Wednesday, December 26, 2012

စစ်ဘေးရှောင် ဒုက္ခသည်များအား SNLD မှ သွားရောက် ကူညီထောက်ပံ့

ကော့လီ

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် များအား ရှမ်းတိုင်းရင်းသားများ ဒီ မိုကရေစီံအဖွဲ့ချုပ် က ဆေးဝါးများနဲ့ ငွေကြေးများ သွား ရောက်ထောက်ပံ့ ကူ ညီခဲ့တယ်လို့ သိရပါတယ်။

ခရစ်မတ်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ် အတွင်းမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည် စခန်း ၄ ခုကိုသွား ရောက်ခဲ့ပြီး ကူညီထောက်ပံ့ခဲ့တာ ဖြစ်ပြီး ကချင်ပြည်နယ် ရှမ်းတိုင်းရင်း သား လူမျိုးရေးရာ ဝန်ကြီး ဒေါ်ခင်ပြုံးရီ ကိုယ် တိုင် လိုက်လံ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်းမှာ ရှိတဲ့ စခန်း၊ ဝိုင်းမော်မြို့ သာဂရ ကျောင်းထဲရှိ စခန်း၊ ဝိုင်းမော်မြို့ပေါ်ကပဲ လီဆူး ဘုရား ကျောင်း ဝင်းထဲ မှာ ရှိတဲ့ စခန်း၊ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ က စခန်းတွေကို သွားကူညီခဲ့ပါ တယ်။ဆေးဝါးကတော့ယားနာပျောက်လိမ်းဆေး၊ကလေးအမျိုး သမီးတွေ အတွက် ဗီတာမင် အားဆေး၊ ဖျားနာကိုက်ခဲပျောက် ထိုး ဆေး တွေပါတယ်။ သက်ဆိုင်ရာ ငွေကြေးအနေနဲ့ကတော့ လူတစ်ဦး ချင်း ကို ၅၀၀၀ စီ ကူညီခဲ့ပါတယ်။ ဝန်ကြီး ဒေါ်ခင်ပြုံးရီ ကလည်း အစစ အရာရာ ကူညီပံ့ပိုးပေးပါတယ်။ ပြီးတော့ ဒေသခံ ရှမ်းစာပေယဉ်ကျေးမှု အဖွဲ့ဝင်တွေ၊ ကျားဖြူပါတီဝင်တွေ၊ တိုင်းလိုင်ပါတီဝင်တွေ၊ ဝိုင်း မော် မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် ဆေးရုံအုပ် ဆရာဝန်ကြီး တို့ကလည်း ကျနော်တို့ လိုအပ်တာတွေကို လိုက်ပြီးကူညီပေးကြပါ တယ် – လို့ ပါတီကိုယ်စား ကိုယ်တိုင် သွားရောက် ထောက်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက် အတွင်းရေးမှူး ဖြစ်သူ စိုင်းလိတ် က ကော့လီကို ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် က သွားရောက် ကူညီခဲ့တဲ့ စစ်ဘေးရှောင် ဒုက္ခသည်များ အရေအတွက်ဟာ မြစ်ကြီးနား ဝန်း သို ကျောင်းမှာ ၁၂၂ ဦး၊ ဝိုင်းမော် သာဂရကျောင်းမှာ ၄၆၈ ဦး၊ ဝိုင်းမော် လီဆူး နှစ်ခြင်းဘုရားရှိကျောင်းမှာ ၂၈၂ ဦး၊ ခတ်ချိုရွာမှာ ၅၂၄ ဦးရှိပြီး တော့ ရှမ်းတိုင်းရင်းသား အများစုဖြစ်ပြီး ဗမာနဲ့ ကချင် တိုင်းရင်းသားများလည်း ပါဝင်ကာ လီဆူးဘုရားကျောင်းမှာတော့ အားလုံး ဟာ လီဆူး တိုင်းရင်းသားများ ဖြစ်ကြတယ်လို့ သိရပါတယ်။

မြစ်ကြီးနား၊ ဝိုင်းမော်ဘက်တင် မကပါဘူး ဗန်းမော်ခရိုင်ဘက်ကိုလည်း ကျနော်တို့ သွားကူညီမှာပါ။ ဆေးဝါးပစ္စည်းတွေကိုတောင် ပို့ပြီး ပါပြီ။ ကျနော်တို့ သွားရုံပါပဲ။ – လို့ စိုင်းလိတ်က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် က ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် ဒေသများရှိ စစ်ဘေးရှောင် ဒုက္ခသည်များ အား ဆေးဝါး သိန်း ၄၀ ဖိုးခန့်နဲ့ ငွေကြေး သိန်း ၁၂၀ ခန့် ကူညီထောက်ပံ့တာဖြစ်တယ်လို့ သိရပါတယ်။

No comments: