Tuesday, December 25, 2012

အစိုးရတပ်က KIA ကို လမ်းကြောင်းရှင်းရန် သတိပေး

သန်းထိုက်ဦး

ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်အနီးတွင်လှုပ်ရှားနေသည့်ကချင်လွတ်လပ် ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို ယနေ့ နောက်ဆုံး ထားပြီးဖယ်ရှား ပေးရန် အစိုးရတပ်က သတိပေးထားကြောင်း သတင်းရရှိသည်။

KIA တပ်များကို ဖယ်ရှားပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က မြစ်ကြီးနားမြို့ရှိကချင် ပြည်နယ်ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) အဖွဲ့မှတဆင့်စာဖြင့်သတိပေးအကြောင်းကြားခဲ့သည် ဟု ကချင်လွပ်လပ်ရေး အဖွဲ့ (KIO) တွဲဖက် အတွင်းရေးမှူး ဦးလနန် က ဧရာဝတီသို့ ပြောသည်။

အဆိုပါသတိပေးအကြောင်းကြားစာတွင် “လဂျားယန်တပ်စခန်းအတွက်အုပ် ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်းအတိုင်း တပ်များဝင်ရောက်ရန် ရှိပါသည်။ သို့ပါ၍ လမ်းကြောင်းတလျှောက်ရှိ KIA အဖွဲ့များ အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံး ထား ၍ နောက်ဆုတ်ပေးရေး KIO အဖွဲ့သို့ သတိပေးသွားရန်” ဟု ယမန်နေ့ နေ့စွဲဖြင့်ဖော်ပြ ပါရှိသည်။

အကြောင်းကြားစာ အသေးစိတ်နှင့် ပတ်သက်၍ PCG အဖွဲ့သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

“အဲဒီ ဒေသတ၀ိုက်မှာ ကျနော်တို့ တပ်တွေ အမြဲတမ်း ရှိတယ်။ အဲဒီအထဲကို ၀င်လာပြီးဆိုတာနဲ့တော့တိုက်ပွဲတွေဖြစ်ရတော့မှာပဲ။တိုက်ပွဲတွေ ဖြစ်လာတဲ့အခါမှာ အဲဒီမှာရှိတဲ့ KIA စခန်းတွေဟာ KIA ဗဟို ဌာနချုပ်အတွက် အရေးပါ ဆုံး စခန်းတွေ ဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန် မှာ ဒီစခန်းတွေကို ဆုတ်ပေးဖို့ဆိုတာတော့ ဒါမဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ ဒီကိစ္စက တော့ သူတို့ဘက်က တကယ်ပဲ စစ်ဆင်ရေးလုပ် တော့မယ် ဆိုတာကို တရားဝင် ပြောဆိုတဲ့ အဓိပ္ပါယ်လဲ ပေါက်တယ်” ဟု ဦးလနန်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စစ်ရေးနည်းဖြင့် ဖြေရှင်းရန် ရာဇသံပေး ခြိမ်းခြောက်လာမှုကို KIO အနေနှင့် ကန့်ကွက်ကြောင်း ပြည်ထောင်စု အ ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုက္ကဋ္ဌ ဦးအောင်မင်းထံ အကြောင်းကြားထားသည်ဟု သိရသည်။

စစ်ရေးအရ နှစ်ဖက်တပ်များ စစ်ရေးတင်းမာနေပြီး ယနေ့ အခြေအနေကို မသိရသော်လည်း အစိုးရတပ်က ရဟတ်ယာဉ်များကို အသုံးပြု ၍ ရိက္ခာပို့ခြင်း အပါအ၀င် စစ်တပ်အင်အား တိုးချဲ့ထားကြောင်း သိရသည်။

အင်အားသုံး ထိုးစစ်ဆင်လာလျှင် အစိုးရစစ်တပ်ကို KIA တပ်ဖွဲ့နှင့် မဟာမိတ်ပြုထားသည့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ခုခံကာကွယ် တိုက် ခိုက် ရန် စီစဉ်ထားကြောင်း ဦးလနန်က ဆိုသည်။ သို့သော် မဟာမိတ်ပြုထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ၏ အဖွဲ့အမည်များ ကို ထုတ် ဖော်ပြောကြားခြင်း မရှိပေ။

လတ်တလော အစိုးရတပ်များကို ခုခံတိုက်ခိုက်ရာတွင် KIA တပ်ဖွဲ့နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ် ဦး (ABSDF) မြောက်ပိုင်း တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

အစိုးရက KIO ကိုယ်စားလှယ်များကို လာမည့်နှစ် ဇန်န၀ါရီလဆန်းပိုင်း၌ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားရာ KIO ဘက်မှ အ ကြာင်းမပြန်သေးကြောင်း သိရသည်။ နှစ်ဖက် ကိုယ်စားလှယ်များ သွားရောက်နိုင်မည့် ကချင်ပြည်နယ် ဗန်းမော်မြို့ သို့မဟုတ် ရှမ်း ပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံရန် အစိုးရက အဆိုပြုထားသည်။

No comments: