဖြစ်တာပေါ့” ဟု ဆိုသည်။

ကျောက်တော်မြို့နယ်၌ ခြေမြန်တပ်ရင်းများအပြင် အမြောက်တပ်တချို့လည်း အခြေစိုက်ထားပြီး ဒေသတ၀ိုက်ရှိ လယ်သမားများ၏ လယ် မြေဧက ထောင်ချီသိမ်းယူထားခြင်းကို နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌများထံ တိုင်ကြားထားသည့်တိုင် ဖြေရှင်းပေးမှု မရှိ သေး ကြောင်း ဒေသခံများက ပြောသည်။

No comments: