Friday, December 21, 2012

နှစ်ကူးကြိုပွဲတော် မြန်မာပြည်တွင် အကြီးအကျယ် ကျင်းပမည်

ရန်ပိုင်

လာမည့် ၂၀၁၃ နှစ်သစ်ကူးကြိုပွဲတော် (New Year Countdown) ကို ရန်ကုန်မြို့ မြို့မကွင်း (မိုင်ဒါကွင်း) တွင် ထိုင်းဘတ် ၃၅ သန်း အ ကုန် အကျခံကာ အကြီးအကျယ် ကျင်းပရန် ထိုင်းနိုင်ငံ၏ အကြီးဆုံးသော ပွဲစီစဉ်ရေးအဖွဲ့ Index Creative Village က ကြိုးပမ်းနေ ကြောင်း ယမန် နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ပွဲစီစဉ်ရာတွင် ကမ္ဘာ့နံပါတ် ၇ နေရာရှိသည့် Index Creative Village ကုမ္ပဏီသည် ယခုနှစ်သစ်ကူးပွဲကို ထိုင်းဘတ် ၃၅ သန်း အကုန် အကျ ခံကာ စီစဉ်မည်ဖြစ်ပြီး၊ ထင်ရှားသည့် မြန်မာအနုပညာရှင်များလည်း ပါဝင်ဖျော်ဖြေမည် ဖြစ်ကြောင်း၊ ကမ္ဘာ့အဆင့်မီ အသံဖမ်းစက် များ၊မီးဆ လိုက်များကို အသုံးပြုမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ တွဲဖက် အမှုဆောင်အရာရှိချုပ် မစ္စတာ ကရမ်ကရိုဏ် ကန်ချနဖိုခင်က ပြောသည်။

“ကျနော်တို့ မြန်မာပြည်အတွက် လမ်းကြောင်း အသစ်နဲ့ ပျော်ရွှင်စရာ အခမ်းအနားဖြစ်အောင် လုပ် ဆောင်မှာပါ။ အရင်က ဒီလို ကျင်းပဖူးတာ မျိုး မရှိလို့ မြန်မာပြည်မှာ Countdown နှစ်သစ်ကူးကြိုပွဲတော်ကို သေချာ ဆင်နွှဲခဲ့ကြတာ မရှိ ဘူး” ဟု မစ္စတာ ကရမ်ကရိုဏ် ကန်ချနဖိုခင်က ဘန်ကောက်စ်ပို့သို့ ပြောထားသည်။

ကြော်ငြာ လုပ်ငန်းများမှ စပွန်ဆာရရှိမည်ဟု မျှော်မှန်းထားကြောင်း၊ နှစ်သစ်ကူးပွဲကို ပရိသတ် ၅ သောင်းခန့် ပါဝင်ဆင်နွဲနိုင်ရန် ရည်ရွယ် ထား ပြီး ရန်ကုန်မြို့အပြင် တခြားမြို့ကြီးများမှလည်း လာရောက်မည်ဟု ထင်ကြောင်း၊ အခမ်းအနား လုံခြုံရေးအတွက် အစိုးရကို အကူ အ ညီတောင်းခံထားကြောင်း မစ္စတာ ကရမ်ကရိုဏ် ကန်ချနဖိုခင်က ဆက်လက် ပြောသည်။

ညနေ ၆ နာရီ ည ၁ နာရီခန့်အထိ ကျင်းပမည့် အဆိုပါ ဖျော်ဖြေပွဲကို ၀င်ကြေးအခမဲ့ သတ်မှတ် ထား ပြီး နာမည်ကြီး Heaven Born နှင့် The Ugly တီးဝိုင်းများက ပင်တိုင်တီးခတ်ကာ Big Bag နှင့် Idiot အပါအ၀င် တခြားသော Band များ၊ ဟစ်ပ်ဟော့ အဆိုတော်များ၊ အကများ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် နှစ်သစ်ကူး အခမ်းအနားကို Forever Group နှင့် ပူးပေါင်းကာ ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်ကြောင်း လည်း သိရသည်။

ဖျော်ဖြေရာတွင် ပါဝင်မည့် အဆိုတော် သျှီက “ဒီနှစ်မှာ ထူးထူးခြားခြား အခကြေးငွေ မယူဘဲ လုပ် တယ်ဆိုတော့ လူတန်းစားအစုံ ကြည့်ရမယ့် ပွဲ ဖြစ်တဲ့အတွက် ပျော်ပါတယ်။ သူတို့အတွက် ပိုအဆင်ပြေတာပေါ့” ဟု ဆိုသည်။

New Year နှစ်သစ်အကြို ပွဲတော်ကို ယခင်က အနောက်တိုင်း အလေ့အထဟု ယူဆကာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလေ့ မရှိသော် လည်း ၂၀၀၀ ပြည့်နှစ်မှ စတင်ကာ လူငယ်များအကြား ရေပန်းစာလာခဲ့ပြီး ရန်ကုန်နှင့် တခြားမြို့ကြီးများတွင် ဖျော်ဖြေရေး ပွဲများဖြင့် ကျင်းပလာ ခဲ့ကြသည်။

ဤ နှစ်သစ်ကူး အခမ်းအနားသည် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံခြားတိုင်းပြည်တခုမှ ပထမဆုံးအကြိမ် လာ ရောက် ကျင်းပသည့် နှစ်သစ်ကူး ပွဲတော်ဖြစ်ပြီး မကြာသေးမီကလည်း ရွှေတိဂုံဘုရားခြေရင်း ပြည်သူ့ရင်ပြင်တွင် MTV Exit (End Exploitation and Trafficking) ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးအစီအစဉ်အဖြစ် အမေရိကန်အဆိုတော် ဂျေဆန်မရက် (ဇ်) လာရောက် ဖြေဖျော်ခဲ့သေးသည်။

No comments: