Tuesday, February 19, 2013

နိုင်ငံသားအဖြစ် အသိအမှတ်ပြုသော်လည်း နိုင်ငံတော် အလံကို အလေးပြုနိုင်မည် မဟုတ်

နိရဉ္စရာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေကို ရောက်ရှိနေတဲ့ ရခိုင်အရေး စုံစမ်းရေး ကော်မရှင် အတွင်း ရေးမှူး ဒေါက်တာ ကျော်ရင်လိုင်ကို မွတ်ဆလင်ခေါင်းဆောင် တချို့က နိုင်ငံသား အဖြစ်အသိ အမှတ်ပြုသော် လည်း မြန်မာ နိုင်ငံတော် အလံကို အလေးပြုနိုင်မှာ မဟုတ်ဘူးလို့ ပြော ဆို လိုက်တယ်လို့ သိရပါတယ်။

ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က စစ်တွေမြို့မှာ ရခိုင်နဲ့ မွတ်ဆလင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ စဉ်မှာ ဒေါက်တာ ကျော်ရင်လိုင်က “ နိုင်ငံသား အဖြစ် အသိအမှတ်ပြုရင် နိုင်ငံတော်အလံကို အလေးပြုနိုင်မှာ လား” မေးတော့ မွတ်ဆလင် ခေါင်းဆောင်တချို့က “ အလေးပြုဖို့ မဖြစ်နိုင် ဘူး” လို့ ဖြေဆိုတယ်လို့ တွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ ဦးသန်းထွန်းက ပြောပါ တယ်။

ဦးသန်းထွန်းက ဒေါက်တာ ကျော်ရင်လိုင်နဲ့ ရခိုင်နဲ့ မွတ်ဆလင် ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ပုံ အသေးစိတ်ကို ခုလို ပြောပြပါတယ်။

“ တွေဆုံ ဆွေးနွေးပွဲ မဟုတ်ပါ။ နှစ်ဘက်စလုံးက လူတွေကို မေးခွန်းလေးတွေကို မေးတဲ့ အဆင့်ပါဘဲ။ သူက ဘာပြောလဲ ဆိုတော့။ အဲဒီမွတ် ဆလင်တွေကို ဘာမေးလဲ ဆိုတော့ ခင်ဗျားတို့ဟာ လူမျိုးနာမည်ကို ဂရုမစိုက်ဘဲနဲ့ နိုင်ငံသား အဖြစ်ကို ရမယ်ဆိုရင် ယူမလား။ ဒါမှမဟုတ် ဘူး၊ ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုဘဲ လိုချင်သလား။ အဲဒီ မေးခွန်းနှစ်ခုကို ကျေးဇူးပြုပြီး ပြတ် ပြတ်သားသား ခဏ ဖြေပေးကြပါဆိုပြီး မေး တယ်။”

“ အဲဒီ တက်ရောက်လာတဲ့ မွတ်ဆလင် အုပ်စုကတော့ ၁၅ ယောက်လောက် ရှိတယ်။ အဲဒီအထဲမှာ သူတို့အချင်းချင်း သဘောထား ညီညွှတ်မူ မရှိကြဘူး။ အတော်များ များကတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို အသုံးပြုချင်ကြတဲ့ အဖြေမျိုးကို ပေးကြတယ်။ နောက် တချို့ကျတော့လည်း သူတို့ဟာ မွေးရာပါ နိုင်ငံသား အဖြစ်ကို လိုချင်ကြတယ်လို့ ပြောဆိုတဲ့သူတွေလည်း ရှိ တယ်။ အဲဒီမှာ ထူးထူးခြားခြား တစ်ယောက်က ပြော တာရှိတယ်။ ရိုဟင်ဂျာဆိုတာ အထက်က ပြောခိုင်းလို့ ပြောရတာပါလို့ ဖြေတာလည်း ရှိတယ်။”

“ ဒေါက်တာ ကျော်ရင်လိုင်က နောက်ထပ် မေးးခွန်း တစ်ခုမေးတယ်။ ခင်ဗျား တို့ဟာ အကယ်၍ ဥပဒေကြောင်းအရ မြန်မာနိုင်ငံသားတွေဖြစ် လာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံ တော် အလံကို အလေးပြုနိုင်ပါမလားလို့ မေးတယ်။”

“ အဲဒါကို တက်ရောက်လာသူ အများစုက ဘာဖြေလဲ ဆိုတော့ သူတို့ဘာာသာရေး အရ နိုင်ငံတော် အလံကို အလေးပြုဖို့ မဖြစ်နိုင်ဘူးလို့ဖြေ တယ်။ အဲဒီမှာ ဗလီ ဆရာ တစ်ဦးလည်း ပါတယ်။ အဲဒီ ဗလီ ဆရာတစ်ယောက် အလေးပြုမယ် ဆိုရင် ဗမာတွေ အလေးပြုသလို မပြုနိုင်ဘူးလို့ ပြောတယ်။”

” အဲဒါက မွတ်ဆလင်ဘက်ကို အဓိက မေးတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။”

“ အဲဒီနောက်မှာ ရခိုင်တွေဘက်ကို မေးတယ်။ ဘယ်လိုမေးလဲဆိုတော့ အကယ်၍ ဒီဥပဒေအရ နိုင်ငံသားဖြစ်လာမယ့် မွတ်ဆလင်တွေနဲ့ အ တူ ယှဉ်တွဲနေထိုင်ဖို့ဆိုတာ ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းကို မေးတယ်။”

“ ရခိုင်တွေဘက်က ဘာပြောလဲဆိုတော့ ဒီမွတ်ဆလင်တွေဟာ အပြောအဆို အနေအထိုင် အကျင့် အကြံတွေကို မပြင်နိုင်သမျှ ကာလပတ် လုံး ရခိုင်တွေနဲ့ အတူယှဉ် တွဲ နေထိုင်ရေးဆိုတာ မဖြစ်နိုင်ဘူးလို့ ပြန်ဖြေကြပါတယ်။”

” ရခိုင်ဘက်ကတော့ ၁၁ ဦး၊ မွတ်ဆလင်ဘက်က ၁၅ ဦး တက်ရောက်ပြီး ဒေါက်တာ ကျော်ရင်လိုင်က တစ်ဦးတည်းဘဲ ဖြစ်တယ်″ လို့ ဦး သန်း ထွန်းက ပြောပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ပိုမို သိရှိနိုင်အောင် နိရဉ္စရာက ဒေါက်တာ ကျော်ရင်လိုင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရရှိခဲ့ပါ။ အမျိုးသမီး တစ်ဦးကတော့ ဒေါက်တာ ကျော်ရင်လိုင် အစည်းအဝေး ခန်းမထဲ ရောက်နေတဲ့ အတွက် နောက်မှ မေးပါ ဆိုပြီး ဖုံးချသွားခဲ့ပါတယ်။

No comments: