Friday, December 28, 2012

သျှမ်းပြည်မြောက်ပိုင်း၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လူထုမကျေနပ်မှုများရှိ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၌ ကျေးရွာအုပ်စု/ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ယခုလနှောင်းပိုင်း၌ ရွေးချယ်မှုများ ဆက်တိုက်လုပ်ဆောင်လာရာ မှာ မြို့နယ်အချို့၌ လူထုမကျေနပ်မှု ရှိနေကြောင်း ဒေသခံများပြောကြား ချက် အရသိရပါသည်။

“ကျမတို့ နမ္မတူမြို့နယ်မှာတော့လေ တခြားကျေးရွာအုပ်စု၊ တခြားရပ်ကွက်တွေတော့ ပြဿနာရှိ တယ်လို့ မကြားဘူး။ ကျမတို့ အုပ်စုမှာတော့ မတရားမှုတွေရှိနေလို့ လူထုက ကန့်ကွက်ကြတယ်လေ။ အခု ပြန်ရွေး နေတယ်။ ဒါပေမယ့် လူထုမှာ အာဏာမရှိဘူး။ ခရိုင်ကဘဲ အဆုံးအဖြတ်ပေးမယ်။ လူထုအကျိုးအမှန်တကယ် လုပ် တဲ့သူကိုဘဲ လူထုတာဝန်ထမ်းဆောင်စေ ချင်တာလေ” - ဟု နမ္မတူမြို့ပေါ်ရောက် နားဆိုင်း ဒေသခံ နန်းအေးက ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း နားဆိုင်းကျေးရွာအုပ်စု တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က အုပ်ချုပ် ရေးမှူး ရွေးချယ်ရေးသမာဓိအဖွဲ့ ဖွဲ့စည်းရာတွင် ၎င်း၏လူယုံများဖြင့်ဖွဲ့စည်းခဲ့ကြကြောင်း၊ ထိုသမာဓိ လူကြီး များကဦးမြင့်လှိုင်အား ယခင်အပတ်က ပြန်လည်တင် မြှောက်ရာမှာ လူထုကကန့်ကွက်သောကြောင့် ဗုဒ္ဓဟူး နေ့က အစည်းအဝေးပြန်ခေါ်ယူရကြောင်း၊ ထို့နောက် မြို့နယ်အုပ်ချုပ်မှူးလည်း ယမန်နေ့က ဆယ်အိမ် အုပ်ချုပ်ရေးမှူးများအား ဆင့်ခေါ်ကာ ဇကာတင် သုံးဦးရွေးချယ်ပေးခဲ့ကြောင်း ကြားသိရပါသည်။

“ဦးမြင့်လှိုင်က ခလရ ၄၁ တပ်ထွက်လေ။ သူက ရွာသားတွေပိုင်တဲ့ ယာမြေတွေကို ရာဘာစိုက်ခင်း ကုမ္ပဏီ တွေကို ရောင်းပေးတယ်။ သူက နားဆိုင်းကျေးရွာအုပ်စု ဥက္ကဌ လုပ်လာတာ ၁၀ နှစ်ရှိပြီ။ ဘာမှမတိုးတက် ဘူး။ လူထု ယာမြေ တွေ တောင်ဆုံးရှုံးသေးတယ်။ ကျနော်တို့ကတော့ လူထုအကျိုးပြုမယ့် လူထုဘက် အမြဲရပ် တည် လာ တဲ့ ဆယ်အိမ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းဦးကိုဘဲ တင်မြှောက်ချင်တာ” - ဒေသခံ အိုက်ညိုက ပြောပါသည်။

နားဆိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအတွက် ဇကာတင်ရွေးချယ်လိုက်သောသူသုံးဦးမှာ ဦးဝင်းသိန်း၊ ဦးမြင့်လှိုင်၊ ဦးထွန်းလင်းဦးတို့ ဖြစ်ကြောင်း၊ ထိုသုံးဦးမှ တဦးအား နားဆိုင်းကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ကျောက်မဲခရိုင်က အုပ်ချုပ်ရေးမှူးခန့်အပ်ရေးအချက် ၁၁ နှင့် ကိုက်ညီသူတဦးအား ရွေးချယ်ခန့်အပ် မည်ဖြစ်ကြောင်း နမ္မတူ ဆယ်အိမ်မှူးတဦးက ပြောပါသည်။

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခန့်အပ်ရာတွင် - အသက် ၂၅ နှစ်ကျော်လွန်သူ၊ ကျေးရွာအုပ်စု သား(ဇာတိ)ဖြစ်သူ၊ နိုင်ငံရေး ကင်း ရှင်းသူ၊ တပ်ထွက်မဖြစ်စေရ (သို့သော် တပ်မှ ထွက်ပြီး ထိုဒေသအတွင်း ၅ နှစ်အထက်နေထိုင်သူ၊ သမာဓိအဖွဲ့ထောက်ခံချက်ပေး သူ - ဆိုခန့်အပ်နိုင်)၊ ကျန်းမာရေးကောင်းမွန်သူ၊ စီးပွားရေးအဆင်ပြေသူ၊ ရပ်ရွာအတွင်း အရှိန်အဝါကြီးသူ၊ ပညာအရည်ချင်းအသင့်အ သင့်ရှိသူ - - - စသည့် အချက်များနှင့် ကိုက်ညီသူဖြစ်ရမည်ဟုဆိုသည်။

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ခန့်အပ်ရာတွင် အထက်ဖေါ်ပြပါ ဖြစ်ရပ်များနှင့်ဆင်တူ ဖြစ်ရပ်များ မှာ မူစယ်မြို့ ဟိုမွန်ရပ် ကွက်၊ လဲချားမြို့ အမှတ် (၄) ရပ်ကွက်၊ လားရှိုးမြို့နှင့် အခြားမြို့နယ်များတွင် လည်းရှိနေ ကြောင်း ဒေသခံသတင်းများက ဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်များ အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အသစ်များ ရွေးကောက်တင် မြှောက်ပွဲကို ဒီဇင်ဘာလ အတွင်း ကျင်းပရန် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ညွှန်ကြားထားသောကြောင့် သျှမ်းပြည် မြို့နယ်အများအပြားကလည်း ရပ်ကွက် နှင့် ကျေး ရွာအုပ်ချုပ်ရေးမှူး အသစ်များ စတင် ရွေးကောက်တင် မြှောက် လာနေခြင်းဖြစ်ပါသည်။

No comments: