Wednesday, December 26, 2012

KIO ဋ္ဌာနချုပ် လိုင်ဇာအနီးသို့ အစိုးရတပ်များ အလုံးအရင်းဖြင့် ချဉ်းကပ်ရောက်ရှိ

သျှမ်းသံတော်ဆင့်

KIO ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ အင်အားထောင်ချီရှိသည့် အစိုးရ စစ်ကြောင်းများ ဖြန့်ခွဲ ချဉ်းကပ်နေရာ မကြာမီ အချိန်အတွင်း နှစ် ဘက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်ကြောင်း ABSDF ကျောင်းသားတပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မြစ်ကြီးနား၊ ဗန်းမော်နှင့် ဆင်ဘိုဘက်လမ်းကြောင်း ၃ ခုမှ နေ၍ အစိုးရတပ်များ လိုင်ဇာအနီးသို့ ချဉ်းကပ်လာခြင်း ဖြစ်ပြီး ယမန်နေ့က အ စိုး ရတပ်အင်အား ၈၀၀ ကျော်ခန့် လိုင်ဇာနှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် မန်သဲနှင့်မန်ဆိုင်းရွာများသို့ ထပ်မံရောက်ရှိလာကြောင်း သိရ သည်။

“ဗန်းမော်ဘက်ကလာတဲ့ စစ်ကြောင်းကလိုင်ဇာနားကို ကပ်နေပြီအင်အား ၈၀၀ ကျော်လောက်ရှိတယ်။ မနေ့ညကတော့ လက်နက်ကြီး တွေနဲ့ပစ်တယ်။ သူတို့ရာဇသံပေးထားတာ ဒီနေ့နောက်ဆုံးဆိုတော့ ဒီညပိုင်းတိုက်ပွဲတွေ ဖြစ်လာနိုင် တယ်။” ဟု သူက ဆိုသည်။

ယခုလ ၂၃ ရက်နေ့က မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်မှ အစိုးရတပ်များ ၀င်ရောက်မည့် လမ်းကြောင်း ပေါ်ရှိ KIA တပ် စ ခန်းများအား ယခုလ ၂၅ ရက်နေ့ နောက်ဆုံးထား ရုပ်သိမ်းရန် KIO ထံ သတိပေးစာ ပေးပို့ခဲ့ရာ ယင်းစာ နှင့်ပတ်သက်၍ KIO မှ အစိုးရ ငြိမ်း ချမ်းရေးအဖွဲ့ ခေါင်းဆောင်ဦးအောင်မင်းထံ ကန့်ကွက်စာ ပြန်လည်ပေးပို့ထားကြောင်း သိရသည်။

“လိုင်ဇာကိုထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာပေါ့၊ စစ်ကြောင်း ၃ ကြောင်းခွဲပြီးတက်လာတာ၊ ရှဒန်ပါမှာ သံချပ် ကာယာဉ်တွေ ရဟတ်ယာဉ် တွေ ပါတယ်” ဟု သူက ဆက်ပြောသည်။

လိုင်ဇာမြို့သို့ ချီတက်လာသည့် အစိုးရစစ်ကြောင်းများနှင့် KIA တပ်ဖွဲ့တို့ အကြား မြစ်ကြီးနား - လိုင်ဇာကားလမ်းပေါ်ရှိ ကန်တောင်ယန် ရွာ အနီးတွင် နေ့စဉ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်းလည်း ရှေ့တန်းရောက် KIA တပ်မှူးတစ် ဦးက ပြောသည်။

“မြစ်ကြီးနားဘက်က လာတဲ့စစ်ကြောင်းက ကန်တောင်ယန်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာ အရင်တပ် ရင်း ၄ ရင်း မနေ့က ၃၈၈ တပ် ရင်း တစ်ရင်း ထပ်တိုးတယ် မနေ့မနက် ၉ နာရီ မိနစ် ၂၀ မှာ လေယာဉ်တွေနဲ့လာပစ်တယ် ၁၀၅ ဟော်ဝစ် ဇာ တွေ ၁၂၀မမ တွေနဲ့လည်း တစ်နေ ကုန်ပစ်တယ်” ဟု သူက ဆိုသည် ။

ယမန်နေ့က အစိုးရ လေကြောင်းတိုက်ခိုက်မှုအတွင်း မြစ်ကြီးနားမြို့သို့ လျှပ်စစ်မီးပေးနေသည့် KIO ၏ မလိရေအား လျှပ် စစ်စက်ရုံ ပျက် စီး မှုအချို့ရှိခဲ့ပြီး လျှပ်စစ်မီးပေးမှု ရပ်ဆိုင်းထားရကြောင်း သိရသည်။

ယခုလ ၁၄ ရက်နေ့က KIO ဋ္ဌာနချုပ်လိုင်ဇာမြို့နှင့် ၅ မိုင်ခန့်သာ ကွာဝေးသည့် လဂျားယန်ရွာတွင် KIA နှင့် ABSDF ပူးပေါင်းတပ်များနှင့် အ စိုး ရတပ်တို့အကြား တိုက်ပွဲများ ပြင်ထန်စွာ ဖြစ်ပွားခဲ့သေးရာ အစိုးရတပ်သား ၁၇၀ ကျော်ခန့် ထိခိုက်မှုရှိပြီး တင့်ကားတစ်စီးဖျက်ဆီး ခံခဲ့ရ ကြောင်း စစ်ဘက်သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

“ပွင့်လင်းရာသီရောက်ရင် ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိမှာမဟုတ်ဘူး” ဟု - အမေရိကန်နိုင်ငံ ဝေါရှင်တန်မြို့သို့ ရောက်ရှိစဉ် ပြည်ထောင်စု ငြိမ်း ချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ ဒုဥက္ကဌ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်ဟု စက်တင်္ဘာ ၂၁ ရက်နေ့ ဗီအိုအေ သ တင်းဌာန က ထုတ်ပြန်ဖူးပါသည်။

No comments: