Thursday, February 7, 2013

ကေအိုင်အေနှင့် အစိုးရစစ်တပ် တိုက်ပွဲများ ဆက်ဖြစ်

မင်းလွင်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းက ရွှေလီမှာ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ပိုင်း အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက် ရေးတပ်မတော်တို့ တိုက်ပွဲတွေ ထပ်ဖြစ် နေတယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ ၄ နယ်မြေမှာ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားပုံ ကို ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းက “တိုက်ပွဲကပြင်းပြင်းထန်ထန်မ ဖြစ်ပေမယ့် အစိုး ရစစ်ကြောင်းလှုပ်ရှားမှုတွေ အမြဲရှိတယ်။ မနေ့က တပ်မ ဟာ ၄ တပ်ရင်း ၉ တပ်ဖွဲ့ဝင်တွေကို တပ်ရင်း ၃ ရင်း စစ်ကြောင်း ၃ ကြောင်း ကနေ လိုက်ပြီးတော့ နောက်ကနေ လိုက်ရှင်းလင်းတဲ့ပုံစံလုပ်တယ်။ ဒါက ၃-၄ ရက်လောက်ကြာပါပြီ။ မနေ့ကတော့ ညနေ ၄ နာရီနဲ့ ၆ နာရီကြားမှာ ဘယ်လို မှရှောင်လွှဲလို့မရဘဲ တိုက်ပွဲတော့ဖြစ်သွားတယ်။ ကျနော်တို့ဘက်က တော့ ဒီကနေညွှန်ကြားထားတဲ့အတိုင်း အစိုးရတပ်နဲ့ ထိပ်တိုက်မဖြစ်အောင် တိုက်ပွဲတွေမဖြစ်အောင် ညွှန်ကြားထားတယ်။ ဒါပေမယ့် အစိုးရစစ် တပ်ကနေ လိုက်ပြီးတော့ နောက်က တကောက်ကောက်လိုက်တဲ့အခါမှာ ဘယ်လိုမှရှောင်လို့မရဘဲ တိုက်ပွဲ ၁ ပွဲဖြစ် သွားတယ်” လို့ ပြောပါ တယ်။

အလားတူ ကေအိုင်အေ တပ်မမဟာ ၁ နယ်မြေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“ကေအိုင်အေ တပ်မဟာ ၁ ခွင်၊ တပ်ရင်း ၁၀ ရဲ့ ရှေ့တန်းစခန်း ၁ ခုကို မနေ့က အစိုးရစစ်တပ်ကလာသိမ်းတဲ့ပုံစံ တိုက်ပွဲ ၁ ခုတော့ဖြစ်တယ်။ သိမ်းတဲ့ပုံစံတော့ မရောက်ဘူး လာပစ်တာပေါ့။ ပြီးတော့ ပြန်ဆုတ်သွားတယ်။ တိုက်ပွဲပြင်းပြင်းထန်ထန်တော့မရှိဘူး။ ဒါပေမယ့် အစိုးရစစ် တပ်ကနေ လိုက်လံပြီးတော့ တိုက်ပွဲငယ်တွေဖန်တီးတာ၊ လုပ်တာမျိုး ရှိတုန်းပဲ။”

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာလည်း တိုက်ပွဲငယ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပြီး အစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲလျှော့ချနိုင်ဖို့နဲ့ ဆက်လက်ဆွေးနွေးဖို့အတွက် တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ဖို့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ က အဆိုပြုထားပြီးဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

“ဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့အထဲမှာ တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းထားဖို့။ တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းမထားတော့ ရှုပ် ထွေးမှုတွေဖြစ်သွားပြီးတော့ တ ယောက်နဲ့တယောက် အထင်လွဲတာတွေဖြစ်တာလေ။ ဒါကြောင့်တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်းထား ဖို့ အဆိုပြုတာရှိတယ်။ အဲအစည်းအဝေးမှာ ဦးအောင်မင်းကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ အစိုးရ ဘက်ကနေ ဒီလူတွေ ဒီလူတွေ ကို ကေ အိုင်အေနဲ့ ဆက်သွယ်ဖို့ တရားဝင်တာဝန်ပေးတယ်၊ သူတို့ကို ဆက်သွယ်ပါဆိုပြီး တာဝန်ပေးတယ်။ ကေအိုင်အေဘက်ကတော့ ပြန်လာ တာမရှိသေးဘူး။”

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကမှ တရုတ် အစိုးရရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ တရုတ်-မြန်မာနယ်စပ် ရွှေလီမှာ နှစ်ဖက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပြီး စစ်ရေးအရှိန်လျှော့ချဖို့ သ ဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကတော့ ကချင်နဲ့မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုကနေ ပူးပွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့တဲ့အပေါ် ကြိုဆိုလိုက်ပြီး ကချင်ပြည်နယ်မှာ စစ်မှန်တဲ့ ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရအောင် ဆက်လက် ကြိုးပမ်းအားထုတ်ဖို့ မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

No comments: