Friday, December 21, 2012

မန္တလေး-မြစ်ကြီးနား ကုန်တင်ရထား မိုင်းခွဲခံရ

မင်းလွင်

မန္တလေး-မြစ်ကြီးနားသွား ကုန်တင်ရထားဟာဟာ ဒီကနေ့ မနက်ပိုင်းက မိုးညှင်းမြို့နယ်အတွင်းမှာ မိုင်းထိလို့ ရထားမောင်းသမားအပါအ၀င် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားပါတယ်၊

မနက် အရုဏ်မတက်ခင် ၁ နာရီ ၁၅ မိနစ်လောက်မှာ မိုးညှင်းမြို့နယ် နမ္မားဘူတာနဲ့ ၂ မိုင်အကွာမှာ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို ဒေသ ခံတ ဦးက ဒီဗွီဘီကို ပြောပါတယ်။

“နမ္မားကြီးကျေးရွာနားမှာ မိုင်းကွဲတဲ့အသံအရင်ကြားတယ်၊ နောက် သေနတ်ပစ်သံကြားတယ်။ မိုင်း ကွဲပြီးမှ ပစ်ကြတာဖြစ်မယ်၊ ညဘက်ဆို တော့ နှစ်ဖက်ပစ်သလား.တဖက်ကပဲပစ်သလား သေချာမသိလိုက်ဘူး။ ရထားတချို့မှောက် တယ်။ လောလောဆယ် အတည်ပြုမရသေးတဲ့ သတင်းတွေအရ လူ ၃ ယောက် ဒဏ်ရာရလို့ မိုးညှင်းဆေးရုံပို့လိုက်ရတယ် ပြောတယ်။”


မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့က ကုန်တင်ရထား တိုက်ခိုက်ခံရတာ ဟုတ်မှန်ကြောင်း ဒီဗွီဘီကို အတည်ပြုပြောဆိုပေမယ့် အသေးစိတ်မသိဘူး လို့ ဖြေ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူ ကျူးလွန်တယ်ဆိုတာ မသိရသေးပါဘူး။

မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံကလည်း ဒဏ်ရာရလူနာ ၃ ဦး ဆေးရုံကို ရောက်လာတယ်လို့ ပြောပါတယ်။ ဒဏ်ရာရရှိသူတွေရဲ့အခြေအ နေကို မိုးညှင်းဆေးရုံအုပ်ကြီးက အခုလို ရှင်းပြပါတယ်။

“သူတို့တွေ မျက်နှာမှာ ရထားစက်ခေါင်းက မှန်စတွေ ၀င်ကြတယ်။ ၁ ယောက်က ညာဘက် မျက် လုံးထဲ မှန်စ၀င်တာလည်း ရှိတယ်။ အခု မြစ် ကြီးနားဆေးရုံကို ကျမတို့ လွှဲပေးလိုက်ပြီ။”

ဒဏ်ရာရသူတွေကို မျက်စိအထူးကုဆရာဝန်ရှိရာ မြစ်ကြီးနားဆေးရုံကို လွှဲပြောင်းပေးလိုက်တယ် လို့ ပြောသွားတာပါ။

မန္တလေး-မြစ်ကြီးနား ရထားလမ်းကို မိုင်းခွဲခံထားရတဲ့အတွက် ယာယီရပ်ဆိုင်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ အပစ်ရပ်သဘောတူညီချက်တွေကြောင့် တိုက်ပွဲတွေငြိမ်သက်နေပြီး မိုင်းခွဲတိုက်ခိုက်မှု တွေ မဖြစ်တော့သလောက်ရှိပေယ့် အစိုးရနဲ့ ကေအိုင်အိုအကြား တိုက်ပွဲဖြစ်တဲ့ ကချင်ပြည်နယ်မှာ မိုင်းခွဲတိုက်ခိုက်မှုတွေ မရပ်စဲသေးဘဲ ဖြစ်နေ တာပါ။

No comments: