Wednesday, December 26, 2012

RNDP ၀န်ကြီး စီးပွားရေးသမားများနှင့် ပေါင်းပြီး လူထုအရေး မျက်ကွယ်ပြု

မောင်ရမ္မာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် ပါဝင်နေသော လယ်ယာနှင့် စိုက်ပျိုးရေး ၀န်ကြီး ဦးကျော်သိန်းသည် စီ ပွားရေး သမားများနှင့် ပူးပေါင်းပြီး ပြည်သူများ၏ အရေးကို မျက်ကွယ်ပြုနေ ကြောင်း ဒေသခံ လယ်သမားများက ပြောကြားသည်။

ဝန်ကြီး ဦးကျော်သိန်းမှ ဂီရိ မုန်တိုင်း အတွင်း ကျိုးပေါက်သွားသော မြေပုံမြို့နယ် ငမန်းရဲ ကျွန်းမှ တာတမံများကို ဆည်ဖို့နေရာတွင် အများစု ဒေသခံ ပြည် သူများဘက်မှ မရပ်တည်ဘဲ ပုဇွန် လုပ်ငန်းရှင်များဘက်မှ ရပ်တည် လုပ် ကိုင် ဆောင်ရွက်နေသည်ဟု လယ်သ မား များက ပြောသည်။

“ အခု ကျွန်တော်တို့ ငမန်းရဲကျွန်းမှာ နိုင်ငံတော်ကနေ မနှစ်ကစပြီးကျွန်းပတ် ကာရီ (တာတမံ) ကို ဆည်ပေးနေပါတယ်။ အဲသလို ဆည်နေတဲ့ နေရာမှာ ဦး ခင်မောင်လှ ဦးဆောင်တဲ့ ပုဇွန်လုပ်ငန်းရှင် ၂၀ လောက်က သူတို့ ရေငံ သွင်းပေါက် တွေကို ပိတ်ပြီး တာတမံ မဆည်ရဘူး ပြောဆိုနေတဲ့ အ တွက် တာတမံတွေကို ဆည်နေတာကို ရပ်နားထားရပါတယ်။ သူတို့က ဘာပြောလဲဆိုတော့ သူတို့ ပုဇွန်မွေးမြူဖို့ကို လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ဦးကျော်သိန်းက ခွင့်ပြုထားတယ်လို့ ပြောတယ်။ ဆည် မြောင်းဌာနက ခွင့်ပြုစာ တောင်းတဲ့အခါမှာ နှုတ်နဲ့ ခွင့်ပြုထားတာဖြစ်တဲ့ အ တွက်ကြာင့် ၀န်ကြီး ဦးကျော်သိန်းဆီမှ ခွင့်ပြု ချက် စာလာမှ ဆည်ပါဆိုပြီး ဆည်မြောင်းက ဆည်ဖို့လုပ်တာကိုအနှောင့်အယှက်ပေးပါတယ်” ဟု ဒေသခံ လယ်သမား တစ်ဦးက ပြော သည်။

စပါးစိုက်ခင်းများသို့ ပင်လယ် ဆားငံရေမ၀င်ရန် အတွက် တာတမံ ဆည်ရာတွင် ရေငံ ၀င်ပေါက်များအားလုံးကို ပိတ်ဆို့ ဆည်ရမည် ဖြစ် သော် လည်း ယခုအခါ ၀န်ကြီးအားကိုးဖြင့် ပုဇွန် လုပ်ငန်းရှင်များ တားမြစ်နေသဖြင့် ဆားငံ ၀င်ပေါက်များကို မဆည်ဖို့နိုင်ဘဲ ဖြစ်နေ ကြ သည်ဟု သိရသည်။

ငမန်းရဲကျွန်းတွင် ယခင် ဆည်ဖို့ထားသော တာတမံများမှာ သဘာဝဘေးဒဏ် အမျိုးမျိုးကြောင့် ပျက်စီးခဲ့ရာမှ အစိုးရက ပြန်လည် မပြု ပြင် ဘဲရှိနေရာ ထိုအားနည်းချက်များကို အခွင့်ကောင်းယူပြီး ပုဇွန်မွေးမြူရေး လုပ်ငန်းရှင်များက တာတမံများကို ဆားငံရေများသွင်းကာ ပုဇွန် မွေးမြူနေကြသည်ဟု သိရသည်။

“ ဆားငံ ၀င်ပေါက်တွေကို မပိတ်ရင် စပါး စိုက်လို့ မရပါဘူး။ ဒီဆားငံ ၀င်ပေါက်တွေကို ပိတ်မှ စပါး စိုက်လို့ ရမှာ ဖြစ်ပါတယ်။ ဆားငံရေ မ၀င်ရအောင် တမံတုတ်နေတာမှာ အခု ပုဇွန်သမားတွေကြောင့် အခက်ကြုံနေရပါတယ်။ အခု ရခိုင် ၀န်ကြီး ဦးကျော်သိန်းရဲ့ ညွှန်ကြားချက်အရ တာတမံ ဆည်နေတာကို ရပ်နားထားရပါတယ်” ဟု အမည်မဖေါ်လိုသူ ဆည် မြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ တာတမံ ဆည်ဖို့နေသည်ကို ရပ်နားထားရန် ၀န်ကြီး ဦးကျော်သိန်းမှာ ညွှန်ကြာထားခြင်းမှာ ယခုလ ၁၉ ရက်နေ့ကပုဇွန် လုပ်ငန်း ရှင် များမှ တာတမံဆည်ဖို့ပါက သူတို့ လုပ်ကိုင်နေသော ပုဇွန်တာ(ကန်)များ ပျက်စီးသွားမည် ဖြစ်ကြောင်းဝန်ကြီးကိုသွား ရောက်တိုင် ကြား ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

“ ဆည်မြောင်းဌာန၏ တားမြစ်ချက်ကို မကျေနပ်တဲ့ အတွက် ပုဇွန်ကန်ပိုင်ရှင်တွေက ဒီဇင်္ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် လယ်ယာနှင့် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်သိန်းနှင့် သွားရောက် တွေ့ဆုံတယ်လို့သိရပါတယ်။ အဲဒီ နောက်မှာ ၀န်ကြီးက ပြည်နယ် ဆည်မြောင်းဌာ နဦးစီး မှူးကို တာတမံဆည်ဖို့ နေတာကို ရပ်တန့်ထားဖို့ ဖုန်းနဲ့ အကြောင်းကြားလာပါတယ်” ဟု ဆိုသည်။

၁၉၆၇ ခုနှစ် က ရခိုင်တွင် ဖြစ်ပွားခဲ့သော မုန်တိုင်းကြီးကြောင့် ငမန်းရဲကျွန်း တစ်ခုလုံး ရေနစ်ခဲ့ပြီး လူပေါင်း ထောင်ချီ သေဆုံးခဲ့ပြီး နောက် ပိုင်း ၁၉၆၈ ခုနှစ်မှ စပြီး နိုင်ငံတော် အစိုးရက တာတမံများ ဆည်ဖို့ပေးခဲ့ရာ လယ်ဧက ၅၀၀၀ ကျော် စိုက်ပျိုး နိုင်ခဲ့သည်ဟု သိရ သည်။

၂၀၁၀ ခုနှစ်က အောက်တိုဘာလ အတွင်းက တိုက်ခတ်ခဲ့သော ဂီရိ မုန်တိုင်းကြောင့် တာတမံ အများအပြား ပျက်စီးသွားခဲ့သဖြင့် လယ် ယာ မြေများစွာကို မစိုက်ပျိုးနိုင်ဘဲ ဖြစ်နေခဲ့သဖြင့် နိုင်ငံတော်မှ ပြန်လည်ပြီး တာတမံများကို ပြန်လည် ဆည်ဖို့ပေးနေကြောင်း သိရသည်။

ငမန်းရဲကျွန်းတွင် ပုဇွန်လုပ်ငန်းရှင်များ ပုဇွန်မွေးမြူနေမူကြောင့် ဒေသခံ လယ်သမားများ ထိခိုက်မှု ရှိနေသည်ဟု မြေပုံမြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း နိရဉ္စရာသို့ အတည်ပြု ပြောသည်။

“ အစိုးရ ဆည်ပေးတဲ့ တာတမံထဲမှာ ပုဇွန်ကန်လုပ်လို့မရဘူး၊ ရေငံသွင်းလို့လည်းမရဘူး။ ရေငံ သွင်းလိုက်တာနဲ့ စပါး စိုက် နေတဲ့ တာတမံ တွေဟာ အားလုံး ဆာငံရည်မြှုပ်သွားတယ်။ လယ်သမားတွေက စပါးစိုက်တဲ့အချိန်မှာ လုံးဝ လုပ်စားလို့ မရ ဖြစ်သွားတယ်။ ဒီကိစ္စကို အလေး အနက်ထားပြီး ဖြေရှင်း ပေးသင့်ပါတယ်” ဟု သူကပြောသည်။

ဒေသခံ လယ်သမားများ အနေဖြင့် ငမန်းရဲကျွန်းတွင် တာတမံများကို ဖေါက်ပြီး ဆားငံရေသွင်းကာ ပုဇွန်မွေးမြူနေသည်ကို ရပ်ဆိုင်းပေး ရန် နိုင်ငံတော်နှင့် ပြည်နယ် အဆင့်ထိ တက်ရောက် တိုင်ကြားရန် စီစဉ်နေသည်ဟု သိရသည်။

No comments: