Tuesday, February 12, 2013

ကင်တားနားကို ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်များ တင်ပြ

အေး​နိုင်

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံကိုယ်စား လှယ် သောမတ်စ် အိုဟေး ကင်တားနားဟာ အချက်အလက်ရှာဖွေရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှာ ရောက်ရှိနေရာ မှာ ဒီနေ့ ရခိုင်ပြည် နယ်ထဲ စစ်တွေနဲ့ မြေပုံမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုသွားရောက် လေ့လာပါ တယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခကြောင့် ရှောင်တိမ်း ခိုလှုံနေကြသူတွေထဲက မွတ်စလင် ၄ ထောင်လောက် ခိုလှုံနေတဲ့ မြေ ပုံဒုက္ခ သည်စခန်းကို ဒီနေ့သွားရောက် မေးမြန်းပါတယ်။

မွတ်စလင်ဒုက္ခသည်တွေက ပဋိပက္ခအတွင်း အကြမ်းဖက်သမားတွေရဲ့ ရန်ကို ခါးစီးခံခဲ့ရပုံ ရှင်းပြ ခဲ့သလို ဒီစခန်းမှာ မနေရဲတော့လောက်အောင် ကြောက်ရွံ့နေတယ်ဆိုတာတွေကို တင်ပြခဲ့ကြ ပြီး ဒီနေရာကနေ ပြောင်းရွှေ့ပေးဖို့ တင်ပြခဲ့ကြတယ်လို့ ဒီတွေ့ဆုံပွဲ တက်ရောက်ခဲ့သူ တဦးကပြော ပါ တယ်။

“ဒီနေရာမှာ မနေရဲတော့ပါ။ ပြဿနာထပ်ဖြစ်လာရင် ပြေးစရာနေရာလည်း မရှိတော့ပါ။ ကျနော်တို့ရဲ့ အသက်လုံခြုံရေးအတွက် ကျနော်တို့ကို စစ် တွေ သို့မဟုတ် မြန်မာပြည် ပြည်မတနေရာကိုပို့ပေးဖို့ လက်မှတ် ထိုးထားတာ ရှိပါတယ်။ အိုးအိမ်တိုက်တာ အဆောက်အအုံတွေလည်း ဆုံးရှုံးပြီးပြီ။ နှစ်ခါရှုံးဖြစ်တာချင်းအတူတူ အသက်လုံခြုံမှုပိုရှိတဲ့နေရာကို လိုချင်တယ်ဆိုတာကို ရွာသားတွေအကုန်လုံးက တင်ပြပါတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာက အာဏာပိုင်တွေက ဒီရွာမှာ ဆက်လက်နေထိုင်လိုစိတ်ရှိ၊ မရှိ မေးမြန်းခဲ့တုန်းကလည်း စခန်းလုံးကျွတ်က ဒီရွာမှာ မနေရဲ တော့ပါဘူးဆိုတာကို လက်မှတ်ထိုး တင်ပြခဲ့ကြတာကိုလည်း တင်ပြ လိုက်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူတို့ဟာရိုဟင်ဂျာလူမျိုးဖြစ်တယ် ဆိုတာကို ပြောလိုက်ကြတယ်လို့ ဆိုပါတယ်။

လက်ရှိကာလမှာ သူတို့အတွက် အခြေခံစားဝတ်နေရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေး လိုအပ်ချက်တွေကို တင်ပြလိုက်ကြတယ်လို့ ပြောပါတယ်။

“အခုထိ ကျနော်တို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ပေးတဲ့ ဆန်၊ ဆီ၊ ဆား အဲဒါလောက်နဲ့ စခန်းသွားနေရတယ်။ ကျန်းမာရေးမှာလည်း အ ရမ်းကို အခက်အခဲ ရှိပါ တယ်။ အခုထက်ထိ လုံခြုံတဲ့အနေအထား မှာ မရှိသေးဘူး။ ထောင်ကျနေသလိုပဲ ဒီမှာ ကျနော်တို့ ချောင်ပိတ်မိ နေ ပါတယ်။”

မစ္စတာကင်တားနားအဖွဲ့နဲ့အတူ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနဲ့ ဥပဒေချုပ် ဦးလှသိန်းလည်း လိုက်ပါလာပေမယ့် မစ္စတာကင်တားနားတို့ လွတ်လပ်စွာ မေးမြန်းဖြေဆိုခွင့်ရအောင် ဒုက္ခသည်တွေနဲ့ မေးမြန်းပွဲကို မတက်ဘူးလို့ ဆိုပါတယ်။

မစ္စတာကင်တားနားနဲ့ အဖွဲ့ဟာ မြေပုံဒုက္ခသည်စခန်းကနေ အပြန်မှာ စစ်တွေက ဒုက္ခသည်စခန်းတခုကို သွားရောက်ကြပါတယ်။

သူတို့အဖွဲ့ စစ်တွေမရောက်ခင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေ လာရောက်လေ့ရှိတဲ့အခါ ကူညီရှင်းလင်းပြတဲ့ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် က အစ္စလာမ်ဘာသာဝင် ဦးမောင်ဝင်းဆိုသူကို စစ်တွေရဲစခန်းက ဒီနေ့ ခေါ်ယူထိန်းသိမ်းခဲ့ပါတယ်။ ဒီကိစ္စကို ရဲစခန်းကို မသူတော်တွေရဲ့ ဘေး အန္တရာယ်က ကင်းလွတ်အောင် ခဏထိန်းသိမ်းခဲ့တာသာဖြစ်ပြီး ပြန်လည် လွှတ်ပေးလိုက်ပါပြီလို့ ညနေစောင်းမှာ စစ်တွေရဲစခန်း က ဖြေပါတယ်။

မစ္စတာကင်တားနားဟာ ဒီနေ့ စစ်တွေထောင်မှာ ရခိုင်ပြည်နယ်အရေးအခင်းကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ ယူအန်မှ ဒေါက်တာထွန်းအောင်ကို သွားရောက်တွေ့ခဲ့ပြီးတော့ ညနေပိုင်းမှာ ရန်ကုန်ကို ပြန်လည် ထွက် ခွာပါတယ်။

မစ္စတာကင်တားနားဟာ မနက်ဖြန်မှာ အင်းစိန်ထောင်ကို သွားရောက်လေ့လာဖို့ရှိပြီး ၈၈ မျိုးဆက်ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေ၊ ကုလ သမဂ္ဂအမှုထမ်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက ပုဂ္ဂိုလ် တွေ နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

နောက်တနေ့မှာတော့ နေပြည်တော်မှာ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ လွှတ်တော်အကြီးအကဲတွေအပြင် ရခိုင်ပဋိပက္ခ စုံစမ်းစစ် ဆေးရေး ကော်မရှင်၊ လက်ပန်းတောင်းတောင်အရေး စုံစမ်းစစ်ဆေး ရေး ကော်မရှင်တွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

မစ္စတာ ကင်တားနားဟာ ကချင်ပြည်နယ်က ဒုက္ခသည်တွေကိုလည်း သွားရောက်လေ့လာပြီးရင် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။ု


မြန်မာခရီးစဉ်အပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ၂၀၁၃ မတ်လမှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အစီရင်ခံ တင်ပြရမှာလည်း ဖြစ်ပါတယ်။

No comments: