Friday, February 15, 2013

မန္တလေးဗုံးကွဲမှုဖြင့် အဖမ်းခံရသူများ သက်သေခိုင်လုံမှု မရှိသေး

မန်းသားလေး

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များရှိ နေရာ ၃ နေရာတွင် တပြိုင်တည်း ဗုံးပေါက်ကွဲ မှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းအမှု တရားခံအဖြစ် ရှမ်းတိုင်းရင်းသား ၅ ဦးကို ဖမ်းဆီးထားရာ ယနေ့အချိန်ထိ တရားလိုပြသက်သေ ခိုင်လုံမှု မရှိ သေးကြောင်း သိရသည်။

အခင်းဖြစ်ပွားပြီး နောက်ပိုင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မသင်္ကာသည့် ရှမ်းတိုင်းရင်းသား ၇ ဦးကို ဖမ်းဆီးခဲ့ကာ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။ လက်ရှိအချိန်တွင် ၂ ဦး လွတ်မြောက် သွားပြီဖြစ်ပြီး ၅ ဦးမှာ ယခုအချိန်အထိ အဖမ်းခံနေရဆဲ ဖြစ်သည်။

လွတ်မြောက်သွားသည့် ရှမ်းတိုင်းရင်းသား ၂ ဦးမှာ မြန်မာစကား ကောင်းမွန်စွာ မပြောတတ်ကြောင်း၊ မတရား ရိုက်နှက် ညှဉ်းပန်းနှိပ်စက် မှုကြောင့် တရားခံပါဟု ၀န်ခံခဲ့ပြီး ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရကြောင်း၊ သမ္မတ၏ လွတ်ငြိမ်းချမ်းသာ ခွင့်ကြောင့် လွတ်မြောက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်တွင် လက်ရှိတရားခံ ၅ ဦးထဲမှ စိုင်းလှအောင် (ခ) အားဝေ ဆိုသူ ပါဝင်ခဲ့သော်လည်း နောက်တကြိမ် ပေါက်ကွဲ (၆) ဖြင့် အမှု ဖွင့်ခြင်း ခံနေရသည်။

လက်ရှိ ဖမ်းဆီးခံနေရသည့် ရှမ်းတိုင်းရင်းသား ၅ ဦးမှာ စိုင်းမိုးဟိန်း (ရတနာပုံ တက္ကသိုလ်ကျောင်းသား)၊ စိုင်းသိန်းနိုင်၊ စိုင်းလှအောင် (ခ) အားဝေ၊ မျိုးခင် (ခ) အောင်ခမ်းနှင့် စိုင်းကျော်သန်းတို့ဖြစ်သည်။

မျိုးခင်နှင့် အားဝေကို ပေါက်ကွဲ (၆) နှင့် တရားစွဲထားပြီး ကျန် ၃ ဦးကို မတရားအသင်းနှင့်ဆက်သွယ်သည့်ပုဒ်မ ၁၇ (၁) ဖြင့်လည်းကောင်း၊ ပေါက်ကွဲ (၆) တို့ဖြင့် လည်ကောင်း တရားစွဲဆိုထားခြင်း ဖြစ်သည်ဟု သိရသည်။


တရားရုံးသို့ အမှုရင်ဆိုင်ချိန်တွင် တရားလို ရဲဘက်မှ သက်သေ ထွက်ချက် ၁၆၁ ယောက်ကို တရားခံဟု ယူဆရသည့် သက်သေ မပြနိုင် ကြောင်း တရားခံများဘက်မှ ရှေ့နေ ဦးဝင်းမြင့်က ပြောသည်။

“ဒီအမှုကို စွဲချက်မတင်ဖို့ ကျွန်တော်တို့ ဘက်ကနေ လျှောက်လွှဲချက် ပေးသွားမှာပါ။ သက်သေခိုင်လုံစွာ မပြနိုင်တဲ့အတွက် စွဲချက် မတင် သင့် ဘူးလို့ ကျနော်တို့ဘက်က ယူဆပါတယ်။ စွဲချက်တင်သင့် မတင်သင့် ဆိုတာကတော့ တရားသူကြီး ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်ပါ တယ်” ဟု ၎င်း က ဆိုသည်။

ထိုသို့ဗုံးပေါက်ကွဲမှုများတွင် မည်သည့် အဖွဲ့အစည်းကမှ မိမိတို့ လက်ချက်ဖြစ်သည်ဟု ၀န်ခံခြင်း မရှိသော်လည်း အစိုးရကမူ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တခြား လက်နက်ကိုင် အဖွဲ့များကို စွပ်စွဲရေးသားခဲ့သည်။ ထိုသို့ စွပ်စွဲ ရေးသားခဲ့ပြီး ဖမ်းဆီးချိန်တွင် SSA အဖွဲ့နှင့် ပတ်သက်သည်ဟု ယူဆကာ ရှမ်းတိုင်းရင်းသားများကို ဖမ်းဆီး စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ဒီဗုံးကွဲတဲ့ ကိစ္စက ကျနော်နဲ့ ဘာမှမဆိုင်ပါဘူး။ ဗုံးပေါက်ကွဲစေတဲ့ လူနဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ကျနော့်ကို ဖမ်းဆီးထားတာပါ။ ဖမ်း ပြီး ၇ ညတိတိ မအိပ်ရပါဘူး။ ၁ နာရီကို ၂ ယောက်ခြားတခါ ကျနော့်ကို ရိုက်စစ်ပါတယ်။ ခြေသလုံးတွေပေါ် သံလုံးတွေနဲ့ လှိမ့်တယ်၊ ကြမ်း ပြင်မှာ ဒူးထောက်ခိုင်းတယ်၊ မညှာမတာ ရိုက်နှက်စစ်ဆေးခဲ့တာပါ။ အခုဆို ကျနော့်ကို ဖမ်းထားတာ ၂ နှစ်နီးပါး ဖြစ်နေပါပြီ။ ကျနော်ကျောင်း ပြန်တက်ချင်ပါတယ်” ဟု အသက် ၁၉ နှစ်အရွယ်ရှိ ရတနာပုံ တက္ကသိုလ် ဘူမိဗေဒ ကျောင်းသား စိုင်းမိုးဟိန်းက ဧရာဝတီကို ပြော သည်။

မတရားအသင်းနှင့် ဆက်သွယ်သည်ဟု ယူဆကာ မန္တလေးတိုင်း ရဲများက ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီးတရားခံအစစ်များမှာလွတ်မြောက် နေဆဲဟု သိရသည်။

ဖမ်းဆီးခံရသည့် ရှမ်းတိုင်းရင်းသားများမှာ အခြေခံ လူတန်းစားများဖြစ်ပြီး ဆိုင်ကယ် တက္ကစီမောင်းသူ၊ ကျောင်းသားနှင့် ကုမ္ပဏီ ၀န်ထမ်းတို့ ပါဝင်သည်။

စိုင်းလှအောင် (ခ) အားဝေက “ကျနော့်ကို စိုင်းမိုးဟိန်းနဲ့ ညီအစ်ကို တ၀မ်းကွဲ တော်တယ်၊ ဖုန်း အဆက်သွယ် ရှိတယ်ဆိုပြီး ဖမ်းတာပါ။ ကျ နော်က မန္တလေး ဆိုင်ကယ်အပို ပစ္စည်း ရောင်းတဲ့ ကုမ္ပဏီမှာ အင်ဂျင်နီယာ တဦးပါ။ ပထမ ဖမ်းဆီးပြီး လူကို သေမတတ် ရိုက်စစ်ကြတယ်။ နောက်ဆုံး ထောင်ဒဏ် ၂ နှစ် ချမှတ်ပြီး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကျနော် လွတ်ခဲ့ရတယ်။ အဲဒါ လွတ်ပြီးမှ မကြာသေးဘူး။ ပေါက် ကွဲ ၆ နဲ့ ထပ်ဖမ်းထားတာပါ။ ဘာတွေလဲဆိုတာတော့ ကျနော်လည်း နားမလည်တော့ပါဘူး” ဟု ဆိုသည်။

နေရာ ၃ နေရာ ဗုံးပေါက်ကွဲပြီးချိန်တွင် နိုင်ငံတော်မှ တရားခံဟု ယူဆရသူမှာ စိုင်းလှအောင် (ခ) အားဝေ ဖြစ်ကြောင်း သတင်းစာတွင်၎င်းအ ချိန်က ထည့်သွင်း ကြေညာခဲ့ပြီး လူအများ သွားလာနေသော ဘူ တာ၊ ကားဂိတ်များတွင် ၎င်းပုံများကို ကပ်ကာ ပြည်သူများကို သတိပေးခဲ့ သေး သည်။

အသက် ၄၇ နှစ်ရှိပြီဖြစ်သော ဦးစိုင်းကျော်သန်းကို နေပြည်တော်အိမ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက် ဆက်နွှယ်သူအဖြစ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဦးစိုင်းကျော်သန်းသည် နေပြည်တော်သို့ တရားခံဟု ယူဆရသူ များနှင့် သွားရောက်ကာ အိမ်ငှားများ ရှာခဲ့သေးသည်။

သို့သော်လည်း ပေါက်ကွဲသည့်အိမ်မှာ ၎င်းရှာပေးသော အိမ်မဟုတ်ကြောင်း၊ နေပြည်တော်တွင် လွတ်နေသော ၎င်းအစ်မ၏ အိမ်ကို လိုက်လံ ပြသခဲ့ခြင်းသာ ဖြစ်ကြောင်း၊ လာရောက် ငှားသူများမှာလည်း ရှမ်း တိုင်းရင်းသားများ ဖြစ်နေပြီး လူမျိုး အချင်းချင်း ကူညီပေးခဲ့ခြင်းသာ ဖြစ် ကြောင်း၊ ၎င်းတို့နှင့် အခင်းမဖြစ်ပွားခင် အချိန်လောက်ကသာ မန္တလေးတွင် စတင်သိကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ နေရာသုံးခု ဗုံးပေါက် ကွဲ မှုနှင့် ၎င်းမှာ ဆက်စပ်ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။

“ကျမအစ်ကို စိုင်းရီနဲ့ စိုင်းဆန်ကို ခေါ်လာပြီး နေပြည်တော်မှာ အိမ်လာငှားတယ်။ ကျမ ဆိုတဲ့ဈေးကို များတယ်ဆိုပြီး သူတို့ ပြန်သွားကြတာ။ နောက်မှ နေပြည်တော်မှာ ဗုံးကွဲ တယ်ဆိုတာ ကြားသိရတာ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်ငှားလာတဲ့ လူတွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုပြီး ကျမ အစ်ကိုကို ဖမ်းထားတာပါ” ဟု ဦးစိုင်းကျော်သန်း၏ ညီမ ဒေါ်နန်းခင်မာကြည်က ပြော သည်။

ဦးစိုင်းကျော်သန်း၏ ဖခင်မှာ တချိန်က မူဆယ်မြို့ နိုင်ငံသစ် သတင်းစာတိုက်မှ မူဆယ်သတင်းထောက်တဦး ဖြစ်ပြီး မူဆယ်မြို့ အရံမီးသတ် တပ် ဖွဲ့ဝင် အဖြစ်လည်း လုပ်ကိုင်ခဲ့သေးသည်။

သက်သေမဲ့ မတရား ဖမ်းဆီးခံနေရသည့် ရှမ်းတိုင်းရင်းသားများအပေါ် ဥပဒေမဲ့ ဆောင်ရွက်နေမှုများကို ဒေါ်နန်းခင်မာကြည်မှ သမ္မတ၊ ဒုတိ ယ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှင့် တရားဥပဒေစိုးမိုးရေး ကော်မတီသို့ တိုင်စာများ ပို့ထားကြောင်း သိရသည်။

တရားဥပဒေ စိုးမိုးရေးကော်မတီမှ ယင်းစာကို လက်ခံရရှိကြောင်း ဥက္ကဋ္ဌ ကိုယ်စား ဦးဝင်းမြင့် လက်မှတ်ထိုး၍ ပြန်စာပို့ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ လူမနေသည့် အိမ်တလုံးတွင် ဗုံးပေါက်ကွဲခဲ့ပြီး တဆက်တည်းတွင် မန္တလေး ဈေးချိုတော်ရှေ့ ၂၇ လမ်းနှင့် ၂၈ လမ်းကြား ဈေးချိုဟိုတယ် ရှေ့တွင်လည်း ကားဗုံးတလုံး ပေါက်ကွဲခဲ့သည်။

ယင်းဗုံးပေါက်ကွဲမှုများ ဖြစ်ပြီး မကြာမီတွင်ပင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၃ အကွက် ၄ ရှိ လူမနေသည့် အိမ်တလုံးတွင် ပေါက်ကွဲကာ အိမ် ပြိုကျသွားသည်ဟု သိရှိရသည်။

No comments: