Monday, February 11, 2013

ချဲထီကိုအရေးမယူဘဲ အာဏာပိုင်များ လိုင်းကြေးကောက်

မိုးဇော်

လောင်းကစား တစ်မျိုးဖြစ်သော ချဲထီသည် မင်းပြားမြို့တွင် လွတ်လပ်စွာ ရောင်းချနေကြပြီး လွတ်လပ်စွာ ချဲ ထိုးလို့ရကြောင်း လူတိုင်းပါးစပ်တွင် ချဲထီအကြောင်းပြောကာ ခေတ်စားနေပြီး သက်ဆိုင်ရာအာဏာ ပိုင်များက အရေးယူခြင်းမရှိဘဲ လိုင်းကြေးကောက်လျက်ရှိကြောင်း သတင်းရရှိ သည်။

ထိုချဲထီကြောင့် ဒေသခံများမှာဆင်းရဲတွင်းနက်ထဲသို့ရောက်ရှိနေကြောင်း ကို မင်းပြားမြို့မှ အစိုးရဝန် ထမ်းတစ်ဦးမှ ပြောသည်။

" အခု မင်းပြားမှာက လူတိုင်းက ချဲနဲ့ရူးနေကြတယ်။ ရှာဖွေလို့ရလာတဲ့ ပိုက်ဆံတွေကို အဲဒီချဲမှာပဲ ကုန်နေကြတယ်။ ချဲကရမလိုနဲ့ လူတွေက လိုက် ထိုးနေကြတယ်။ ဒါပေမယ့် ဒီအလုပ်က လောင်းကစားလေ။ လောင်းကစားဆိုတာ လူတွေကို ဘယ်တော့မှ ကောင်းကျိုးမပေးဘူး။ ရမ လိုနဲ့လိုက်ထိုးတော့ ပါသွားတဲ့ သူတွေပဲရှိတယ်။ ပြန်ရလာတာမရှိပါဘူး။ " ဟု ပြောသည်။

အဆိုပါချဲထီရောင်းချမှုကို သက်ဆိုင်ရာရဲများက တားဆီးမှုမပြုလုပ်သည့်အပြင် လိုင်းကြေးကောက်ခံကာ ချဲဒိုင်များနှင့် အကြံတူပူးပေါင်း နေကြောင်း ဆက်လက်ပြောသည်။

" ချဲထီးထိုးနေကြတာ အရမ်းလွတ်လပ်နေကြတယ်။ ဘာအဟန့်အတားမှ မရှိပါဘူး။ ဘယ်လောက်ထိ အရူးအမူးဖြစ်နေကြလဲဆိုတော့ ထမင်း မဲ့ဟင်းမဲ့ဖြစ်နေကြတယ်။ နေရာ တိုင်းမှာ ဘယ်ဂဏန်းထွက်တယ်ဆိုတာ ဆူညံနေတာပဲ။ မှုခင်းနှိမ်နှင်းရေးရဲတွေတောင် ချဲဒိုင်တွေနဲ့ပေါင်းပြီး တော့ လိုင်းကြေးတွေ လတိုင်းကောက်ခံပြီးတော့ တောင်းစားနေကြတယ်။ ပြောသံကြားတာကတော့ ကျော်လင်းဒိုင်နဲ့ မောင်သန်း ဒိုင်လို့ ကြားဖူးပါတယ်။ အတိအကျတော့ မသိဘူးပေါ့။ မှုခင်းတွေကို တာဝန်ယူထားတာကတော့ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်စောဖြူနှင့်အဖွဲ့ဖြစ်တယ်။ ဒါပေမယ့် သူတို့တွေက အရေးမယူကြဘူး။ " ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။

အဓိကမှုခင်းနိမ်နှင်းရေးအဖွဲ့က အရေးယူမှုမပြုလုပ်သည့်အပြင် လာဒ်ငွေများတောင်းခံပြီး လောင်းကစားမှုကိုအားပေးနေခြင်းသည် ပြည်သူ များ၏ လူမှုစီးပွားကို ပျက်စီးအောင် တွန်းအားပေးနေခြင်းဖြစ်ကြောင်း မင်းပြားမြို့ လူကြီးတစ်ချို့က ဝေဖန်သုံးသပ်ပြောဆိုနေကြသည်။

မင်းပြားမြို့သာမက ရခိုင်ပြည်အနှံ့တွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ချဲထီးလောင်ကစားကြောင့် ဒုက္ခရောက်ခဲ့ရသူများမှာ အမြောက်အမြားရှိခဲ့ ပြီး ယခုလည်း ၄င်းခေတ်သို့ ပြန်ရောက်ရှိနိုင်ကြောင်း ဝါရင့်ရှေ့နေ တစ်ဦးက ပြောသည်။

No comments: