Monday, February 18, 2013

သဘောထား မတိုက်ဆိုင်၍ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ လမ်းကြောင်းနှစ်ခုခွဲ

ကွန်ချမ်း | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၈ ရက် ၂၀၁၃

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် လိုင်ဇာသို့ ခရီးရှည် ချီတက်လာသည့်အဖွဲ့တွင် သဘောထားချင်း မတိုက်ဆိုင်သဖြင့် လမ်းကြောင်းနှစ်ခု ခွဲကာ ချီတက်နေကြကြောင်း နှစ်ဘက် ဦးဆောင်နေသူများ က ပြောသည်။

ရန်ကုန်မှ ချီတက်လာသည့် ကိုရန်နိုင်ထွန်း ဦးဆောင်သည့်အဖွဲ့နှင့် မြင်းခြံမှ ချီတက်လာသည့် ကိုသန့်ဇငဦးဆောင်သည့်အဖွဲ့တို့မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ပလိပ်မြို့တွင်ပူးပေါင်းပြီးနောက်မန္တလေးမြို့မှပြန် လည်ထွက်ခွာရာတွင် လမ်းကြောင်း ခွဲလိုက်ကြခြင်း ဖြစ်သည်။

ရန်ကုန်မှ ချီတက်သည့်အဖွဲ့တွင် အင်အား ၆၀ ကျော် ပါဝင်ပြီး ဧရာဝတီမြစ် အနောက်ဘက်ခြမ်း မြစ်ကြီးနား လမ်းမှ ချီတက်ကာ မြင်းခြံမှ ချီ တက်လာသည့်အဖွဲ့တွင် အင်အား ၁၀ ခန့် ပါဝင်ပြီး ဧရာဝတီမြစ် အရှေ့ ဘက်ခြမ်း ဗန်းမော်လမ်းမှ လိုင်ဇာသို့ ချီတက်ကြခြင်း ဖြစ်သည်။

ဦးတည်ချက် တူညီသော်လည်း မတူညီသည့် ရပ်တည်ချက်ကြောင့် မြင်းခြံမှ ချီတက်လာသည့်အဖွဲ့နှင့် လမ်းကြောင်းခွဲလိုက်ရခြင်း ဖြစ်သည် ဟု ရန်ကုန်မှ ချီတက်သည့်အဖွဲ့က ပြောသည်။

“ကျနော်တို့က ငြိမ်းချမ်းရေးကို လုပ်တဲ့နေရာမှာ ပါတီစွဲ၊ ဝါဒစွဲ၊ လူပုဂ္ဂိုလ်စွဲတွေ မထားဘဲနဲ့ ငြိမ်းချမ်းရေး တခုတည်းကိုပဲ ဦးတည်ပြီးတော့ လုပ် မယ်ဆိုတာကို သဘောထား ကြေညာချက် ထုတ်ပြန်ထားတာ ရှိပါတယ်။ ကျနော်တို့နဲ့ မတူတဲ့ တခြားသော ကိစ္စရပ်တွေ ရှိလာတဲ့အခါ ကျတော့ ပူးပေါင်းလို့ မရတဲ့ အနေအထားမှာ ရှိပါတယ်ခင်ဗျ” ဟု ကိုရန်နိုင်ထွန်း က ပြော သည်။

အထက်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုသန့်ဇင် ဦးဆောင်သည့်အဖွဲ့တွင် ခွပ်ဒေါင်းအလံ၊ သာသနာ့အလံနှင့် ငြိမ်း ချမ်းရေးအလံတို့ ပါရှိကာမြို့အဝင်များတွင်အလံလွှင့်ထူခြင်းနှင့်နိုင် ငံရေး အကျဉ်းသားပုံစံ သရုပ်ဖော်ရန် စီစဉ်ခဲ့ခြင်းကြောင့် သဘောထား ကွဲလွဲရခြင်း ဖြစ်သည်ဟု ကိုရန်နိုင်ထွန်းက ပြောသည်။

ကိုသန့်ဇင် ဦးဆောင်သည့်အဖွဲ့မှ ဦးအောင်မြင့် က “ဒီအထက် ဗမာပြည်ကအဖွဲ့ လာရောက် ပူးပေါင်းရင် အလံတွေကို ဖြုတ်ပေးပါပေါ့။ ဒါ ပေမဲ့ ဒီအလံတွေကို ဖြုတ်မပေး နိုင်ဘူးပေါ့နော်။ လိုင်ဇာရောက်ရေးက ဦးတည်ချက် ဖြစ်တယ်။ အလံပါရေး မပါရေးက အဓိက မဟုတ်ဘူး ပေါ့ နော်” ဟု ပြောသည်။

ကိုသန့်ဇင် ဦးဆောင်သည့်အဖွဲ့တွင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဥတ္တမ၊ ဦးပါသက္က၊ ဗကသ အလုပ် အမှုဆောင် ကိုဉာဏ်မြင့်သန်း စ သည်တို့ ပါဝင်သည်။

ရန်ကုန်မှ လမ်းလျှောက်ချီတက်သူများကို ဆိုင်းဘုတ် ကိုင်ဆောင်ခြင်း၊ အော်ဟစ် ဟောပြောခြင်း၊ အလံ ကိုင်ဆောင်ခြင်းများ မပြုလုပ်ဘဲ ငြိမ်း ချမ်းစွာ လမ်းလျှောက်ရန် ပဲ ခူးတိုင်းအတွင်းရှိ ပဲခူး၊ ဖြူး၊ အုတ်တွင်း၊ရေတာရှည်မြို့နယ်နှင့် နေပြည်တော် နယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်တို့တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများထံ အမိန့်ကြေညာ စာများ ထုတ်၍ ခံဝန်ကတိ ၅ ကြိမ်ရေး ထိုးခဲ့ရသည်။

၎င်းပြင် ၎င်းတို့အား ရန်ကုန်တိုင်း မြို့နယ်ရဲစခန်း ၁၂ ခုနှင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်ရဲစခန်း ၂ ခုတို့က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားသည်။


ငြိမ်းချမ်းရေး လိုလားပြီး ပြည်တွင်းစစ် ရပ်စဲရေးအတွက် တောင်းဆိုသည့်အနေနှင့် တက်ကြွလှုပ်ရှားသူ လူငယ်နှင့် သံဃာတော် စုစုပေါင်း ၂၂ ဦးသည် ရန်ကုန်မှ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မိုင် ပေါင်း ၈၀၀ ကျော် ကွာဝေးသည့် ကချင်ပြည်နယ် လိုင်ဇာမြို့သို့ စတင်ထွက်ခွာ ခဲ့ပြီး လမ်းတလျှောက် ပူးပေါင်းလာ ခဲ့ရာမှ ပလိပ်မြို့အရောက်တွင် လမ်းကြောင်းခွဲ ချီတက်နေကြသည်။

No comments: