Wednesday, December 26, 2012

အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှု ပြင်းထန်လာ၊ တိုက်ပွဲကြီးများ ဖြစ်လာနိုင်ဟု KIO ဆို

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၂

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) တိုင်းမှူး သတိပေးစာ ပေးပို့ခဲ့ပြီး နောက်ပိုင်း အစိုးရဘက်မှ စစ်အင်အားများ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ဌာနချုပ် လိုင်ဇာအနီးသို့ ပိုမိုတိုးမြှင့်လာပြီး လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေသဖြင့် စစ်ပွဲပြင်းထန်းလာမည့် အခြေ အနေ ရှိနေသည်ဟု KIO နှင့် ကျောင်းသားတပ်မတော်က သုံးသပ်သည်။

ခရစ္စမတ်နေ့မှစ၍ ဗုဒ္ဓဟူးနေ့ထိ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ဘွမ်ဆန်တောင်နှင့် ခန်းကိုင်တောင်ရှိ အစိုးရ အမြောက် တပ်ရင်း ၃၆၄ မှ ၁ဝ၅ မမနှင့် ၁၂ဝ မမတို့ဖြင့် KIO တပ်ဖွဲ့များရှိရာ လဂျားယန်သို့ အကြိမ်ပေါင်း ၅ဝ ကျော် ပစ်ခတ် လာ၍ တိုက်ပွဲကြီးများ ဖြစ်လာနိုင်သည်ဟု KIO ပြောခွင့် ရ ဦးလနန် က ပြောဆိုသည်။

“ပြင်းထန်လာမယ့် အလားအလာရှိတယ်။ မနေ့ကလည်း တနေကုန် ပစ်တယ်။ ဒီမနက်လည်း ၄ နာ ရီလောက်ကနေ စပစ်တယ်ဆိုတော့။ သူတို့ လှုပ်ရှားမှုက လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ လက်နက်ကြီးပစ်ပြီးမှ နောက်တဆင့်ခြေမြန် တပ်ဖွဲ့တွေ တက်လာတယ်” ဟုဦးလနန်ကမဇ္စျိမ ကို ပြောသည်။

KIA တပ်ဘက်မှ ခရစ္စမတ်နေ့မြတ်တွင် ရှေ့တန်းတပ်များအား ပစ်ခတ်မှု မပြုရန် ညွှန်ကြားထားခဲ့သော်လည်း အစိုးရ တပ်ဘက်မှ ပန်ဝါ ဒေ သ ရှိ KIA ၏ ရှေ့တန်းစခန်းအား လက်နက်ကြီး ပစ်ခတ်မှုများရှိခဲ့သလို ပန်ဝါမှ တရုတ်နယ်စပ် စခန်းသို့ လက်နက်များ တင်ပို့မှုများ ရှိခဲ့သည် ဟု ဦးလနန် က ဆိုသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အင်အားဖြည့်တင်းလာခြင်းတို့ကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်မည် ဟု ကျောင်းသား တပ် မတော် ABSDF (NB) မှ တာဝန်ခံ ဦးလဆိုင်း ကလည်း ခန့်မှန်းသည်။

“တိုက်ပွဲတော့ ပြင်းထန်မယ်လို့ ကျနော်တို့ ခန့်မှန်းရတယ်။ မနေ့ကလည်း တနေ့ ခရစ္စမတ်နေ့မှာ တ နေကုန်ပစ်တယ်။ အခုလည်း ဒီမနက်၊ ည လည်းညတောက်လျှောက်ပစ်နေတဲ့အနေအထားဆိုတော့လက်နက်ကြီးတွေရပ်စဲသွားရင်တော့ ထိုးစစ်ဆင်လာလိမ့်မယ်လို့ ခန့်မှန်းမိတယ်” ဟု မဇ္စျိမကို ပြောသည်။

ထို့ပြင် ပန်ဝါဒေသရှိ သံချောင်းကုန်း KIA ရှေ့တန်းစခန်းကိုလည်း အစိုးရဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသလို၊ ယမန်နေ့ ညနေ ပိုင်းက လိုင်ဇာအနီး ဘွမ်ဆန်တောင်အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အစိုးရတပ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က လဂျားယန် တပ်စခန်းအတွက် အုပ်ချုပ်မှုကိစ္စဆောင် ရွက် ရန်ရှိ၍ လမ်းကြောင်းရှိ KIA တပ်ဖွဲ့များ “ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးထား၍” ဖယ်ရှားပေးရန် ကချင်ပြည်နယ် ငြိမ်းချမ်းရေအကျိုးဆောင် အဖွဲ့ PCG မှတဆင့် ဒီဇင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် သတိပေးထားခဲ့သည်။

KIO ဘက်မှလည်း “ဤသို့ စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ရာဇသံပေး ခြိမ်းခြောက်လာမှုကို ဆွေးနွေး ရေးအဖွဲ့က ကန့်ကွက်ပါကြောင်း” ပြည် ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းထံ KIO က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တုန့်ပြန်စာ ပို့လိုက် သည်။

“ကျနော်တို့ ကန့်ကွက်တယ်ဆိုတာ သူတို့ဆီက တုံ့ပြန်မှု တစုံတရာ မျော်လင့်လို့ မဟုတ်ပါဘူး။ ဦး အောင်မင်းကိုပေးပို့ခြင်းဖြင့် မြန်မာအစိုးရ တရပ်လုံးကို ကန့်ကွက်တဲ့သဘောပါ၊အစိုးရဘက်က စစ်ရေးနည်းနဲ ဖြေရှင်းမယ်ဆိုတဲ့ပုံစံဖြစ် လာတယ်။ ဒီကိစ္စကို ကန့်ကွက်တာပါ” ဟု KIO ပြောခွင့်ရ ဦးလနန် က ဆိုသည်။

“သူတို့က ကျနော်တို့ တပ်ဖွဲ့တွေကို ဆုတ်ပေးပါဆိုတာက ဒီတပ်ဖွဲ့က ကျနော်တို့ဗဟိုဌာနချုပ်ရဲ့ ရှေ့ကာကင်းတွေဖြစ်တယ်။ အဲဒီကာကင်းစ ခန်းတွေက ဗဟိုဌာနချုပ် လုံခြုံမှုအတွက် အဓိက တာဝန်ယူထားတဲ့ တပ်ဖွဲ့တွေပါ။ အဲဒီတပ်ဖွဲ့ကို ဆုတ်ခိုင်းတယ်ဆိုတာက ဒီဌာနချုပ်ကို လက် နက်ချခိုင်းတာနဲ့ အတူတူပဲ” ဟု ဆက်ပြောသည်။

မပခ တိုင်းမှူးစာ ထွက်လာပြီးနောက် လဂျားယန် ဒေသအတွင်း ဗျူဟာ ၃ ခု လက်အောက်ခံ တပ်ရင်းများမှ အင်အား ၅ဝဝ ခန့်သည် ထပ် မံ တိုးမြင့်လာသည်ဟု ဦးလဆိုင်း က ပြောသည်။ ထိုဗျူဟာများမှာ မိုးကောင်းအခြေစိုက် စကခ (၃)နှင့် စကခ (၂၁) လက်အောက်ခံ တပ်ရင်း များ ပါဝင်သည်ဟု ဆိုသည်။

“လဂျားယန်ဒေသမှာတောင် ဗျူဟာ ၃ ခုလောက်ရှိတော့ အင်အားတိုးလာတယ်။ လက်နက်ကြီးတွေ ပိုစိတ်ပစ်လာ တယ်။ သိပ်မကြာခင် သူတို့ဘက်မှ ထိုးစစ်ဆင်မယ်လို့ ကျနော်တို့ ခန့်မှန်းမိနေတယ်။ ကျနော်တို့ဆီကို ထိုးလာတမျှ
တော့ ကျနော်တို့ ခုခံသွားမှာပဲ။ ခုခံစစ်ပဲ”
ဟု ဦးလဆိုင်း က ဆိုသည်။

ထို့ပြင် လဂျားယန်ကျေးရွာမှ လေးမိုင်ဝန်းကျင် မွန်းလွဲချောင်းရိုးတလျှောက်ရှိ ရှမ်းရွာများဖြစ်သော မန်မောင်၊ မန်တဲနှင့် မန်ကွေ့ကျေး ရွာ များ တွင်လည်း အစိုးရစစ်တပ်ဖွဲ့များ ရောက်ရှိနေသဖြင့် ရွာသားများအား တိမ်းရှောင်မှုများ ရှိနေသည်ဟု ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က လာမည့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အတွင်း ရှမ်းပြည် နယ်မူ ဆယ်မြို့ သို့မဟုတ် ကချင်ပြည်နယ် ဗန်းမော်မြို့ တနေရာတွင် တွေ့ဆုံရန် ဒီဇင်ဘာလ ၁၃ ရက်နေ့က ကမ်းလှမ်းစာပေးပို့ ထား သော်လည်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် KIO ဘက်မှ တရားဝင် တုံ့ပြန်ခြင်း မရှိသေးကြောင်း ဦးလနန်က ပြောသည်။

No comments: