Monday, February 4, 2013

ဆီတင်သင်္ဘော ပေါက်ကွဲမှု အနည်းဆုံး တစ်ဦးသေ

ဖိုးစိုးသူ | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၃

ရန်ကုန်မြို့ လှိုင်မြစ်အတွင်း ဆီတင်သင်္ဘော ပေါက်ကွဲ မီးလောင်မှုကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည် ဟု ကယ်ဆယ်ရေးများက ပြောကြားသည်။

ချိတ်တွဲခုတ်မောင်းနေသော သင်္ဘောတွဲအနက် ရှေ့ဆုံးတွင်ရှိနေသော ဆီတင်သင်္ဘောတွင် ညနေ ငါးနာရီခန့်တွင် ပေါက်ကွဲသံကျယ်ကျယ် လောင်လောင်ကြီး ပေါ်ထွက်ခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွား သည်ဟု မျက်မြင်သက်သေများက မဇ္ဈိမကိုပြောသည်။

”အောင်သုခဧရာ” တွဲသင်္ဘောများမှာ မီးလောင်မှုဖြစ်ပွားနေစဉ် ရေစုန်ဖြင့် ပြန်လည်မျောပါလာရာ နာရီဝက်ခန့်အကြာ မီးငြိမ်းသတ်နိုင်မှုအပြီး ကမ်းနားသို့ပင် ပြန်ရောက်လာခဲ့သည်။

သင်္ဘောစက်ခန်းထဲတွင် သေဆုံးနေသော လူလတ်ပိုင်းအရွယ် အလောင်းတစ်လောင်းကို ရန်ကုန်ဆေးရုံကြီးသို့ သယ်ဆောင်သွားပြီးဖြစ် သည်။ ကယ်ဆယ်ရေးများအဆိုအရ လူနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ် သည် ဟု ဆိုသည်။

မီးလောင်ခိုက် ရန်ကုန်တိုင်း နေရာအနှံ့အပြားမှ မီးသတ်ကားများရောက်ရှိခဲ့သော်လည်း လမ်းပိတ်ဆို့မှုက ကြီးမားသော အနှောက်အယှက် ဖြစ်ပေါ်စေခဲ့သည်။ သင်္ဘောပါ မီးသတ်ဆေးဗူး၊ ရေစုတ်စက်များ အသုံးပြု မီးငြိမ်းသတ်ခဲ့ရသလို မီးသတ်ကားများပါ ပိုက်များကို ဆက်ကာ မီးငြိမ်းသတ်ရာတွင် ကူခဲ့ရသည်။

သင်္ဘောပါ မီးသတ်ဆေးဗူး၊ ရေစုတ်စက်များ အသုံးပြု ငြိမ်းသတ်ခဲ့ရသလို မီးသတ်ကားများပါ ပိုက်များဆက်ကာငြိမ်းသတ်ခဲ့ရတယ်။

မီးလောင်သော သင်္ဘောကို ရပ်နားထားသည်မှာ ငါးရက်ခန့်ရှိပြီးဖြစ်ပြီး ဆီဖြည့်အပြီး ခုတ်မောင်းသွားခိုက် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။

ထုံးစံအတိုင်း မီးလောင်ရာသို့ အနီးအနား ရပ်ကွက်များအပါအ၀င် လူပေါင်း ထောင်နှင့်ချီလာရောက်ကြည့်ရှု့ခဲ့ကြပြီး ယခုသတင်းပေးပို့ချိန် အ ထိ လမ်းပိတ်ဆို့မှုကြီး ဖြစ်နေဆဲဖြစ်သည်။


မီးသတ်များ၊ ကြက်ခြေနီများကတော့ မနက်ဖြန်တွင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပါမည်ဟုဆိုကာ အသေးစိတ်အချက်အလက်များ မရရှိနိုင်သေးသဖြင့် ဖြေကြားရန် တွန့်ဆုတ်နေကြသည်။

No comments: