Friday, December 28, 2012

မီးရှို့ရာတွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးသစ်နှင့် ရွာသား တစ်ဦး အဖမ်းခံရ

နိရဉ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဆားပြင်ကြီးကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် အဖြစ် အရွှေးခံရသော ဦးမဲစိန်အောင်နှင့် နောက်ထပ် ရွာသား တစ်ဦးအား မွတ် ဆလင်ကျေးရွာ မီးရှို့တိုက်ခိုက်ရာတွင် ပါဝင်သည်ဟု ဆိုကာ ရဲက ဖမ်းဆီးသွားခဲ့သည်။

“ ဦးမဲစိန်အောင်နဲ့ ကိုအေးထွန်းသောင်းကို ဖမ်းတာက ရသေ့တောင်မြို့ပေါ်မှာ ဖြစ်ပါတယ်။ ဦးမဲ စိန်အောင်က ရွာမှာ အုပ်ချုပ်ရေးမှူး အ သစ်အဖြစ် အရွှေးခံရတယ်။ ခုလို အရွှေးခံရတဲ့ အတွက် ရဲထောက်ခံစာ၊လ၀က ထောက်ခံစာ၊ ကျန်းမာရေး ထောက်ခံစာတွေ သွား တောင်းတဲ့ အချိန်မှာ ရသေ့တောင်ရဲက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်” ဟု ရွာသား တစ်ဦးက ပြောသည်။

ယခုအခါ ဦးမဲစိန်အောင်နှင့် ဦးအေးထွန်းသောင်းတို့ကို ရသေ့တောင်မှတဆင့် စစ်တွေသို့ ပို့ဆောင်လိုက်ပြီး အမှတ် (၂) ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု ဆိုသည်။

“ သူတို့ကို ဇန္န၀ါရီလ ၂ ရက်နေ့မှာ စစ်တွေ ခရိုင်ရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။ အခုတော့ ရမန်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။ သူတို့ကို ဖမ်းတာက လွန်ခဲ့တဲ့ အပတ်က ဖြစ်ပါတယ်” ဟု ဆိုသည်။

ဦးမဲစိန်အောင်မှာ သူနှင့် အတူ အုပ်ချုပ်ရေးမှူး အဖြစ် ယှဉ်ပြိုင် အရွှေးခံသူ မဲရှုံးရာမှ ရဲကို သွားရောက်တိုင်ကြားပြီး ငွေပေးရာမှ ရဲက ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဦးမဲစိန်အောင် ဖမ်းဆီးခံရမူနှင့် ပတ်သက်ပြီး ဒေသခံများက ပြောဆိုသည်။

တစ်ခြား ရပ်ရွာ လူကြီး တစ်ဦးကို နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောသည်။

“ အဓိကတော့ ဦးမဲစိန်အောင် အပါအ၀င် လူ (၈) ဦးကို ညောင်ပင်ကြီး ကုလားရွာ မီးရှို့မူမှာ ဦး ဆောင်တယ်လို့ ရဲက ယူဆထားတယ်။ အဲသလို အခြေအနေမျိုးမှာ ဟိုမဲရှုံးတဲ့ လူ လုပ်တာလည်း ပါကောင်း ပါနိုင်တာပေါ့။ အတိ အကျ တော့ မပြောနိုင်ဘူး။ ရသေ့တောင် တ ရားရုံးရှေ့က လဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်နေစဉ် ရဲက ၀င်ဖမ်းသွားတာ ဖြစ်ပါ တယ်” ဟု ဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့က ရသေ့တောင်မြို့နယ် တောင်ပိုင်း မစဲကမ်းဒေသရှိ ညောင်ပင်ကြီး မွတ်ဆလင် ကျေးရွာ တိုက်ခိုက်မူ ဖြစ်စဉ်တွင် စစ်တပ်က ပစ်ခတ်၍ ရခိုင်အမျိုးသား ၂ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ညောင်ပင်ကြီးရွာမှ အိမ် (၂၀) ခန့်မှာ မီးထဲပါသွားခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း မြို့နယ် ရဲတပ်ဖွဲ့မှ ဒဏ်ရာရသူ ရခိုင် (၁၁) ဦးနှင့် အဆိုပါ ဒေသရှိ ဆားပြင်ကြီး၊ ဆားပြင်ချေ စသည့် ကျေးရွာများမှ ခေါင်းဆောင်များဟု ယူဆသူ လူ (၈) ဦး၊ စုစုပေါင်း ၁၉ ဦးကို ဖမ်းဝရန်း ထုတ်ထားသည်ဟု ဆိုသည်။

ယခုအခါ ဖမ်းဝရမ်းထုတ်ခံရသူ ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

No comments: