Thursday, December 27, 2012

ပညာရေး ပြုပြင်ပြောင်းလဲမှု ရန်ကုန်တက္ကသိုလ်မှ စတင်မည်ဟု ဒေါ်အောင်ဆန်းစု ကြည်ပြော

သာလွန်ဇောင်းထက်

ကမ္ဘာ့အလယ်တွင် မြန်မာ့ပညာရေးစနစ်ပြန်လည် အောင်မြင်ကျော်ကြား လေးစားခံရရေးအတွက် ရန် ကုန် တက္ကသိုလ်မှစတင်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်သည်။

ယနေ့ ပြည်သူ့ရင်ပြင်တွင် ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ ပညာဒါန ကျောင်း များ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော် ဖွင့်ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အလွတ်ကျက် ပညာရေးစနစ်ကို နှစ်ပေါင်း ၅၀ အသုံးပြုခဲ့ပြီး ယင်းစနစ်ကြောင့် တိုင်းပြည် အကျိုးမရှိ ဖြစ်ခဲ့ရကြောင်း၊ တိုင်း ပြည်သည် စနစ်ကြောင့် ဆင်းရဲခဲ့ရခြင်းဖြစ်ပြီး နိုင်ငံပြန်လည် ထူထောင်ရေးအတွက် ပြည်သူများ ပညာတတ်ရန် အရေးကြီးကြောင်း၊ မှန်ကန် သော ပညာရေးစနစ် ရှိမှသာလျှင် တိုင်းပြည် အနာဂတ် စိတ်ချရမည်ဖြစ်ကြောင်း၊ရန်ကုန် တက္ကသိုလ်သည် တချိန်က အာရှတွင် သာမက ကမ္ဘာတွင်ပါ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော်လည်း လက်ရှိတွင် နာမည်မရသော တက္ကသိုလ်ဖြစ်နေသောကြောင့် မြန်မာ့ ပညာရေး မြင့်မားရေးအတွက် ရန်ကုန်တက္ကသိုလ်မှ စတင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ရန်ကုန်တက္ကသိုလ်ဆိုတာ အာရှမှာသာမက တကမ္ဘာလုံးမှာ လျှမ်းလျှမ်းတောက် တက္ကသိုလ်တခုဖြစ် ခဲ့ပါတယ်။ အဲဒီလို အခြေအနေကနေပြီး တော့ လျှောဆင်းသွားတာကတော့ အခုအာရှမှာတောင် နေရာမရတဲ့ တက္ကသိုလ်တခုဖြစ်နေပါပြီ။ဒီတက္ကသိုလ်ကနေ ကျမတို့နိုင်ငံရဲ့ပညာရေး ကို တကမ္ဘာလုံးကနေ လေးစားအောင် ရန်ကုန်တက္ကသိုလ်ကနေ စချင်ပါတယ်။ အဲဒီလို စ ချင်တယ်ဆိုတာက ရန်ကုန်ကို အသားပေးချင်လို့ မ ဟုတ်ပါဘူး။ အခြေအနေအရ အလွယ်ဆုံး၊ အထိရောက်ဆုံး လုပ်နိုင်တဲ့ လုပ်ငန်းတ ခုဖြစ်လို့ကျမတို့ဒါကိုရွေးချယ်ရတာဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ်ကို ပြန်လည်ပြီးတော့ ကျမတို့ရဲ့ပညာရေးထွန်းပေါက်မှု သင်္ကေတ ဖြစ်အောင် ကြိုးစားတဲ့နေရာမှာအားလုံးကနေ၀ိုင်းပြီးတော့ကူ ညီပေးကြပါ။ အထူးသဖြင့် အလှူရှင်လိုပါတယ်၊ ပညာရှင်များလိုပါတယ်၊ စေတနာရှင်များ လိုပါတယ်။ ကျမတို့ကိုလိုလိုလားလားနဲ့ ပညာရေး သစ်ဆန်းစေရေး အတွက် အကြံဉာဏ်ကောင်းတွေပေးမယ့် လူကြီး လူငယ် လူလတ် မျိုးစုံလိုကြ ပါတယ်” ဟု သူက ပြောသည်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် အချိန်စောင့်ဆိုင်းရန်မလိုဘဲ ချက်ချင်းယခုပင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပြည် သူများပညာတတ်လျှင် နိုင်ငံအတွက် ပူပန်စရာမလိုကြောင်း ၎င်းက ဆိုသည်။

“ပညာကို လေးစားမှ တန်ဖိုးထားမှ ပညာတတ်မှာ။ ပညာဆိုတာ စာအုပ်ထဲက ဖတ်တာကို ပညာလို့ပြောတာ မဟုတ်ဘူး။ ပညာဆိုတာက ပြ ဿနာကို အဖြေရှာတာ၊ တယောက်တည်း ထိုင်လို့ရတဲ့ ထိုင်ခုံကို နှစ်ယောက် ထိုင်လို့ရအောင် လုပ်တာလည်း ပညာပဲ” ဟု၎င်းကဆက် ပြော သည်။

ယနေ့ ကျင်းပသော အခမ်းအနားသို့ သမ္မတ ဦးသိန်းစိန်ကိုယ်စား သမ္မတရုံးဝန်ကြီး ဦးအောင်မင်း တက်ရောက် မိန့်ခွန်း ပြောဆိုခဲ့သည်။

အခမ်းအနားတွင် ပညာရေးကွန်ရက်အတွက်အလှူငွေများအနေဖြင့်အခမ်းအနားကုန်ကျစရိတ်အတွက် Sky Net ရုပ်သံလိုင်းက ကျပ် သိန်း ၁၃၀၀၊ ထူး ကုမ္ပဏီက သိန်း ၅၀၀ နှင့် စင်မြင့် ပြင်ဆင်မှု ကုန်ကျစရိတ်ကျပ်သိန်း ၂၀၀၊ MDGကုမ္ပ ဏီကကျပ်သိန်း ၁၀၀ အပါအ၀င် အလှူရှင် ၁၀ ဦးခန့်က အလှူငွေများ ပေးအပ်ကြသည်။

NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ ပညာဒါန ကျောင်းများရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို ဒီဇင်ဘာလ ၂၇၊ ၂၈ရက်နေ့များတွင် ရန် ကုန်ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး နာမည်ကျော် Iron Cross တေးဂီတအဖွဲ့အပါအ၀င် အဆိုတော်၊ ရုပ်ရှင်သရုပ် ဆောင်များ စွာနှင့် အနုပညာရှင်များစွာ ပါဝင် ဖြေဖျော်ကြမည်ဖြစ်သည်။

No comments: