Wednesday, February 13, 2013

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်

နန်းမြနဒီ

ထိုင်းနိုင်ငံ အနောက် မြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင်မိန်းကလေးငယ်တ ဦး ကို ထိုင်းအလုပ်ရှင် လင်မယားက ရေနွေးပူလောင်းပြီး နှိပ်စက်ခဲ့တယ် လို့ ထိုင်းလူမှုကယ်ဆယ် ရေးဌာနက ပြောပါတယ်။

ဒဏ်ရာတွေနဲ့ နှိပ်စက်ခံထားရတဲ့ အသက် ၁၂ နှစ်ရွယ် (အဲန်း) လို့ ခေါ်တဲ့ မိန်းကလေးကို ကူညီ သူတွေက သူတို့ရဲ့ လူမှုကယ်ဆယ်ရေးဌာနကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃၁ ရက်နေ့ ညက လာပို့ထားခဲ့ တာလို့ ကမ်ဖိုင် ဖစ်မြို့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဌာန တာဝန်ကျ ၀န်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

အလုပ်ရှင် အမျိုးသမီးဖြစ်သူက ဒီမိန်းကလေးကို ခွေးလှောင်အိမ်ထဲ ထည့်ပြီး ယောက်ျားဖြစ်သူက ရေနွေးပူနဲ့ လောင်းကာ နှိပ်စက်ခဲ့ပြီး ဆေးရုံကို မပို့ဘဲ အနာကို ဆား ရည်နဲ့ ဆေးခိုင်းခဲ့တယ်လို့ လည်း ဆိုပါတယ်။

ဒီ မိန်းကလေးဟာ အသက် ၇ နှစ်လောက်က မိဘဖြစ်သူတွေက ဆိုင်းငမ်းရွာက ကြံခင်းထဲမှာ အလုပ်လုပ်နေစဉ် ထိုင်းလင်မယား ၂ ဦးက ကားနဲ့ ဖြားယောင်းခေါ်ဆောင် သွားပြီး အိမ်ကနေ ဘယ်မှပေးမသွား ဘဲ ခိုင်းစေနေခဲ့တာပါ။ အလုပ်ရှင်အိမ်မှာ အမြဲတမ်း နှိပ်စက်ခံရတဲ့ အ တွက် ၅ နှစ် လောက်အကြာမှာ ထွက်ပြေးလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိန်းကလေးငယ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က နှိမ်စက်ခံရတဲ့အတွက် အလုပ်ရှင် အိမ်ကနေ တခါ ထွက်ပြေးခဲ့ဖူးပြီး ထိုင်းရဲက ဒီအိမ်ကို ပြန်ပို့ ခဲ့ပါတယ်။ ထိုစဉ်က ထွက်ပြေးတာကို ဒဏ်ပေးတဲ့အနေနဲ့ ခေါင်းနဲ့ နံရံကို ဆောင့်ပြီး နားရွက်ကို ကတ်ကြေးနဲ့ အဖြတ်ခံရဖူးပါတယ်။

ကလေးရဲ့ မိဘတွေကတော့ ကလေးခေါ်သွားတာ သိနေပေမယ့် အလုပ်ရှင်ရဲ့ ဩဇာကြီးမားမှုကို ကြောက်ပြီး သမီးဖြစ်သူကို တွေ့ဖို့ မတောင်း ဆို ရဲဘဲ အခုလို ကယ်ဆယ်ရေးဂေဟာရောက်မှ ကလေးကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လာတွေ့ပြီး မိဘဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကလေးရဲ့ဖခင်ဖြစ်သူက နိုင်းအောင်၊ မိခင်က နန်းဒိုင်း လို့ ခေါ်ပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားဖြစ်ကြောင်း ကယ်ဆယ်ရေးဌာနကို ပြောခဲ့ပါတယ်။

ကယ်ဆယ်ရေးဌာနက ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တာဝန်ကျ ရဲအဖွဲ့က ကမ်ဖိုင်ဖစ်မြို့ မဟာချိုင်ရပ်ကွက် အ မှတ် ၁၉၃ မှာ နေထိုင်သူ နန်းရတ်နာ့ကန် အသက် ၃၃ နှစ်နဲ့ ခင်ပွန်းဖြစ်သူ နိုင်းယွန်းထိဒိုင်းအွန် အသက် ၃၅ ကို ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းလင်မယား ၂ ဦးကတော့ စွပ်စွဲမှုအားလုံးကို ငြင်းပယ်ခဲ့ပြီး တရားရုံးကျမှ အမှုရင်ဆိုင်ဖို့ရှိပြီး ခုလောလောဆယ် အာမခံငွေ ဘတ် ၇ သိန်း နဲ့ လွှတ်ပေးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။


ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ်ဖိုင်ဖစ်ရဲစခန်းက ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး အခရဆွန် ဆရီဆူဖတ်က အဆိုပါ လင်မယား ၂ ဦးကို အသက် ၁၅ နှစ်အောက် ကလေးငယ်ကို အဓမ္မလုပ်အားခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးငယ်ကို ဖြားယောင်းခေါ်ဆောင်မှု၊ မတရားညှင်းပန်းနှိပ်စက်မှုနဲ့ ကျွန်ပြုမှု စတဲ့အချက်တွေနဲ့ ပြစ်မှု ၇ မှု စွဲချက်တင်ထားပါတယ်။ ဒါဟာ သူတို့ရဲစခန်းမှာ အကြီးမား ဆုံး ပြစ်မှုတခုဖြစ်တယ်လို့ ထိုင်းသတင်းဌာ နကို ပြောကြား သွားပါတယ်။

No comments: