Saturday, December 29, 2012

၁၉၆၂ ပုံနှိပ် အက်ဥပဒေဖြင့် သတင်းစာ ထုတ်ဝေခွင့်ပြု

သာလွန်ဇောင်းထက်

ပြန်ကြားရေးဝန်ကြီးဌာနက နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုမည် ဖြစ်သော်လည်း ၁၉၆၂ ပုံနှိပ်အက်ဥပဒေဖြင့် ထုတ်ဝေခွင့် လိုင်စင် ပိတ်သိမ်းခြင်း၊ သက်တမ်း တိုးမပေးခြင်း စသည့် ထိန်းချုပ်မှုများ ပြုလုပ်နိုင်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်များကို ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေဖြင့် ခွင့်ပြုသွားမည်ဖြစ်ပြီး သတင်းစာများ ထုတ်ဝေခွင့် လိုင်စင်ကို ပြန်ကြားရေးဝန်ကြီးဌာနတွင် လျှောက်ထားရမည် ဖြစ်ကြောင်း၊ ထုတ်ဝေခွင့် လိုင်စင်မရှိဘဲသတင်းစာထုတ်ဝေခွင့်မရနိုင် ကြောင်း၊ ထုတ်ဝေခွင့်လိုင်စင်ကို တနှစ်တခါ သက်တမ်းတိုးရမည် ဖြစ်သော်လည်း ဆင်ဆာ ဖြတ်တောက်မှုများ ရှိမည်မဟုတ်ကြောင်း၊ မီဒီယာ ဥပဒေ အသစ် ထွက်ရှိလာပါကလည်း ပုံနှိပ်နှင့် မှတ်ပုံတင်ဥပဒေ သီးခြား ရှိနေမည်ဖြစ်ပြီး ယင်းဥပဒေဖြင့်ပင် သတင်းစာထုတ်ဝေခွင့်များခွင့်ပြုမည် ဖြစ်ကြောင်း၊ ဥပဒေချိုးဖောက်ပါက ထုတ်ဝေခွင့် လိုင်စင်ပိတ်သိမ်းခြင်း၊ သက်တမ်းတိုးမပေးခြင်းများ ပြုလုပ်နိုင် ကြောင်း ပြန်ကြားရေး ၀န် ကြီးဌာနပုံနှိပ်နှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတင့်က ဧရာဝတီသို့ ပြောသည်။

“၁၉၆၂ ပုံနှိပ် အက်ဥပဒေအရ ပုဂ္ဂလိက သတင်းစာတွေကို ခွင့်ပြုတာဖြစ်တယ်။ Press Law အသစ် ထွက်လာလည်း မှတ်ပုံတင် ဥပဒေဆို တာ သပ်သပ် လာမှာပဲလေ။ ပုံနှိပ်နဲ့ ထုတ်ဝေသူ မှတ်ပုံတင်က သပ်သပ် ရှိနေမယ်လေ။ ဥပဒေ တော့ မထွက်သေးဘူး။ ဥပဒေထွက်လာတဲ့ အ ခါ ဥပဒေ ချိုးဖောက်တယ်ဆိုရင် ထုတ်ဝေခွင့် လိုင်စင်ပိတ်တာ၊ သက်တမ်း တိုးမပေးတာ တွေတော့ ဖြစ်နိုင်တာပေါ့။ ကျနော်တို့ကလွတ်လပ် ခွင့်တော့ ပေးတာပေါ့။ သို့သော်လည်းပဲ ချိုးဖောက်တယ် ဆိုရင်တော့ အရေးယူတဲ့အ ပိုင်းက ပါမယ်ထင်တယ်။ ဘယ်လိုမျိုးဆိုရင်ချိုးဖောက် တယ် ဆိုတာကလည်း ဥပဒေ ထွက်လာမှပဲ သိမယ်။ လက်ရှိအနေအထားအတိုင်း က မှတ်ပုံတင်ဥပဒေဆိုတာ ရှိရင် ပယ်ဖျက်တာကရှိနိုင်ပါ တယ်။ သို့သော်လည်းပဲအရင်လို ကျနော်တို့က စိစစ်တာတွေ၊ ပြဿနာ ရှာ တာတွေရှိနိုင်မှာမဟုတ်ဘူး။ ကျနော်တို့ကစပြီး Action ယူ တာ မျိုးတွေက ရှိကောင်းမှ ရှိနိုင်တာပေါ့” ဟု ဦးရဲတင့်က ဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ရှိ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနကို မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနဟု တရားဝင်အမည်ပြောင်းလဲ ပြီး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်း၊ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများအနေဖြင့် မိမိတာဝန်မိမိယူပြီး ထုတ်ဝေရ မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။


“အရင်လို ကျနော်တို့က စိစစ်တာတွေ၊ ပြဿနာရှာတာတွေ ရှိနိုင်မှာမဟုတ်ဘူး။ ကျနော်တို့က စပြီး Action ယူတာမျိုးတွေက ရှိကောင်းမှ ရှိ နိုင်တာပေါ့လေ။ အဓိက ကြုံတွေ့ရမှာတော့ လွတ်လွပ်လပ်လပ် လုပ်ပြီး တာဝန်ယူတဲ့ စနစ်နဲ့ပဲ သွားရမှာပဲ” ဟု ဦးရဲတင့်က ပြောသည်။

အစိုးရက ၁၉၆၂ ခုနှစ် ပုံနှိပ် အက်ဥပဒေဖြင့် နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့် ပြုမည့်အပေါ် ပြည်တွင်း သတင်းစာဆရာများ အ ကြား စိုးရိမ်မှုများ ပေါ်ပေါက်နေပြီး ပြန်ကြားရေး ၀န်ကြီးဌာနက ဆက်လက်ထိန်းချုပ်ထားသောသတင်းမီဒီယာ ပုံစံသစ် ဖြစ်ပေလာမည် ဟုခန့် မှန်း နေကြသည်။

မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဒုတိယ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင်တဦးဖြစ်သူ Open News ဂျာနယ် အယ် ဒီတာချုပ် ဦးသီဟစောက သတင်းစာ ထုတ်ဝေခွင့်ကို ၁၉၆၂ ခုနှစ် ပုံနှိပ် အက်ဥပေဒတွင် ပြဋ္ဌာန်းထားသည့် လိုင်စင်စနစ်ဖြင့် ခွင့် ပြုခြင်း သည် သတင်းလွတ်လပ်ခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနက ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သည်ကို ပေါ်လွင်စေကြောင်း၊ ၎င်း အနေဖြင့် သတင်းစာ ထုတ်ဝေခွင့် လျှောက်ထားမည် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“သတင်းစာ ထုတ်ဝေခွင့်လိုင်စင်ကို ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်သိမ်းခွင့်၊ ပိတ်သိမ်းခွင့် ရှိတယ် ဆိုကတည်းက သတင်း လွတ်လပ်ခွင့် အ ပြည့်အ၀မရှိဘူးဆိုတာ ပေါ်လွင်စေတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ မှတ်ပုံတင်ပြီးတာနဲ့ တနှစ်တ ခါ သက်တမ်း တိုးစရာမလိုဘဲ တသက်လုံး ထုတ်လို့ရတဲ့ စနစ်မျိုးပဲ ကျင့်သုံးတာ။ အင်ဒိုနီးရှားမှာလည်း အဲဒီစနစ်ပဲသုံးတယ်၊ မလေးရှား တောင် ဒီနှစ်ကစပြီး လိုင်စင်စနစ်ကို ဖျက်သိမ်း လိုက်ပြီး သက်တမ်း တိုးစရာမလိုတဲ့ မှတ်ပုံတင်စနစ်နဲ့ သွားနေပြီ။ ရှင်းရှင်းပြောရရင် ပြန် ကြားရေးဝန်ကြီးဌာနက သတင်းလွတ် လပ် ခွင့်ကို ဆက်ပြီးထိန်းတာပဲ” ဟု ၎င်းက ဆိုသည်။

Messenger သတင်းဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ကိုအောင်ပေါ်ထွန်းကမူ သတင်းစာထုတ်ဝေခွင့် ပြုခြင်းအပေါ်ကြိုဆိုသော်လည်း သတင်း လွတ်လပ်ခွင့် ရှိမရှိ ဆက်လက် စောင့်ကြည့်သွားရမည် ဖြစ်ကြောင်း၊ Messenger ဂျာနယ်အနေဖြင့် နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေ သွားရန်ရှိကြောင်း ပြောဆိုသည်။

“သတင်းစာ ထုတ်ဝေခွင့်ရမယ်ဆိုတဲ့ သတင်းကြားကတည်းက ကြိုပြင်ထားတယ်။ သတင်းစာ ထုတ်ခွင့်ပြုတာတော့ ကောင်းပါတယ်။ ဒါပေ မယ့်လည်း သတင်းလွတ်လပ်ခွင့် ဘယ်လောက်ရမယ်ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ အခုပြောလို့ မဖြစ်ဘူးထင်ပါတယ်” ဟု သူက ပြော သည်။

ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်ကလည်း ၎င်းတို့အနေဖြင့် သတင်းစာထုတ်ဝေရန် လတ်တလော အစီအစဉ် မရှိသေး ကြောင်း၊ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ ရရှိမှု၊ မရရှိမှုသည် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာ ထုတ်ဝေခွင့် လိုင်စင် ချထားပေး သည့် ပုံစံပေါ် တွင် မူတည်နေကြောင်း သုံးသပ်သည်။

“သတင်းစာ ထုတ်ဝေခွင့် ချပေးတဲ့နေရာမှာ ခွဲခြားမှုမရှိဘဲ ထုတ်ဝေခွင့် လျှောက်ထားသူတိုင်းကို ခွင့်ပြုတယ် ဆိုရင်တော့သတင်း လွတ်လပ် ခွင့် တော်တော်များများရပြီလို့ ပြောလို့ရတယ်” ဟု ဦးဖေမြင့်က ရှင်းပြသည်။

နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာ ထုတ်ဝေလိုသူများ အနေဖြင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင် လျှောက်ထားရမည် ဖြစ် ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရှိရသည်။

No comments: