Saturday, November 3, 2012

ရခိုင် ငြိမ်းချမ်းရေး အတွက် စစ်တွေ မှ ဆရာတော်ကြီး ၅ ပါး ရန်ကုန်သို့ ပင့်ဆောင်

နိရဉ္စရာ

စစ်တွေမြို့မှ ဆရာတော်ကြီး ၅ပါးကို အောက်တိုဘာလ ၂ ရက်နေ့က သာသနာရေး ၀န်ကြီးဌာနမှ ရန်ကုန်မြို့သို့ ပင့်ဆောင် သွား ကြောင်း သတင်း ရရှိသည်။

ပင့်ဆောင်ခံရသော ဆရာတော် (၅) ပါးမှာ ပုသိမ်ကျောင်းတိုက် ဆရာတော်၊ ဒက္ခိဏ ရာမ ကျောင်းတိုက် ဆရာတော်၊ မဏိရတနာ ကျောင်း တိုက်ဆရာတော်၊ နန္ဒာရာမ ကျောင်းတိုက် ဆရာတော်နှင့် ဓမ္မသုခ ကျောင်းတိုက်ဆရာတော် တို့ဖြစ်ကြသည်။

“ ဆရာတော်တွေကို ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးတွေ အနေနဲ့ ပဋိပက္ခတွေ ရှေ့မှာ မဖြစ်ရအောင် ထိန်းသိမ်းပေးဖို့ အတွက် လျှောက်ထားလိုတာကြောင့် ပင့်သွားတယ်လို့ သိရ ပါတယ်” ဟု စစ်တွေမှ ဆရာတော် ဦးဥာဏက ပြောသည်။

ဆရာတော်ကြီးများအား အောက်တိုဘာလ ၂ ရက်နေ့က စစ်တွေမှ တဆင့် လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာသွားခဲ့ပြီး ညနေပိုင်းတွင် မဟန ခေါ် သံဃာနာယက ဆရာတော်ကြီးများနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

“ ညနေပိုင်းမှာ စစ်တွေက ဆရာတော်ကြီးတွေနဲ့ ကမ္ဘာအေး မဟန ဆရာတော်ကြီးတွေနဲ့ တွေ့ကြတယ်လို့ သိရပါတယ်။ အခု ရခိုင် ပဋိပ က္ခမှာ ရဟန်းတော်တွေလည်း ပါဝင်နေတယ်လို့ သိရတဲ့ အတွက် ရဟန်းတော်တွေ အနေနဲ့ မပါဝင်ဖို့ အတွက် လမ်းညွှန်ပေးဖို့နဲ့ ထိန်း သိမ်း ပေးဖို့ အတွက် ရခိုင်က ဆရာတော်ကြီးတွေကို လျှောက်ထားတယ်လို့ သိရပါတယ် တကာကြီး” ဟု ဆရာတော်က ပြောသည်။

ဆရာတော်ကြီးများအား ရခိုင်ပြည်နယ် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက ရန်ကုန်သို့ ပင့်ယူသွားခဲ့သည်ဟု သိရသည်။

ရခိုင်မှ ဆရာတော်ကြီးများသည် အစိုးရဘက်ဆိုင်ရာ အရာရှိကြီးများနှင့် လည်း ရခိုင်ပဋိပက္ခ ပြေလည်ရေး အတွက် ဆွေးနွေးသွားရန် အစီ အ စဉ်များလည်း ရှိကြောင်း သိရသည်။

No comments: