Sunday, December 16, 2012

တွင်းထွက် စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဦးဆောင်ကော်မတီဖွဲ့စည်း

ခင်မျိုးသွယ်

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖေါ်ရေး စက်မူလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖေါ်ဆောင်ရေး ဦးဆောင်ကော်မတီ ကို သမ္မတရုံး အမိန့်ကြော်ငြာစာဖြင့် ဒီဇင်ဘာလ ၁၄ ရက်က ထုတ်ပြန်လိုက်သည်။

အစိုးရသည် တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖေါ်ရေး စက်မူလုပ်ငန်းများ စီမံကွပ်ကဲမှု ပိုမို ကောင်း မွန်စေရန်၊ ရင်းနှီးမြှုပ်နှံမှုဝန်းကျင် အားကောင်းစေရန်၊ ပုဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုအကြား ပွင့်လင်းမြင်သာ မှုရှိ၍ အပြန်အလှန် ဆွေးနွေးရှင်းလင်းမှု ရှိလာ စေရန်၊ ပုဂ္ဂလိက ကဏ္ဍ လူထုအခြေပြုအဖွဲ့အစည်းများနှင့်အတူ လက်တွဲ အကောင်အ ထည်ဖော် ဆောင်ရွက်ပြီး ပြည်သူလူထုအားအသိပေး ရန်၊ တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖေါ်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်း မြင် သာမှု ဖော်ဆောင်ခြင်း ကိစ္စရပ်ကိုနိုင်ငံတော် ကိုယ်စား ဦးစီးဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ဆောင်ရွက်ကာ အဖွဲ့ဝင်များအဖြစ် ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် သစ်တော ရေး ရာဝန်ကြီး ဦးဝင်းထွန်း၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးနှင့် သတ္တုတွင်းဝန်ကြီးဒေါက်တာမြင့်အောင်တို့ ပါဝင်ကာ ဘဏ္ဍာရေးနှင့်အခွန် ဝန် ကြီး ဦးဝင်းရှိန် က အတွင်းရေးမှူးအဖြစ် ပါဝင်သည်။

ကော်မတီ၏ လုပ်ငန်းတာဝန်များအဖြစ် တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေးနှင့် စက်မှုလုပ်ငန်းများပွင့်လင်းမြင်သာမှု ဖော် ဆောင် ခြင်းကိစ္စ အရပ်ရပ်ကို နိုင်ငံတော်နှင့် လက်တွဲဆောင်ရွက်သွားမည့် ပုဂ္ဂလိက ကဏ္ဍနှင့်လူထုအခြေပြုအဖွဲ့အစည်းများအကြား EITI ဆိုင်ရာ လုပ်ငန်းများကို တာဝန်ခံဆောင်ရွက်မည့် လုပ်ငန်းကော်မတီ တရပ်ကိုဖွဲ့စည်းရန်၊ တွင်းထွက်သယံဇာတ အရင်းအမြစ်တူး ဖေါ်ရေးစက်မှုလုပ် ငန်းများ ပွင့်လင်းမြင်သာမူ ဖော်ဆောင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ် မူကြမ်းတရပ် ပြင်ဆင်ရေး ဆွဲရန် ပါဝင်သည်။

ထို့ပြင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြစ်သော Extractive Industry Transparency Initiative တွင် မြန်မာနိုင်ငံအား အဖွဲ့ဝင်နိုင်ငံတခုအဖြစ် အပြီးသတ် လျှောက်ထား၍ အဖွဲ့ဝင်လောင်း Candidate Member အဆင့်ထိ အောင်မြင်စွာပါဝင်နိုင်ရန်လိုအပ်သည့် လုပ် ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ် အ ဖွဲ့အစည်း Myanmar Development Resource Institute ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မူအဖွဲ့ Centre for Economic and Social Development အား ညှိနှိုင်းရေး တာ ဝန်ခံ Coordinator အဖြစ် တာဝန်ပေးအပ်ရန်၊ တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေးလုပ်ငန်းများကို နိုင်ငံဖွံ့ဖြိုးမှုနှင့် စီးပွား ရေး တိုးတက်မှုများအတွက် လက်တွေ့အကျိုးရှိပြီး နောင်လာနောင်သား ပြည်သူများအ တွက် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေး ကို ရှေးရှုသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို သတ်မှတ် အကောင်အထည်ဖော်
ဆောင်ရွက်ရန်တို့ ဖြစ် သည်။


ထိုလုပ်ငန်းစဉ်များကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိ ရ သည်။

No comments: