Sunday, December 9, 2012

လယ်မြေ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် တိကျစွာဖြေရှင်းရန် လိုအပ်

ဇွဲထက်

လွှတ်တော်မှ တာဝန်ပေးအပ်ထားသည့် လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် ပြတ်ပြတ်သားသားတိ တိကျ ကျ ဖြေရှင်းရန် လိုကြောင်း လယ်ယာမြေ ပြဿနာ ကူညီ ဖြေရှင်းပေးနေသူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္တအကြိမ် အစည်းအဝေး အတည် ပြု ချက် အရ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်မှ စုံစမ်းစစ် ဆေးရေး အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းကာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပေါ်ပေါက်နေသော လယ်ယာမြေ အငြင်းပွား မှုများကို စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

“စုံစမ်းစစ်ဆေးရေး ဒီနေ့လာတယ်ဆို နောက်နေ့ ခြံစည်းရိုးတွေ ပိုတိုးခတ်လာတယ်။ ပြဿနာ ဖြေ ရှင်းနေစဉ် အတွင်း ကုမ္ပဏီတွေက လက် ဦးမှုယူပြီး လုပ်ယူလိုက်တဲ့ သဘောလို့ ယူဆတယ်။ လယ်ယာမြေ၊ လယ်သမားတွေကိစ္စကို လယ်ယာမြေ စုံစမ်းရေးကော်မရှင်ကတာဝန်ယူ ပြီးဖြေရှင်းမယ်ဆိုရင် ပြတ်ပြတ်သားသားတိတိကျကျ ဖြေရှင်းစေချင်တယ်”ဟု ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ်ရှိ လယ်သမားများ အရေး ဆောင် ရွက်ပေးသည့် ဒေါ်မျိုးမျိုးအေးက ဧရာဝတီသို့ပြောသည်။

လယ်ယာမြေစုံစမ်းရေးကော်မရှင် စစ်ဆေးနေစဉ် ရွှေပြည်သာမြို့နယ်အတွင်းရှိ စက်မှုဇုန် တချို့တွင်ကုမ္ပဏီများကလက်ဦးမှုယူပြီးမြေ ကွက် လပ်များတွင်ခြံစည်းရိုးခတ်သည့် အဖြစ်အပျက်များရှိနေကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

လယ်ယာမြေ စုံစမ်းရေး ကော်မရှင်မှ တာဝန်ရှိသူများ စစ်ဆေးနေစဉ်အတွင်း ကုမ္ပဏီများ ဘက်မှ ခြံစည်းရိုးခတ်ခြင်း၊ အဆောက် အအုံ များ ဆောက်ခြင်းများကို တွေ့ရကြောင်း ကော်မတီအဖွဲ့ဝင် တဦးကလည်း ပြောပြသည်။

လယ်ယာမြေ အရေး ကူညီဖြေရှင်း ပေးနေသူ ဦးနေမျိုးဝေက“လယ်ယာမြေနဲ့ အခြား မြေများသိမ်း ဆည်းခံရမှု ကော်မတီလည်း ပေါ်လာရော သူတို့ဟာတွေ လုပ်ပြတဲ့ အနေနဲ့ လုပ်ငန်းရှင်တွေက ခြံစည်းရိုးခတ်တာ။ စုံစမ်းရေး ကော်မရှင် မလာတဲ့နေရာတွေမှာ လယ်သမားတွေက ခြံ ခတ်တယ်။ နှစ်ဦးနှစ်ဘက် ခြံပြိုင်ခတ်တဲ့ အလုပ်တွေ ပေါ်လာတယ်။ ဒီလိုတွေ လုပ်စရာမ လိုဘူး။ ကော်မရှင်က ရပ်ခိုင်းထားရမှာ”ဟု ဆိုသည်။

ရန်ကုန်မြို့ရှိ ရှေ့နေများကလည်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် လယ်ယာမြေ စီမံခန့်ခွဲမှု ဥပဒေကို လယ်ယာမြေ လုပ်ကိုင်ခွင့် ရရှိထား သူများက တိတိကျကျ လိုက်နာမှု မရှိသည့်အတွက် ယခုကဲ့သို့ အရှုပ်အရှင်း ပြဿနာများ ဖြစ်ပေါ် လာရ ကြောင်း ပြောဆိုသည်။

“ကော်မရှင်က တွေ့ရှိချက်ရယ်၊ ဘယ်လို ဆောင်ရွက်ရမယ် ဆိုတာရယ် စုံစမ်းပြီး၊ အဖြေပါထုတ် ပေး နိုင်ရမယ်။ ကျနော်တို့ အား လုံးဟာ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်လို့ နိုင်ငံတော်အစိုးရ အနေနဲ့ ဘာတွေ လုပ်ပေးသင့်တယ် ဆိုတာကိုပါ အကြံပြုပေးနိုင် တဲ့ အရည်အ ချင်းတွေ ရှိတယ်”ဟု လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင် မောင် ရည်က ဆိုသည်။

ပြည်ထောင်စု လွှတ်တော်သို့ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာ တင်သွင်းသွားမည် ဖြစ်ပြီး စုံ စမ်းစစ်ဆေးရေး ကော်မရှင်၏ တင်ပြချက်များအား ကျန် လွှတ်တော် ကိုယ်စားလှယ်များက သဘောတူရမည်ဖြစ်ကြောင်း လည်း ၎င်း က ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ခွဲက ဒဂုံမြို့သစ်၊ ရွှေပြည်သာ၊ သန်လျင်မြို့နယ် များသို့ သွားရောက်ကာ လယ်ယာမြေ သိမ်းဆီးခံရမှုများနှင့် စစ်ဆေးတွေ့ရှိချက်များကို မှတ်တမ်းတင်ခဲ့ကြောင်း သိရ သည်။

ယင်း ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သည့် အချိန်တွင် နစ်နာသူများဘက်မှ အခွင့်အရေး မည်မျှ ရသင့် သည် ဆိုသည့် အချက်ကိုလည်း ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြော ဆိုသည်။

No comments: