Wednesday, December 12, 2012

ကေအိုင်အိုဌာနချုပ်အနီး အစိုးရတပ်နဲ့ ကေအိုင်အို ထိတွေ့တိုက်ပွဲဖြစ်

အေး​နိုင်

ဒီလကုန်မှာ နိုင်ငံရေးဆွေးနွေးကြဖို့ သဘောတူထားပေမယ့် အင်အားဖြည့် ထားတဲ့ အစိုးရတပ် တွေဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့က ကေအိုင်အိုဌာနချုပ် အနားထိတိုးလာပြီး လက်နက်ကြီးနဲ့ ပစ်နေတယ်လို့ ကေအိုင်အိုနဲ့ မဟာမိတ် ပူးတွဲတိုက်နေတဲ့ ကျောင်းသားတပ် မတော် (မြောက်ပိုင်း) ကပြောပါတယ်။

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကေအိုင်အိုကိုယ်စားလှယ်တွေနဲ့ တရုတ်နိုင်ငံရွှေလီ မှာ တွေ့ကြတုန်းက ၁ လ အတွင်း နိုင်ငံရေးဆွေးနွေးဖို့ သဘောတူခဲ့ပါ တယ်။ ဒါပေမယ့် အောက်ခြေမှာတော့ အင် အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ပြင်နေ တယ်လို့ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တာဝန်ခံ လဗျလဆိုင်းက ပြောပါတယ်။

လဗျလဆိုင်းက “သူတို့ အင်အားအများကြီး ထပ်ဖြည့်ထားတယ်။ သူတို့ရဲ့လက်နက်ကြီးကုန်း ကနေပြီး တော့ ဒီဘက် လဂျားယန် ကျနော် တို့ ကျောင်းသားတပ်မတော် နေရာယူထားတဲ့ဘက်ကို မနေ့က လက်နက်ကြီးတွေနဲ့ ပစ်နေတာ မနက် ၄ လုံး၊ ည ၄ လုံး ပုံမှန်ပစ်နေ တယ်။ ဒီက နေ့လည်း အခြေအနေက နေရာ ယူထားရတာပေါ့။” လို့ ပြောပါတယ်။

အစိုးရတပ်တွေ ရောက်ရှိနေရာယူထားတဲ့ နေရာဟာ ကေအိုင်အို ဗဟိုဌာနချုပ်နဲ့ ၁၀ မိုင်ခန့် အကွာ နေရာလောက်မှာဖြစ်ပြီး ကေအိုင်အို ဘက် ကလည်း ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ အစိုးရဘက်က သတင်းမထုတ်ပြန်သလို သတင်းထုတ်ပြန်ရေးအဖွဲ့ကို မေးမြန်းလို့လည်း မရပါဘူး။

သမ္မတက မနှစ် ဒီဇင်ဘာလဆန်းပိုင်းကတည်းက ထိုးစစ်မဆင်ဖို့ တပ်ကို ညွှန်ကြားထားတယ်ဆိုပေမယ့် အောက်ခြေတပ်တွေက ကေ အိုင်အို ဌာချုပ်အနီးထိ ချဉ်းကပ်ပစ်ခတ်နေတာဟာ စစ်ရေးအရ ဖိအားပေးတာလို့ လဗျလဆိုင်းက ခန့်မှန်း ဖြေဆိုပါတယ်။

“ကျနော်တို့ ခန့်မှန်းတာကတော့ ရွှေလီဆွေးနွေးပွဲမှာတော့ ၀န်ကြီးဦးအောင်မင်း ပြောတာပေါ့ နော်။ ‘ဒီ ဇင်ဘာလကုန်ရင် နိုင်ငံရေးဆွေးနွေး ပွဲလုပ်မယ်’လို့။ ဒါပေမယ့် လက်တွေ့ အခြေအနေမှာက ကျနော်တို့ထင်တာက သူတို့ တပ်အင်အား တွေ ဒီလောက်ဖြည့်တင်းပြီးမှ လုပ်နေတဲ့ အနေအထားက စစ်ရေးဖိအားပေးပြီးမှ နိုင်ငံရေးစကားပြောမယ့်ပုံစံ၊ အဲဒါမျိုးပုံစံတွေ့နေ ရ တယ်။” လို့ ပြောပါတယ်။

ကေအိုင်အို တပ်မဟာ ၁ ပန်ဝါဒေသမှာ အစိုးရတပ်က စစ်ရဟတ်ယာဉ်တွေသုံးပြီး တိုက်နေသလို ကေအိုင်အို တပ်မဟာ ၂ ဘက် တနိုင်း-လီ ဒိုလမ်းမဘက်မှာလည်း အစိုးရဘက်က တပ်အင်အားဖြည့်တင်းပြီး တက်လာနေတယ်လို့ဆိုပါတယ်။

အစိုးရနဲ့ ကေအိုင်အိုအကြား ၁၉၉၄ ခုနှစ်က ရခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ အစိုးရက ကေအိုင်အိုကို လက်နက်ချခိုင်းတာကြောင့် နှစ် ဘက် ပြန်တိုက်ကြပြီး စစ်ရှောင်ဒုက္ခသည် ၁ သိန်းလောက် ထွက်ပြေးနေကြပါတယ်။

No comments: